ဖြစ်ပြီးပျက်
- Sep 20
- 1 min read

လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ကျွန်မ အကောင်ကိုက်ခံရပါတယ်။ Wasp လို ခေါ်တဲ့အကောင်ပါ။ မြန်မာလိုတော့ ဘယ်လိုခေါ်သလဲမသိဘူး။ ပုရွက်ပျံလိုများခေါ်မလားမသိဘူး။
ပုံစံက ပုရွက်ဆိတ်အကြီးစားနဲ့တူတယ်။ အတောင်ပံပါတယ်။ ဖင်မှာအဝါနဲ့အမဲ အစင်းကျားတွေနဲ့။
ဖြစ်ပုံက ဒီအကောင်က အိမ်ထဲကိုပျံဝင်လာတော့ ခွေးကလေးတွေက နှာခေါင်းနဲ့နမ်းကြ ရှုကြတာကြောင့် သူတိုကိုတုတ်မိမှာစိုးလို ကိုယ်ကအဝတ်စနဲ့အုပ်ပြီး အကောင်ကို ကောက်ကိုင်လိုက်တာ အဝတ်ကပါးတော့ လက်မကို အားရပါးရကြီးကို တုတ်ထည့်လိုက်တာပါပဲ။
အကောင်သာသေးတာ ဘယ်လောက်အဆိပ်ပြင်းသလဲဆိုတာ လူတစ်ကိုယ်လုံးကို တုန်တက်ထူပူသွားတာပဲ။
အကိုက်ခံရတဲ့ လက်မက တစစ်စစ်နဲ့ကိုက်တာ အဆိပ်ကြောင့် လက်မကြီးက ကျောက်ခဲကြီးလို မာတောင့်တောင့်ကြီးဖြစ်နေတယ်။ ဒါနဲ့ပဲ ဆေးလေးလိမ်းပြီး နာတယ် နာတယ် သွေးက တတုတ်တုတ်တိုးနေတယ်လို မှတ်နေမိတာပေါ့လေ။
အဲဒီအချိန်မှာတွေးမိတာလေးက ကျွန်မတိုက နာပြီဆိုတာနဲ့ နာတာကိုပျောက်အောင် ဆေးထည့်ရမယ်ဆိုတာ သေချာသိကြတယ်။ နာကျင်ခြင်းဟာ အချက်ပေးနေတာပဲ။ ဘာကိုအချက်ပေးသလဲဆိုရင် မနာအောင်လုပ်ရမယ်၊ သက်သာအောင် လုပ်ရမယ်၊ ပျောက်အောင်လုပ်ရမယ်လို အချက်ပေးနေတာပါပဲ။
Oxford ဆရာတော်ရဲ့တရားလေးတစ်ပုဒ်နဲ့ဆက်စပ်တွေးကြည့်မိပါတယ်။
စိတ်မှာမကျေနပ်တာလေးတစ်ခုဖြစ်သွားပြီဆိုရင် ဒီမကျေနပ်စိတ်ကလေးက ကိုယ့်ရဲ့ အချိန်တော်တော်များများကို စိုးမိုးချယ်လှယ်သွားတယ်။ တချိုသော မကျေနပ်စိတ်တွေဟာ ကိုယ့်ရဲ့တစ်ဘဝလုံးကိုတောင် စိုးမိုးချယ်လှယ် သွားကြတယ်တဲ့။
ကျွန်မတိုက စိတ်အဲဒီလိုဖြစ်နေပြီဆိုရင် ဖြစ်နေတဲ့အတိုင်းပဲထားလိုက်ကြတယ်။ ဒါကိုနာနေတယ်လိုမသိဘူး။ နာတာကို ဘယ်လိုပျောက်အောင်လုပ်ရမလဲဆိုတာကို မသိကြဘူး။ အဲတော့ အနာကြီးကဆက်ပြီးတော့ပဲ နာနေတယ်။ ပိုပြီးတော့ဆိုးလာတယ်။
ဒီနေရာမှာ စိတ်နာတယ်ဆိုတဲ့ အဓိပ္ပါယ်က ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို စိတ်နာတာမျိုးကိုပြောတာမဟုတ်ပါဘူး။ စိတ်အခန့်မသင့်ဖြစ်သွားတာ စိတ်အနှောင့်အယှက်ဖြစ်သွားတာ စိတ်ကိုခလုတ်တိုက်မိတာ မှန်သမျှဟာ ပိုးကောင်ကိုက်ခံရသလို စစ်ကနဲ စစ်ကနဲ နာကျင်ခံစားရတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။
ကျွန်မက တစ်နေ့မှာ စိတ်ဘယ်နှစ်ခါလောက် နာသလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်မေးကြည့်မိပါတယ်။ တစ်နေ့လုံးကိုမပြောနဲ့ မိနစ်သုံးဆယ်အတွင်းမှာတောင်မှ စိတ်ဟာ ငါးခါခြောက်ခါလောက် အနှောင့်အယှက်ဖြစ်ပြီး နာကျင်ရတာမျိုးတွေရှိပါတယ်။
ကျွန်မအိမ်ကနေ Gym ကို သွားတဲ့အခါ မိနစ် ၂၀ လောက်ကားမောင်းရပါတယ်။ ကျွန်မယောကျာ်းကားမောင်းတာကို ဘေးကနေလိုက်စီးရတဲ့နေ့တွေမှာ အိမ်ကနေစထွက်ကတည်းကနေ Gym ကို ရောက်တဲ့အထိ လေး..ငါး..ခြောက် ခါလောက် စိတ်ထဲမှာ ထောင်းကနဲထောင်းကနဲ ဒေါသတွေမထွက်ဘဲ စိတ်အေးချမ်းသာစွာ ရောက်သွားရတဲ့နေ့ဆိုတာ ဘယ်သောအခါမှ မရှိခဲ့ဘူးပါဘူး။ ဟုတ်ကဲ့။
ကားမောင်းရင်း ဖြစ်ပေါ်နေတဲ့သူ့ရဲ့စိတ်မရှည်မှုတွေဒေါသတွေဟာ ကျွန်မကိုပါ လာပြီးရိုက်ခတ်နေခြင်းပဲ ဖြစ်ပါတယ်။
သူ့စရိုက်သဘာဝ ဒီလိုရှိတာကိုသိနေပေမယ့်လည်း ဒါကို ကျွန်မ Let Go မလုပ်နိုင်ပါဘူး။ သူ့ကိုလည်း ကျွန်မက မပြောင်းလဲနိုင်ပါဘူး။
နောက်ပိုင်းကျတော့ အိမ်ကကားစထွက်ကတည်းက စိတ်ကို သတိနဲ့ကြည့်ပြီးထွက်လာပါတယ်။ Gym ရောက်တဲ့အထိ စိတ်ဘယ်နှစ်ခါထွက်သလဲ မှတ်ထားပါတယ်။
စိတ်နာတဲ့အကြောင်းပေါ်ပေါက်လာခဲ့ရင် ကိုယ်နဲ့ မဆိုင်သလိုပဲ #ဖြစ်ပြီးပျက်လို လုပ်လာခဲ့ပါတယ်။ သတိဖြစ်လာတော့ အရင်ကထက်စာရင် အများကြီး သက်သာလာတာကို တွေ့ရပါတယ်။
အဲဒီလို စိတ်နာရတဲ့ ဝေဒနာတွေဟာ အကုသိုလ်ပဲဖြစ်ပါတယ်။ စိတ်မှာပေါ်လာတာနဲ့ ချက်ချင်း ရပ်ပစ်လိုက်ရမဲ့ အကုသိုလ်ဟာ တဖြည်းဖြည်းနဲ့ ပွားလာတယ်။ ပွားလာအောင်လည်းတွေးနေမိတတ်ကြတယ်။ လုပ်နေမိတတ်ကြတယ်။ သူများကိုပါမျှဝေမိတတ်ကြသေးတယ်။
ဒါဟာ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပေမဲ့ မသိမသာလုပ်ဖြစ်နေတာပါ။ ဒါကြောင့် ဆရာတော်က စိတ်ကို Hijack အလုပ်ခံရတယ်လို့ ဆရာတော်က ပြောတာဖြစ်ပါတယ်။ အနုကြမ်းစီးခံရတယ်ပေါ့။
အဲဒီစိတ်ကို သတိထားနိုင်ရင် အကုသိုလ်ဖြစ်ကြောမရှည်ပါဘူး။
ပိုးကောင်ကိုက်ခံလိုက်ရတဲ့အချိန်မှာ ချက်ချင်းဆေးထည့်ရမယ်။ အနာသက်သာအောင်လုပ်ရမယ်လို အသိဝင်သလိုပါပဲ။
ဒီလိုနာကျင်တဲ့စိတ်ကို သတိထားနိုင်ဖိုဆိုတာက အချိန်အများကြီးမလိုပါဘူး။ ဒါပေမဲ့ အလေ့အကျင့်တော့လိုပါတယ်။ စိတ်ကိုဒီအတိုင်းပဲလွှတ်ထားမယ်။သူဆွဲခေါ်ရာနောက်ကို ကောက်ကောက်ပါအောင်လိုက်နေမယ်ဆိုရင် စိတ်ရဲ့နာကျင်ခြင်းတွေ ပူပန်ခြင်းတွေ ဆင်းရဲခြင်းတွေ ပင်ပန်းရခြင်းတွေကို ဘယ်တော့မှ သတိထားမိမှာမဟုတ်ပါဘူး။
တစ်နေ့တစ်နေ့ကို ၁၅မိနစ် မိနစ်၂၀ တရားထိုင်တဲ့ပုဂ္ဂိုလ်ဟာ စိတ်ရဲ့နာကျင်ခြင်းတွေကို သတိပြုနိုင်ပါတယ်။ သတိရှိလိုက်တာနဲ့ ရှေ့ကိုဆက်၍မဖြစ်တော့ပါဘူး။
စိတ်နာကျင်မှုတွေကို ပျောက်အောင်ဘယ်လိုလုပ်ရမလဲ။ သက်သာအောင်ဘယ်လိုလုပ်ရမလဲ။ စိတ်ကိုကုစားတဲ့နေရာမှာ ဘယ်တော့မှ မမှားသောဆေးကတော့ တရားဆေးသာဖြစ်ပါတယ်။
မွန်ဟော်စီ
၂၀၂၀ စက်တင်ဘာ