top of page
Search

လူ့အတ္တနဲ့ ကာကွယ်မှုရဲ့ အဓိပ္ပါယ်

  • Oct 2
  • 2 min read
Red cottage amid vibrant wildflowers and lush trees, with text "MON HALSEY" and "Inner Conflict" in serene countryside setting.

လမ်းသွားရင်း လူနှစ်ယောက်ရန်ဖြစ်နေတာကိုတွေ့တဲ့အခါ ရပ်ပြီးကြည့်မိတတ်ကြပါတယ်။ ကိုယ့်ရဲ့ရပ်ကွက်ထဲမှာ၊ လမ်းထဲမှာ၊ အိမ်နီးနားချင်း အိမ်တစ်အိမ်က ရန်ဖြစ်နေတယ်ဆိုရင်လည်း နားစွင့်မိတတ်ကြပါတယ်။


အခုခေတ်မှာတော့ ပွဲကြည့်တယ်လို့ပြောကြပြီး ကိုယ်နဲ့မဆိုင်တဲ့သူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ အတင်းအဖျင်းချတာတွေကို အွန်လိုင်းမှာ ဖောဖောသီသီနဲ့ ကြည့်ကြတယ်၊ မျှဝေကြတယ်၊ ဖောက်သည်ချကြတယ်၊ အောက်မှာဝင်ရေးကြတယ်။


ပွဲရှာတယ်၊ ပွဲကြည့်တယ်ဆိုတာက အွန်လိုင်းမှာပိုပြီးတော့တောင် ဆိုးလာသလိုပါပဲ။ အပြင်မှာက ရပ်ကြည့်ရုံနဲ့ ရပ်ကြည့်ပြီး ၀င်ပြောဖို့၊ ၀င်ပါဖို့ မကောင်းတတ်တော့ အချိန်တန်ရင် ထွက်သွားကြရတယ်။ အွန်လိုင်းမှာတော့ ကိုယ့်ကိုလည်းသူမသိ၊ သူ့ကိုလည်း ကိုယ်မသိတဲ့အခါ ၀င်ပါဖို့၊ ဝင်ပြောဖို့ အင်မတန်လွယ်ကူတာကိုတွေ့ရတယ်။


ဒါကြောင့် တစ်ခါတလေ ဘာမှအကျိုးမရှိတဲ့အကြောင်းအရာတွေဟာ လူတွေရဲ့စိတ်ကို ပိုပြီးဝါးမြိုထားတာတွေ့ရတယ်။ ဒါတွေကိုကြည့်တော့ တွေးမိတာတစ်ခုရှိပါတယ်။ လူတွေဟာ ပူပင်သောကတွေများလွန်းတော့ အပူနဲ့နေရတာဟာ နေသားကျသလိုဖြစ်လာတယ်။ အပူမရှိရင် မနေတတ်တော့ဘူး။ လောင်နေမှပဲ နေလို့ထိုင်လို့ကောင်းတယ်။ ကိုယ့်ရဲ့ အပူမရှိဘူးဆိုရင် သူများရဲ့အပူကိုသွားပြီး ဆွဲယူထားတယ်။


လူတိုင်းမှာ ပူပင်သောကတွေရှိတယ်။ အပြစ်အနာအဆာဆိုတာတွေကလည်း လူတိုင်းမှာရှိတယ်။ ကိုယ်လက်ညှိုးထိုးနေတဲ့ လူတစ်ယောက်ရဲ့ အပြစ်ဟာ ကိုယ့်ဆီမှာလည်း ရှိနိုင်သလို ကိုယ်နဲ့နီးစပ်တဲ့မိသားစုအသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာလည်း ရှိနေတတ်ကြပါတယ်။


ဒါပေမဲ့ အဲဒီလို သူများအတင်းအဖျင်းတွေကို ရေးတတ်၊ ပြောတတ်၊ မျှဝေတတ်တဲ့သူတွေကိုမှ သေချာလိုက်ကြည့်စပ်စုပြီး Follow လုပ်ထားတာတွေကို တွေ့ရတော့ ဒါတွေကို သိလိုက်ရမှ အရသာရှိသွားတာလား။ လူတွေဟာ ကိုယ့်အပူနဲ့ကိုယ် မလုံလောက်တာလား။ ကိုယ့်အပူထက် သူများအပူကြီးတာကိုသိလိုက်ရမှ နေသာထိုင်သာရှိသွားတာလား။ ကိုယ်ပူသလို သူများကိုလည်း ပူစေချင်တာလားဆိုတာကို စဉ်းစားမိပါတယ်။


ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စိတ်ကုထုံးပညာရှင်တစ်ယောက်နဲ့ စကားပြောမိတော့ Ego Defense Mechanism အတ္တကိုခုခံသော ယန္တရားများဆိုတဲ့ ဝေါဟာရအသုံးအနှုန်းလေးတစ်ခုကို သဘောကျလာမိပါတယ်။


Ego ဆိုတာ ငါဆိုတဲ့အတ္တစိတ်ဖြစ်ပြီး Defense Mechanism ဆိုတာကတော့ ခုခံကာကွယ်ထားတဲ့ ယန္တရားဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ လူတွေမှာ ငါဆိုတဲ့အတ္တ အင်မတန်ကြီးတဲ့အခါ ငါ့ကိုထိမှာကြောက်တယ်၊ ငါဖြစ်မှာကြောက်တယ်၊ ငါ့ဆီရောက်လာမှာ ကြောက်တယ်၊ ငါ့မှာမရှိမှာကြောက်တယ် အစရှိသဖြင့် Lack Mentality တွေဟာလည်း အားကောင်းနေတတ်ပါတယ်။


ငါဆိုတာ လောင်စာတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် ငါမရှိတော့ဘူးဆိုတဲ့အခါ ဘ၀က ဟာတာတာနဲ့ ဘာလုပ်လို့လုပ်ရမယ်မသိဘဲ လမ်းပျောက်သလို ဖြစ်သွားတာမျိုးလည်း ရှိတယ်။ ဒါကြောင့် လူတွေဟာ ငါဆိုတဲ့အတ္တနဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် အင်မတန်ကာကွယ်ထားတတ်ကြပါတယ်။ အသိစိတ်ကလည်း ကာကွယ်ထားသလို မသိစိတ်ကလည်း ကာကွယ်ထားတယ်။ Ego Defense Mechanism ဆိုတာ မသိစိတ်ထဲကနေ မိမိကိုယ်မိမိ ကာကွယ်ထားတဲ့ စိတ်ယန္တရားဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။


Ego Defense Mechanism ဆိုတာ သူများတွေ ဒုက္ခကြုံလာတဲ့အခါ ကိုယ့်ဒုက္ခထက်ပိုကြီးတယ်လို့ ခံစားလိုက်တာမျိုးပါ။ တကယ်တော့ ကိုယ့်ဆီမှာ မလုံလောက်မှုတွေ၊ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေရှိတယ်။ အဲဒီအချက်တွေကို တခြားသူများဆီမှာ တွေ့ရတဲ့အခါမှာ အဲဒီသူတွေဟာ ရုန်းကန်နေရတယ်။ သူတို့မှာ အားနည်းချက်တွေရှိနေတယ်ဆိုတဲ့ အတွေးနဲ့ မိမိရဲ့ရုန်းကန်နေရမှုတွေ၊ အားနည်းချက်တွေကို ယာယီသက်သာစေတာမျိုးဖြစ်ပါတယ်။


Projection (ပုံဖော်ခြင်း)လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ Projection ဟာ Ego Defense Mechanism တွေထဲက တစ်ခုဖြစ်ပါတယ်။


ဘယ်သူကတော့ ဘယ်လိုနေရာမျိုးမှာ နာမည်ပျက်နေပြီ။ ဘယ်လိုဖောက်ပြန်မှုတွေကြောင့် ဘယ်လိုဒုက္ခရောက်နေပြီ အစရှိသဖြင့် သတင်းတွေကိုကြားရတဲ့အခါမှာ တွေ့တယ်မဟုတ်လား၊ သူတို့ကတော့ အကျင့်မကောင်းလို့၊ မိဘက မဆုံးမလို့၊ ငွေကြေးကဖျက်ဆီးလို့ ဒီလိုပြဿနာတွေကြုံနေရတာ၊ ငါတို့ကတော့ မကြုံရပါဘူး။ ငါတို့က သူတို့လိုမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြေရာပြေကြောင်း တွေးလိုက်တာပါ။ ကိုယ့်အတ္တနဲ့ကိုယ် မော်ကြွားနေတာပါ။


တကယ်တော့ အဲဒီလိုတွေးတဲ့သူတွေမှာလည်း အဆင်မပြေမှုလေးတွေ ရှိနေတတ်ကြတာပဲဖြစ်ပါတယ်။ အားငယ်မှုတွေ၊ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ ရှိနေတာပဲဖြစ်ပါတယ်။ ဒီအရာတွေကို ရင်မဆိုင်ရဲတဲ့အခါ သူများရဲ့အားနည်းချက်တွေ၊ ဒုက္ခတွေကို Focus လုပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်တဲ့သဘောပါပဲ။ ဒါကြောင့် အဲဒီလိုလူမျိုးတွေဟာ သူများရဲ့မကောင်းသတင်းတွေကြားရမယ်၊ နားထောင်ရမယ်ဆိုရင် အင်မတန်စိတ်ဝင်စားတတ်ကြပါတယ်။ ဒီလိုအကြောင်းအရာတွေဟာ သူတို့ရဲ့အတ္တကို အရောင်တင်ပေးသလိုဖြစ်တယ်။


Ego Defense Mechanism ဆိုတဲ့ စိတ်ပညာရပ်ဆိုင်ရာ ပုံစံတစ်ခုကို စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Sigmund Freud က တီထွင်ခဲ့ပါတယ်။


နောက်ဆက်တွဲစိတ်ပညာရှင်တို့က ထပ်မံစူးစမ်းလေ့လာခဲ့ပါတယ်။ Ego Defense Mechanism ဆိုတာ လူတစ်ဦးချင်းဆီကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေ၊ စိတ်ခံစားမှုတွေ၊ တွန်းအားပေးမှုတွေကနေ သူတို့ကိုသူတို့ ဘယ်လိုကာကွယ်ထားတတ် သလဲဆိုတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။


လူတွေမှာက အတွင်းစိတ်ရဲ့တွန်းအားတွေရှိတယ်။ ပြင်ပဖြစ်ရပ်မှန်တွေကြားမှာ စိတ်တွေကလည်း ပဋိပက္ခ Inner Conflict ဖြစ်နေတတ်ကြတယ်။ ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်နေတယ်ဆိုတာမျိုးပေါ့။ ဒီလိုစိတ်ပဋိပက္ခတွေ၊ စိတ်ရှုပ်ထွေးမှုတွေကနေ သက်သာ ရာရစေဖို့အတွက် လူတွေအသုံးပြုနေတတ်ကြတဲ့ မသိစိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို Ego Defense Mechanism လို့ ပြောရမှာဖြစ်ပါတယ်။


Ego Defense Mechanism အမျိုးအစားများကို ဆက်ပြီးဖော်ပြပေးလိုက်ပါမယ်။


🦋Denial

ငြင်းဆိုခြင်း


လူတစ်ယောက်က ပြင်းထန်တဲ့ရောဂါတစ်ခုကို ရှာဖွေတွေ့ရှိတယ်ဆိုရင် ဒါကို မဖြစ်နိုင်ဘူးလို့ အကြီးအကျယ်ငြင်းဆိုတာမျိုး ဖြစ်နိုင်တယ်။ ကိုယ်မကြိုက်တဲ့အရာတစ်ခု ကိုယ့်ဆီမှာ ဖြစ်လာတယ်။ အဲဒီအရာက ကိုယ့်ဘ၀ကို ခြိမ်းခြောက်နေတယ်။ စိုးရိမ်ပူပန်မှုတွေဖြစ်စေတယ်ဆိုရင် ဒီအမှန်တရားကို အသိအမှတ်ပြုဖို့၊ လက်ခံဖို့ ငြင်းဆိုနေတတ်တယ်။


🦋Repression

ဖိနှိပ်ခြင်း


ခံစားချက်တွေကို ဖိနှိပ်ထားတယ်။ ကိုယ့်ကို ခြိမ်းခြောက်နေတဲ့အတွေးတွေ၊ မှတ်ဉာဏ်တွေကို မသိစိတ်ထဲကို တွန်းပို့ထားပြီး အသိစိတ်နဲ့ ထိထိရောက်ရောက် ထိန်းထားတတ်ပါတယ်။


🦋Projection

ပုံဖော်ခြင်း


ဒီနေ့လူမှုပတ်ဝန်းကျင်မှာ အများဆုံးတွေ့နေရတဲ့အရာက Projection ပဲ ဖြစ်ပါတယ်။ ကိုယ်အဆင်မပြေတဲ့အတွက် သူများကိုလည်း အဆင်မပြေတာမျိုးဖြစ်စေချင်တယ်။ ကိုယ် ပူပင်သောကရောက်နေသလို သူများကို ပူပင်သောက ရောက်နေစေချင်တယ်။ သူများပျော်ရွှင်နေတာကို ဘယ်လိုမှကြည့်လို့မရဘူး။ သူများဒုက္ခရောက်မဲ့အချိန်၊ အောက်ကိုပြုတ် ကျမဲ့အချိန်ကို စောင့်နေတယ်။ သူများရဲ့အားနည်းချက်ကို ပြောဖို့ဆိုဖို့ အခွင့်အရေးရပြီဆိုတာနဲ့ ဝင်ပြီးဆွမ်းကြီးလောင်းတဲ့အထဲမှာပါတယ်။ ကိုယ့်ရဲ့မပြည့်စုံမှုတွေ၊ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေကိုသူများဆီမှာ ပုံချလိုက်တယ်။ ပြီးတော့ အဲဒီအရာတွေနဲ့ပတ်သက်ပြီး တခြားသူအပေါ်မှာအပြစ်တင်လိုက်တယ်၊ ဝေဖန်လိုက်တယ်၊ ပြောဆိုလိုက်တယ်။ အဲဒီအခါမှာ ကိုယ့်ရင်ထဲမှာရှိနေတဲ့ မလုံခြုံမှုတွေ၊ အားနည်းမှုတွေဟာ လျော့ပါးသက်သာသွားသလို ခံစားရတာမျိုးဖြစ်တယ်။


🦋Rationalization

ကြောင်းကျိုးဆီလျော်အောင်တွေးခြင်း


ကိုယ့်ရဲ့အားနည်းချက်တစ်ခုကြောင့်ဆိုတာကိုသိပေမယ့် အမှန်ကို ရင်မဆိုင်ရဲတာကြောင့် အခြေအနေတစ်ခုပေါ်မှာ အပြစ်ပုံချလိုက်ပြီး ကိုယ့်ရဲ့အားနည်းချက်မဟုတ်ဘူးလို့ ရှောင်လွှဲလိုက်တာမျိုးဖြစ်တယ်။


ကိုယ့်ကို မသက်မသာဖြစ်စေတဲ့အတွေးတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိစေတဲ့ အပြုအမူတွေ၊ ခံစားချက်တွေအတွက် ယုတ္တိတန်တဲ့ ရှင်းပြချက်တွေ၊ ဆင်ခြေတွေ ဖန်တီးတတ်ပါတယ်။ ဥပမာအားဖြင့် စာမေးပွဲမအောင်တဲ့ ကျောင်းသားတစ်ယောက်ဟာ ဆရာမ စာသင်မကောင်းလို့ဆိုတဲ့ ပြင်ပအကြောင်းရင်းတစ်ခုခုကို အပြစ်ပုံချခြင်းနဲ့ သူ့ရဲ့ကျရှုံးမှုကို ကာကွယ်လိုက်တာမျိုးဖြစ်တယ်။


🦋Displacement

ရွှေ့ပြောင်းခြင်း


ရွှေ့ပြောင်းခြင်းဆိုတာဟာ စိတ်အာရုံပြောင်းခြင်းပါပဲ။ တစ်စုံတစ်ခုနဲ့ အစားထိုးလိုက်တယ်။ ဥပမာအားဖြင့် သူဒေါသထွက်လာတာဟာ သူ့ရဲ့အလုပ်ရှင် သူဌေးကို ဖြစ်တယ်။ ဒါပေမဲ့ ဘာမှပြန်ပြောလို့မရတဲ့အတွက်ကြောင့် အိမ်ကမိသားစုအပေါ်မှာ သူ့ရဲ့ဒေါသတွေကိုပုံချလိုက်တယ်။ Social Media မှာ ဖြစ်နေတဲ့ပွဲတွေအောက်မှာ ဘာမှန်းညာမှန်းမသိ ၀င်ဆဲတယ်။သူ့ကိုသူမှန်းမသိတဲ့နေရာတစ်ခုမှာ ဆဲဆိုမိုက်ရိုင်းနေရတာဟာ သူ့အတွက် ပိုပြီးအန္တရာယ်ကင်းတယ်လို့ယူဆတယ်။


Ego Defense Mechanism တွေကို အသုံးပြုနေတာဟာ စိတ်ဆင်းရဲခြင်းကနေ ယာယီသက်သာရာရစေနိုင်ပါတယ်။ ဒါပေမဲ့ မဖြေရှင်းနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပဋိပက္ခတွေကို အထောက်အကူပြုပြီး စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတာ စတဲ့ လက္ခဏာတွေကိုလည်း ဦးတည်သွားစေနိုင်ပါတယ်။

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page