top of page
Search

တောင်းပန်ဖို့အချိန်မစောင့်နဲ့

  • Jun 13, 2025
  • 1 min read
A hand holds a sparker against a dusky sky. The text "MON HALSEY" and Myanmar script overlay the image, creating a serene mood.

ဘဝမှာ တစ်စုံတစ်ယောက်က ကိုယ့်အပေါ်မှာ အမှားလုပ်မိတာတွေရှိသလို ကိုယ်ကလည်း သူများအပေါ်မှာ အမှားလုပ်မိတာတွေရှိတတ်ပါတယ်။ ကိုယ့်ဘက်ကမှားသွားပြီ၊ လွန်သွားပြီ၊ စည်းကျော်မိပြီဆိုတာကိုသိရင် တောင်းပန်ဖို့လိုတယ်။


တောင်းပန်တယ်ဆိုတဲ့ကိစ္စမှာ ဘယ်အချိန်ရောက်မှတောင်းပန်မယ်။ ဘယ်နှစ်ခုနှစ်ရောက်မှတောင်းပန်မယ်။ ဘယ်လိုအခြေအနေမျိုးရောက်မှ တောင်းပန်မယ်ဆိုပြီး အစစအရာရာ အဆင်သင့်ဖြစ်နေတဲ့အချိန်မျိုးကို စောင့်နေဖို့မလိုဘူး။ ကိုယ်ကမှားတယ်လို့သိတယ်။ တောင်းပန်ဖို့လိုတယ်လို့ ခံစားရရင် ချက်ချင်းတောင်းပန်ဖို့လိုတယ်။


ကျွန်မဘဝမှာ တောင်းပန်ဖို့ကို အချိန်စောင့်လိုက်တဲ့အတွက်ကြောင့်မို့လို့ ဘယ်တော့မှ တောင်းပန်ဖို့ အခွင့်အရေးမရတော့တဲ့အခြေအနေတစ်ခုကို ကြုံခဲ့ရတယ်။(အဲဒီအကြောင်းကိုတော့ Weekend Talk မှာပြောပြထားပါတယ်။) အခုနောက်ပိုင်းမှာ ကျွန်မတောင်းပန်ဖို့ဆိုရင် တစ်လလည်းမစောင့်ဘူး။ တစ်နှစ်လည်းမစောင့်ဘူး။ စောင့်နေတဲ့အချိန်မှာသူလည်း သေသေားနိုင်တယ်။ ကိုယ်လည်း6သသွားနိုင်တယ်။


တောင်းပန်ခြင်းတွေထဲမှာ ဖြေရှင်းခြင်းတွေလည်းပါတယ်။ ဒါပေမဲ့ တောင်းပန်တယ်ဆိုတဲ့နေရာမှာ Accountability ဆိုတဲ့ တာဝန်ယူမှုရှိရတယ်။ ကိုယ်လုပ်မိတယ်ဆိုရင်လည်း ဘာကြောင့်

လုပ်မိတယ်ဆိုတဲ့အကြောင်းကို သေသေချောချာရှင်းလင်းပြောပြရမယ်။ မလုပ်မိဘူးဆိုရင်လည်း မလုပ်မိတဲ့အကြောင်းကို သေသေချာချာရှင်းလင်းပြောပြရမယ်။ ဒါဟာ အထင်လွဲမှုတွေ နားလည်မှုတွေဖြစ်သွားတဲ့အတွက် တာဝန်ယူမှုအပြည့်နဲ့ တောင်းပန်လိုက်တာပဲ။


တချို့က ကိုယ်ကလည်းအမှားလုပ်တယ်။ ဒါပေမဲ့ အဲဒီအတွက် တောင်းပန်ရတယ်ဆိုတာက ကိုယ့်စိတ်ထဲမှာရှိနေတဲ့နောင်တနဲ့ Emotional Burden ကို လျော့ပါးသွားစေချင်ရုံသက်သက် ဖြစ်တတ်တယ်။ တကယ်တမ်းမှာ တာဝန်ယူမှု အပြည့်အဝနဲ့တောင်းပန်တာမျိုးမဟုတ်ဘူး။


တောင်းပန်တယ်ဆိုတဲ့နေရာမှာ အလယ်ကတစ်ယောက်ကို ကြားမှာထားပြီး တောင်းပန်လို့မရဘူး။ တောင်းပန်တယ်လို့ပြောပေးပါနော်ဆိုတာမျိုးဟာ လေးစားမှုမပါဘူး။ သာမန်ကိစ္စတွေမှာ ဒီလိုပြောလိုက်လို့ရပေမယ့် ဘဝနဲ့ချီပြီးအဆုံးအဖြတ်ပေးသွားတဲ့ကိစ္စတွေမှာ အဝေးကနေလှမ်းပြီး တစ်ယောက်ယောက်

ကိုကြားခံထား တောင်းပန်တယ်လို့ ပြောပေးပါဆိုတာမျိုးက အကျုံးမဝင်ဘူး။


ခွင့်လွှတ်တယ်ဆိုတာလည်း ဒီသဘောအတိုင်းပဲ။ တချို့ကိစ္စတွေဟာ မျက်နှာချင်းဆိုင်တွေ့ပြီး တောင်းပန်တယ်၊ ကျေအေးတယ်၊ ခွင့်လွှတ်တယ်ဆိုတာမျိုးတွေလုပ်မှ ဘဝမှာ တစ်သက်လုံး အဲဒီကိစ္စနဲ့ပတ်သက်ပြီး လိပ်ပြာလုံစွာ နှစ်ဦးနှစ်ဖက်ရှင်သန်နိုင်တာမျိုးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် မတောင်းပန်ဘဲနဲ့ တစ်ယောက်ယောက်များ

6သသွားခဲ့လို့ရှိရင် ကိုယ်လည်း ဘယ်လိုမှဖြေသာနိုင်မှာမဟုတ်ဘူး။ တစ်ဖက်မှာလည်း အဲဒီစိတ်အစွဲနဲ့ ထွက်ခွာသွားရတယ်ဆိုရင် သူ့အတွက်လည်းမကောင်းဘူး။


တောင်းပန်တာကို အကြာကြီးစောင့်နေတဲ့အတွက် ဘာတွေဖြစ်သွားသလဲဆိုရင် နှစ်ဦးနှစ်ဘက်ရဲ့ကြားထဲမှာ တောင်ကြီးတွေခြားသွားသလို Emotional distance ဖြစ်လာတယ်။ ပိုပြီးအေးစက်သွားတယ်။ မာကျောသွားတယ်။ တဖြည်းဖြည်းပိုပြီးနာကျင်လာရတယ်။ သွေးအေးသွားတယ်။ ကြာတော့မှ ဒီကိစ္စကို ပြန်လာပြောရင် အနာကိုပြန်ဆွသလိုဖြစ်တယ်။ ပြန်မကြားချင်တော့ဘူး။ လက်မခံချင်တော့ဘူး။ ဆက်ဆံရေးတစ်ခုပြိုကွဲသွားတာပဲ။ အဲဒီအချိန်မှာမှပြန်စဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။


တောင်းပန်မှု ဖြေရှင်းမှုတွေကိုမပြုလုပ်နိုင်ဘူးဆိုရင် အရာရာနောက်ကျသွားတတ်တယ်။ တစ်ဘဝလုံးနောက်ကျသွားတတ်တယ်။ တောင်းပန်လိုက်တယ်ဆိုတာ စကားလုံးတွေမျှသာမဟုတ်ဘူး။ လူတွေရဲ့နှလုံးသားတွေကို ဆက်သွယ်ပေါင်းကူးပေးလိုက်တဲ့ တံတားတွေလည်းဖြစ်တတ်ကြတယ်။ ဒါပေမဲ့ အဲဒီတံတားတွေကို တည်ဆောက်တဲ့အခါမှာ ဂရုစိုက်မှုနဲ့တည်ဆောက်တတ်ရတယ်။


တစ်ဖက်က ခွင့်လွှတ်သည်ဖြစ်စေ၊ မခွင့်လွှတ်သည်ဖြစ်စေ ကိုယ်က ကိုယ်လုပ်တဲ့အရာကို တောင်းပန်လိုက်တယ်။ ဖြေရှင်းခွင့်ရလိုက်တဲ့အတွက်ကြောင့် တစ်ဘဝလုံးလိပ်ပြာလုံပါတယ်။ ဂုဏ်သိက္ခာရှိစွာ ထွက်ခွာလာနိုင်တာဖြစ်ပါတယ်။


ဘာဖြစ်လို့လဲဆိုရင် စစ်မှန်တဲ့တောင်းပန်မှုကို ပြုလုပ်တယ်ဆိုတာဟာ စကားလုံးတွေချည်းသက်သက်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်တဲ့သတ္တိပါဝင်တယ်။ ကိုယ်မှားသွားတယ်ဆိုတာကို ဝန်ခံနိုင်တဲ့ ရိုကျိုးမှု နှိမ့်ချမှုတွေပါဝင်တယ်။ နာကျင်မူတွေကိုကုစားပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေပါဝင်တယ်။ဒါကြောင့် တကယ်စစ်မှန်တဲ့တောင်းပန်မှုမျိုးကို လူတိုင်းမလုပ်နိုင်ကြပါဘူး။


“A sincere apology is not just words — it is the courage to take responsibility, the humility to admit you were wrong, and the love to heal what was hurt.”


ဘဝမှာ ကိုယ့်အတွက်အရေးပါတဲ့သူတစ်ယောက် ၊ကိုယ်အဆုံးရှုံးမခံနိုင်တဲ့သူတစ်ယောက်၊ကိုယ်ချစ်ရတဲ့သူတစ်ယောက်အပေါ်မှာ နာကျင်စေခဲ့မိပြီဆိုရင် တောင်းပန်ဖို့ ဘယ်တော့မှအချိန်မစောင့်ပါနဲ့။


မွန်ဟော်စီ

၂၀၂၅

 
 
 

Comments


  • Facebook
  • Youtube
bottom of page