top of page
Search

အဝင်ပေါက်တွေ ဖန်တီးတဲ့ စိတ်ဓာတ်

  • May 28
  • 2 min read

Green leaves with white patterns fill the image. Text is overlaid in the lower section, and "Mon Halsey" is at the top.

လွန်ခဲ့တဲ့ ခြောက်နှစ် ခုနှစ်နှစ်လောက်က ခွေးလေး ကြောင်လေးတွေ ကယ်ဆယ်ထားတဲ့ ဂေဟာတစ်ခုက လူတစ်ယောက်နဲ့ စကားပြောခဲ့ဖူးတယ်။ သူပြောပြတဲ့အကြောင်းလေးက အတော်စိတ်ဝင်စားစရာပါပဲ။

တိရိစ္ဆာန်ချစ်တတ်တဲ့သူဆိုတော့ ကိုယ့်အိမ်က ခွေးလေးကြောင်လေးတွေအပြင် ဘေးက လမ်းပေါ်က ခွေးလေး ကြောင်လေးတွေကိုပါ ခေါ်ကျွေးရင်း မွေးရင်းနဲ့ ဒုက္ခရောက်နေတဲ့ခွေးတွေ သူ့ဆီ ရောက် ရောက်လာတယ်။ သူ့ဆီ လာပို့ကြတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ ဂေဟာကြီးတစ်ခု ဖြစ်လာတာပါပဲ လို့ဆိုတယ်။

ပြောချင်တာကတော့ အရမ်းငွေကြေးချမ်းသာတဲ့အတွက် ဒီလိုအလုပ်တွေလုပ်နိုင်ခဲ့တာမဟုတ်ဘူး။

သူ့ဆီမှာပြည့်စုံကြွယ်ဝတာက စိတ်စေတနာပဲ ဖြစ်တယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Abundance Mentality ပါပဲ။

အခု စဥ်းစားမိတော့ လုပ်နိုင်တယ်ဆိုတဲ့စိတ်ကြောင့် တကယ်လုပ်ဖြစ်သွားတဲ့အခြေအနေကို ရောက်လာတာလို့ မြင်မိတယ်။

ကျွန်မအိမ်မှာတော့ အိမ်မွေးခွေးလေး သုံးကောင်အပြင် လမ်းပေါ်က နှစ်ကောင်ကိုပါ နေ့စဥ် အစာကျွေးပါတယ်။

ကျွန်မတို့လမ်းထဲမှာ ခွေးတွေလည်း အများကြီး မရှိကြပါဘူး။ အိမ်နား ရောက်လာတတ်တဲ့ လမ်းခွေးမျိုးဆက်ကလေးကို သံယောဇဥ်ဖြစ်ပြီး ဆက်ကျွေးမွေးဖြစ်နေတာပါပဲ။

ခွေးအဖွားကျွေးနေရာကနေ ခွေးအမေဆက်ကျွေးဖြစ်တယ်။ ခွေးအမေကျွေးရာကနေ ခွေးသားလေးကို ဆက်ကျွေးဖြစ်တာမျိုးပါ။ လမ်းခွေးတို့ရဲ့ ထုံးစံ သက်ဆိုးမရှည်ကြတော့ တစ်ကောင်နှစ်ကောင်ထက်ပိုလာတယ်လည်း မရှိပါဘူး။

ကျွန်မက တစ်ခါတလေ မေ့ပြီး ထမင်းတွေ ပိုချက်မိရင် အိမ်က မီးဖိုချောင်ဘုရင်မတွေက ဆန်ကုန်တယ်၊ ဝယ်ထားတာ မကြာသေးဘူး။ လမ်းခွေးတွေကို ပိုမှကျွေးပေါ့။ သက်သက်တော့ ချက်မကျွေးနိုင်ပါဘူးပြောတဲ့အခါ ကျွန်မက တစ်နေ့ ဆန်တစ်လုံးလောက်ပိုချက်လိုက်ရလို့ မွဲပြာကျသွားမဲ့ အိမ်လည်း မဟုတ်ပါဘူး။ ဆန်နို့ဆီဗူးတစ်လုံးက ရာဂဏန်းထက်လည်း ပိုမတန်ပါဘူး။ ဘာကို ကြောက်ရွံ့တွန့်တိုနေကြတာလဲ။ မရှိဘူးတွေ မလောက်ဘူးတွေ ကုန်တော့မယ်တွေ မပြောကြပါနဲ့လို့ ပြောရပါတယ်။

မလိုအပ်ဘဲ ကုပ်ကပ်နေတာမျိုးတွေက တစ်ခါတရံမှာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။

Law of Attraction ဆိုတာ အဲလိုတိုတောင်းတဲ့ Lack Mentality တွေနဲ့ဆို ဘယ်တော့မှ အလုပ်မဖြစ်ပါဘူး။

ငွေကြေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံက စွမ်းအင်ပညာရှင် စာရေးဆရာမတစ်ဦးရေးထားတဲ့စာထဲမှာ

I cannot afford that.

I don't have enough money to buy that.

ငါ မတတ်နိုင်ဘူး။

ဒါအတွက်တော့ ငါ့မှာ ဝယ်ဖို့မလောက်ဘူး။

ဒါကိုတော့ ငါမဝယ်နိုင်ဘူးလို့ ဘယ်တော့မှ မပြောရဘူးလို့ဆိုပါတယ်။

မရှိဘူး၊ မလောက်ဘူး၊ မဝယ်နိုင်ဘူးအစား ငါ ဒါကိုနောက်တော့ပြန်လာဝယ်မယ်။ ငါ ဝယ်နိုင်ပါတယ် စသည်ဖြင့် ပြောရမယ်လို့ဆိုပါတယ်။

ကျွန်မက သူ့စာဖတ်ရင်း ခုချိန် မားစီးဒီးစ်ကားကြီး တစ်စင်းရှေ့က ဖြတ်သွားရင်တော့ ကျွန်မသည် "ဟယ်..ငါမဝယ်နိုင်ပါဘူး" လို့ ရိုးသားစွာ ပြောမိမှာပါပဲ။

ငါ ဝယ်ဦးမှာ၊ ငါဝယ်နိုင်တယ်တော့ပြောမှာမဟုတ်ဘူး လို့ တွေးမိပါတယ်။

သူပြောသလောက် ကျွန်မ လက်ခံနိုင်ဖို့ ခဲယဥ်းပေမဲ့ ဆိုလိုတဲ့ အဓိပ္ပါယ်ကိုတော့ ရိပ်စားမိပါတယ်။ သူက Law of Attraction နဲ့ အလုပ်လုပ်တဲ့သူမို့ ဒီနိယာမရဲ့ သဘောတရားအရ ပျော်တာတွေ ကောင်းတာတွေ ချမ်းသာတာတွေနဲ့ အကောင်းတွေကိုချည်း ဆွဲငင်ယူဖို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီလို မဝယ်နိုင်ဘူး၊ မရနိုင်ဘူး၊ မရှိဘူး၊ မလောက်ဘူးဆိုတာတွေက Self-Sabotage တွေ Limiting Beliefs တွေ လို့ ဆိုကြတယ်။ ကိုယ့်ကိုယ်ကိုယ် မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူးလို့ တားဆီးကန့်သတ်ထားတဲ့ အတွေးတွေပေါ့လေ။

လူအများစုမှာ ကိုယ်က ငမွဲလေ၊ ကိုယ့်မှာ သိပ်ရှိတာမဟုတ်ဘူး၊ ရှိတဲ့ထဲလေးကပဲ ရှာကြံပြီး ကိုယ့်အတွက် ဘာမှ မကျန်ပါဘူးဆိုတဲ့ Lack Mentality တွေ အများကြီးရှိနေတတ်ကြတယ်။

(Lack Mentality ထဲမှာ ဘုရားဆွမ်းတော်ကပ်ရင်တောင် သကြားခဲလေးတွေ မုန့်ပဲလှော်လေးတွေနဲ့ ကပ်တာမျိုးလည်းပါတယ်။ ဘုရားလည်း တကယ် ဘုန်းမပေးဘူး။ ရည်စူးပြီး ဦးဦးဖျားဖျားကပ်တာတောင် စေတနာမပါတာမျိုးရှိတယ်။ ဒါက စကားစပ်လို့ပြောပြတာပါ။)

ကိုယ့်မှာ မရှိဘူးဆိုတဲ့စိတ်က အရာရာကို ကုပ်ကပ်နေစေတယ်။ ကုပ်ကပ်လေ ပိုကျပ်လေပဲ။

ဟာ ငါက လူဘယ်နှစ်ယောက်နဲ့ သူတို့မိသားစုတွေကို ထမင်းကျွေးထားနိုင်တယ်။ အလုပ်ပေးထားနိုင်တယ်။ အခု ငါပေးလိုက်တဲ့ ပိုက်ဆံလေးနဲ့ စျေးသည်လေးတော့ အဆင်ပြေသွားပြီ ပျော်သွားပြီ လမ်းခွေးလေးတွေကို ငါ အစာကျွေးနိုင်တယ် စသည်ဖြင့် စိတ်ကို Mindset ကို ပြောင်းကြည့်လိုက်ပါ။ Expand လုပ် ချဲ့ထွင်ကြည့်ပါ။ ငါလုပ်နိုင်တယ်။ ပေးနိုင်ပါတယ်ဆိုတဲ့စိတ်က ခွန်အားတွေ ဖြစ်လာပါလိမ့်မယ်။

သူငယ်ချင်းတစ်ယောက်ကတော့ သူ့အမျိုးသား ဆေးကုဖို့ ဖြစ်လာတယ်။ တကယ် အသက်ဆက်တဲ့ဆေးက တစ်လကို သိန်းဆယ်ချီပြီးသုံးရတယ်တဲ့ တခြားဆေးမပါသေးဘူး။

အဲဒီဆေးဝယ်သောက်ရတဲ့လကစပြီး သူဟာ ပိုက်ဆံတွေဝင်တာ ဒလဟောပါပဲ။ သူ့အမျိုးသားရဲ့ ကုသိုလ်ကံလည်း ပါပါလိမ့်မယ်။ နောက်တစ်ခုက သူ့ရဲ့ Abundance Mindset ပါ။

ဒီလိုဖြစ်လာတော့ အကောင်းဆုံးကုပေးမယ်လို့ စိတ်က ရည်သန်လိုက်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုရင် from this day forward, for better, for worse, for richer, for poorer, in sickness or in health, to love and to cherish till death do us part'. လို့ ဘုရားရှေ့မှာ သစ္စာဆိုပြီးလက်ထပ်ခဲ့တဲ့ ခင်ပွန်းမို့လို့ပါပဲတဲ့။

သူသာ ဒီရောဂါမျိုးဖြစ်ပြီး ဒီဆေးသောက်ရမယ်ဆိုရင်လည်း သူ့ခင်ပွန်းက အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကုပေးမဲ့သူဆိုတာ သူယုံတယ်တဲ့။

သူလုပ်နိုင်တယ်ဆိုတဲ့ စိတ်ကြောင့်ပဲ တကယ် လုပ်နိုင်တဲ့သူ ဖြစ်ခဲ့ရတာပဲလို့ မြင်မိပါတယ်။ ဆေးဝယ်နိုင်ဖို့ အထောက်အပံ့တွေ ခွန်အားတွေ ဖန်တီးပေါ်ပေါက်လာတယ်။

တစ်နေ့က Facebook မှာပဲ စာလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ "ပေးချင်ကမ်းချင်သော စိတ်ကြောင့်ပင် ပေးနိုင်ကျွေးနိုင်သော ဘဝကိုရောက်လိမ့်မည်" တဲ့။

ဒီစကားရပ်လေးကို သဘောကျမိပါတယ်။ အမှန်ပါပဲ လုပ်နိုင်တယ်လို့ စိတ်ညွတ်လိုက်တာနဲ့ လုပ်နိုင်ဖို့အတွက် အကြောင်းတရားတွေ အထောက်အပံ့တွေ စွမ်းအားတွေဟာ ပေါ်ပေါက်လာတတ်ပါတယ်။

ဒါဟာ Law of Attraction ဆွဲငင်ခြင်းရဲ့ နိယာမပဲ ဖြစ်ပါတယ်။

Universe ရဲ့ နိယာမတွေထဲမှာ စိတ်စွမ်းအင်ကို အသုံးပြုပြီး ပြည့်စုံကြွယ်ဝတဲ့ ဘဝတွေ ဘယ်လိုရနိုင်သလဲဆိုတာ သိသူဖော်စား မသိသူကျော်သွားတွေ ဖြစ်နေကြပါပြီ။

ဒီစာတွေက ရည်ရွယ်မထားဘဲ ရေးနေမိတာပါ။ အစတစ်ခု ဆွဲထုတ်လိုက်မိရင် မဆုံးနိုင်တော့သလိုပါပဲ။

ဖတ်မိသူတွေအနေနဲ့ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

မွန်ဟော်စီ

၂၀၂၂

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page