လက်ခံတတ်ခြင်းက စိတ်ကို အေးချမ်းစေတယ်
- Oct 2
- 1 min read

ဒီရက်ပိုင်းမှာ မိုးအတော်ရွာတယ်။
ကျွန်မက မိုးရာသီမှာမွေးပေမဲ့ ငယ်ငယ်ကလေးကတည်းက မိုးတွင်းကိုသိပ်မုန်းတယ်။ ကိုယ့်မွေးနေ့တိုင်း မိုးရွာတယ်။ အချစ်ဆုံးခွေးက မိုးရွာတဲ့ မွေးနေ့မှာ သေတယ်။
ကျောင်းက မိုးတွင်းမှာဖွင့်တယ်။ ကျောင်းမသွားချင်တဲ့ ကျွန်မက မိုးရွာတဲ့နေ့ဆိုရင် စိတ်မကြည်မလင်နဲ့ အိမ်မှာအမေကို ပြဿနာရှာတတ်တယ်။ မိုးရွာတာကို လုံးဝ မကြိုက်တာပါ။
အဲဒီတော့ မိုးရွာပြီဆိုရင် ကျွန်မကမိုးရွာနေပြီ။ ဘာဖြစ်လို့ရွာနေတာလဲမသိဘူး။ ဘယ်မှာမုန်တိုင်းရှိတာလဲ။ မိုးမကုန်သေးဘူးလား။ ယောကျာ်းရေ မိုးလေဝသက ဘာပြောသေးလဲ။အတော်လွန်နေပြီ မခံစားနိုင်တော့ဘူး။
ခေါင်းတွေကိုက်တာ သေတော့မယ်။ စိတ်ပျက်စရာကြီး စသည်ဖြင့် ပွားတတ်ပါတယ်။
ကျွန်မယောကျာ်းကတော့ မိုးရွာနေပြီလို့ ကျွန်မပြောလာရင် ဟုတ်တယ် မိုးရွာနေပြီ မိုးတွင်းလေဆိုတာလောက်နဲ့ပဲပြီးသွားတတ်တယ်။
သူက ကျွန်မကိုပြောလေ့ရှိတယ်။ ကျွန်မက ကိုယ့်စိတ်နဲ့ အဆင်မပြေဘူးဆိုရင် အဲဒါဟာ ကိုယ့်ပြဿနာပဲလို့ Personalized လုပ်ပစ်လိုက်တာပဲတဲ့။
မိုးရွာတာ ဘယ်လိုလုပ်တတ်နိုင်မှာလဲ။ အတင်းသွားဆွဲ တိတ်ပေးလို့ရသလားလို့ ပြန်မေးတတ်ပါတယ်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။
ကျွန်မအတွက်က တစ်ခုခုကို မကြိုက်တော့ဘူးဆိုတာနဲ့ အဲဒါဟာ ကိုယ်ပိုင်ပြဿနာတစ်ခု ဖြစ်သွားတတ်တယ်။ ပြဿနာတစ်ခုအဖြစ် ဆွဲခေါ် ဖန်တီးလိုက်တယ်။ မိုးရွာတာကို မကြိုက်တာနဲ့ ဒီမိုးဟာ ကိုယ်တစ်ယောက်တည်းအပေါ် ကွက်ရွာနေသလို ခံစားပစ်လိုက်တယ်။
သူက ကျွန်မကို Acceptance ဆိုတာကို တကယ်တော့ နားမလည်သေးဘူးကိုး။ အသေးအဖွဲကိစ္စကလေးတွေမှာတောင်မှ ဒီလိုဘဝရဲ့ အခြေခံ Basic Life Concept တွေကို Apply လုပ်နိုင်မှ တကယ် နားလည်တယ်လို့ပြောရမယ်လို့ ဆိုပါတယ်။
မီးပွိုင့်မိနေပြီ အလုပ်တွေ နောက်ကျနိုင်တယ်ဆိုတာကို လက်မခံနိုင်ရင် ဒေါသတွေထွက်လာမှာပါပဲ။ ဟွန်းတွေတီးမိမယ်။ ဘေးက ကားကိုဆဲချင်လာမယ်။ ကားကို မြန်မြန်မောင်းတော့မယ်။
မီးပွိုင့်မိနေပြီ နောက်ကျတော့မယ်ဆိုတာကို လက်ခံလိုက်ပြီဆိုရင် အဲဒီအချိန်မှာ ဘုရားစာရွတ်နေမလား၊ ဖုန်းဆက်စရာရှိတာဆက်မလား၊ နားထောင်စရာတွေ နားထောင်နေမလားဆိုတဲ့ အဖြေလေးတွေ ပေါ်လာတတ်ပါတယ်။
နေ့စဥ် ဒီလို အသေးအဖွဲ မကျေနပ်စရာတွေ ကျွန်မတို့ ကြုံဆုံရလေ့ရှိပါတယ်။
ကိုယ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခြေအနေတစ်ခုကို အရှိတိုင်း လက်ခံပြီး ဒီအခြေအနေပေါ်မှာ အလိုက်သင့် နေထိုင်ပြုမူဆောင်ရွက်နိုင်တာ အဖြေတစ်ခုကို ရှာနိုင်တာ ကိုယ်ထိန်းချုပ်ပြုပြင်လို့မရတဲ့အရာတွေအတွက် ကိုယ်ကိုယ်တိုင် စိတ်နှစ်ပြီး မခံစားတာဟာ လက်ခံတတ်ခြင်း Acceptance ကြောင့် ဖြစ်ပါတယ်။
ကျွန်မအမျိုးသားက အခုနောက်ပိုင်းတော့ စိတ်ပိုင်းဆိုင်ရာအရ ပိုပြီး တည်တည်ငြိမ်ငြိမ် နေတတ်လာပါတယ်။
အခုဆိုရင် သူ့ကိုယ်ထဲမှာ ရောဂါတစ်ခုရှိနေပါတယ်။ ဒါကို ကြိုက်သလားဆိုရင် သူမကြိုက်ဘူးတဲ့။
မဖြစ်ချင်ဘူးလို့ပဲပြောရမှာပဲ။ ဒါပေမဲ့ ဖြစ်လာတာကို သူလက်ခံလိုက်တယ်။ အဲဒီအတွက် ငြင်းဆိုနေတာတွေ ဒေါသတွေ မကျေနပ်တာတွေ စတဲ့ စိတ်ရဲ့ပြဿနာတွေ အကုန်လုံးကို လက်ခံလိုက်ခြင်း Acceptance ဆိုတဲ့အဖြေတစ်ခု သုံးပြီး ဖြေရှင်းလိုက်ပါတယ်တဲ့။
Acceptance is the answer to all my problems today.
လို့ သူကပြောတယ်။ ဒါမျိုးပြောပေးတဲ့အတွက် သူ့ကို ကျေးဇူးတင်မိပါတယ်။
ဒါကြောင့် ကိုယ်မကြိုက်ပေမဲ့လည်း အဲဒီတစ်စုံတစ်ရာရဲ့ ဖြစ်တည်မှု အခြေအနေမှန် Reality ကို လက်ခံလိုက်ပြီဆိုတာနဲ့ ကျွန်မတို့က Healing ဖြစ်သွားတတ်ပါတယ်။ စိတ်က စတင်ကုစားလာပါပြီ နောက်အဆင့်တစ်ခုအတွက် အဆင်သင့် ပြင်လာတတ်ပါတယ်။ ဘာလုပ်မလဲဆိုတဲ့ အဖြေကိုရှာတတ်လာကြပါတယ်။
Acceptance လုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်ခွင့် Freeing Habit ပေးလိုက်တာလည်း ဖြစ်ပါသတဲ့။ စိုးရိမ်ပူပန်မှုတွေ Anxiety, စိတ်ဖိစီးမှုတွေ Stress, စိတ်ဓာတ်ကျတာတွေ Depression တွေအကုန်လုံးဟာ Acceptance လုပ်လိုက်ပြီဆိုတာနဲ့ ဘဝကြီးနဲ့ ရန်ဖြစ်မနေတော့ဘဲ ငြိမ်းချမ်းရေး ယူပြီးသား ဖြစ်သွားတတ်ပါတယ်။
ဘာဆက်လုပ်ရမလဲဆိုတဲ့ အဖြေဟာ Acceptance ရမှပဲ ပေါ်လာတတ်တယ်။ လက်မခံနိုင်သရွေ့ ကျွန်မတို့က ပြဿနာနဲ့နေကြတာဖြစ်တယ်။ လက်ခံလိုက်တာနဲ့ အဖြေကိုတွေ့သွားပါတယ်။
Acceptance is the answer to all our problems today.
ဒီနေ့ ဖြစ်နေတဲ့ ဘဝပြဿနာအားလုံးရဲ့ အဖြေဟာ လက်ခံလိုက်ခြင်းမှာ ရှိနေပါတယ်။
မွန်ဟော်စီ
စက်တင်ဘာ ၂၀၂၁



Comments