top of page
Search

စိတ်ကနေ စွမ်းအင်တွေ လှုပ်ရှားနေတဲ့အခါ

  • Aug 5
  • 1 min read
Sunlight filters through lush green forest canopy. Text in another language is overlaid. Tranquil and serene atmosphere.

Emotions စိတ်ခံစားမှုတွေ တွေမှန်သမျှဟာ Energy စွမ်းအင်ပါပဲလို့ မှတ်ထားခဲ့ဖူးပါတယ်။


စွမ်းအင်ရဲ့သဘောအရ အလျားအနံ အတိုင်းအတာမရှိ ကူးစက်နိုင်တယ်။ ပျံ့နှံ့နိုင်တယ်။


ဆေးရုံလိုနေရာမျိုးကိုရောက်သွားတဲ့အခါ အလိုလိုနေရင်း စိတ်မပျော်သလိုဖြစ်လာတတ်ကြတယ်။ICU ဆိုတဲ့ အထူးကြပ်မတ်ကုသဆောင်ထဲကို တစ်ခါရောက်ဖူးတယ်။လူနာမှာတပ်ထားတဲ့ တတူတူနဲ့ စက်တွေမြည်သံကလွဲလို့ တိတ်ဆိတ်အေးစက်နေတဲ့ နေရာကြီးမှာ ကိုယ်ပါ တလှိုက်လှိုက် ၀မ်းနည်းလာတယ်။

လူနာတွေရဲ့မိသားစု၀င်တွေလည်း ဘုရားရှိခိုးနေတဲ့လူနဲ့ ငိုနေတဲ့လူနဲ့ အိမ်ကိုအကြောင်းကြားနေတဲ့သူနဲ့ ICU ဆိုတာအရေးကြီးတဲ့ လူနာတွေရှိနေတဲ့နေရာလေ။


သူတို့ဆီက ပြင်းထန်တဲ့ စိတ်ခံစားမှုတွေဟာ စွမ်းအင်တစ်ခုအဖြစ် ကိုယ့်ဆီကိုပါလာပြီးကူးစက်တာပဲ။ကိုယ်ပါ ၀မ်းနည်းလာမိတယ်။

ဆေးရုံတစ်ရုံထဲမှာတောင် ICU ထဲသွားရတဲ့ ခံစားချက်နဲ့ ကိုယ့်သူငယ်ချင်းကလေးမွေးတာကို သွားကြည့်ရတဲ့ ခံစားချက်ဟာ မတူပြန်ဘူး။


မင်္ဂလာဆောင်သွားတယ်ဆိုရင် သတို့သမီး သတို့သားနဲ့ သူတို့မိသားစုတွေ သူငယ်ချင်းတွေ ပျော်နေတာကိုကြည့်ပြီး အဲဒီအပျော်တွေက ကိုယ့်ကိုကူးစက်လာပြန်တယ်။သတို့သမီး သတို့သား အတူဖက်တယ်။နမ်းကြတယ်။ပန်းစည်းပစ်ကြတယ် ဆိုရင် အဲဒီထဲ ကိုယ်လည်း ရောပြီးပျော်လာတော့တာပဲ။ဦးနှောက်ထဲက ပျော်တဲ့ ဟော်မုန်းထွက်လာတယ်။သီချင်းတွေလိုက်ဆိုမိတယ်။လိုက်ကမိတယ်။ရယ်မောပျော်ရွှင်လာတယ်။


စိတ်ခံစားမှုတွေဟာ စွမ်းအင်တစ်ခုဆိုတာကို လက်ခံသွားတယ်။စွမ်းအင်ရဲ့ သဘောတရားအရ နေရာတကာ ရွေ့လျားသွားနိုင်ကြတယ်။


ပူတဲ့လူနားမှာနေရင် ပူလာတယ်။

အေးတဲ့သူနားမှာနေရင် အေးလာတယ်။

ကြောက်တဲ့သူတွေများရင်ကြောက်စိတ်ဖြစ်တယ်။၀မ်းနည်းမှုတွေရှိတဲ့အရပ်မှာ ၀မ်းနည်းလာတတ်တယ်။ပါဝါများတဲ့သူဆီကစွမ်းအင်ဟာ ပါဝါနည်းသူကို လွှမ်းမိုးလိုက်နိုင်တာပဲ။


နောက်တစ်ခုက သီလ သမာဓိ ပညာပြည့်စုံတဲ့

သူတော်ကောင်းတွေရဲ့ မျက်နှာကိုကြည့်ရင် မေတ္တာဓာတ်ကိုစိမ့်၀င်နေတယ်။အဲလို ပုဂ္ဂိုလ်တွေရဲ့အနားရောက်သွားရင် စိတ်အေးချမ်းမှုကို ခံစားရပါတယ်။


တလောက Oxford ဆရာတော်ရဲ့ တရား Workshop တစ်ခုကို တက်တော့ လာကြတဲ့သူတွေထဲမှာ ကင်ဆာရောဂါ ဝေဒနာရှင်တွေပါလာတာကိုတွေ့ရတယ်။အပူနဲ့လာကြသူတွေပေါ့။ တချို့ဆိုပြောကြတယ် အသက်တောင်ဆက်မရှင်ချင်တော့ဘူးတဲ့။ဒါပေမဲ့ဆရာတော်ရဲ့ မေတ္တာ ကရုဏာ ကွန်ယက်က အရမ်းကြီးမားကျယ်ပြန့်နေတဲ့အခါ အေးချမ်းတဲ့စိတ် လုံခြုံတဲ့စိတ်အခြေအနေဆိုးတွေကို ရင်ဆိုင်ရဲတဲ့ ရဲရင့်စိတ်တွေပေါ်လာတယ်။ ဘဝကိုမြင်တဲ့ Oulook တွေ ပြောင်းသွားနိုင်ကြတာကိုကြုံဖူးတယ်။


ဒါကိုကြည့်ရင် စိတ်ရဲ့စွမ်းအားတွေဟာ ဘယ်လောက် အင်အားကြီးသလဲဆိုတာကို ခန့်မှန်းလို့ရပါတယ်။


ရိုးရိုး သာမာန်လူပုဂ္ဂိုလ်တွေမှာလည်း တကယ့်ကို စိတ်ထားရင့်ကျက်တဲ့သူတွေ စိတ်ကြည်လင်တဲ့သူတွေ ရှိကြပါတယ်။သူတို့နားကို ရောက်သွားလိုက်တာနဲ့ နွေးထွေးလုံခြုံမှုကို ခံစားရပါတယ်။စကားပြောလိုက်ရရင် အင်အားတွေပြည့်သွားရပါတယ်။စိတ်အေးချမ်းရပါတယ်။


သတိပြုမိတာကတော့ ကိုယ့်မှာ အဆိုးမြင်တဲ့စိတ်ရှိရင် အဲဒီစိတ်က ခွန်အားကြီးရင်ကြီးသလောက် ကိုယ့်ပတ်၀န်းကျင်ကလူကိုလည်း ကူးစက်သွားတတ်တယ်။


နေ့စဥ်ကြုံရတတ်တာမျိုးလေးတစ်ခုကို ဥပမာကြည့်ကြည့်ရင်..အိမ်မှာ မိုးလင်းတဲ့အချိန် ကိုယ့်ဘာကိုယ် တရားထိုင် ဆွမ်းတော်ကပ် ဘုရားရှိခိုးပြီး ကြည်လင်လို့ ဟုတ်လို့ပဲ။


အဲ.. အလိုမကျတဲ့တစ်ယောက်က နိုးလာပြီး

ဘာစားရမှာလဲ။ဒါကြီးမကြိုက်ပါဘူးလို့လုပ်တယ်။အဲဒီအခါမှာ နောက်တစ်ယောက်ကလည်း မကြိုက်ရင်မစားနဲ့တော့လေ။ခွေးပဲကျွေးလိုက်တော့မယ်လို့ဖြစ်လာရော။

ပြောခံရတဲ့သူက ဒါပဲနေ့တိုင်းပဲစားနေရတာပဲ။

တော်ပြီ မစားတော့ဘူးဆို ထထွက်သွားရော။


အိမ်မှာ မိသားစုထဲမှာ အဲဒါမျိုးတွေကြားလိုက် ကြုံလိုက်ရရင် အကြည်ဓါတ်ပျက်သွားတော့တာပဲမဟုတ်လားဘာမှ၀င်မပြောသည့်တိုင် မျက်မှောင်ကြီးတော့ ကျုံ့လိုက်မိပြီလေ။ Nefative တွေ စဖြစ်လာပြီ။သူတို့က အင်အားတောင့်သွားပြီလေ။အဲဒီအခါမှာ ကိုယ်က လွှမ်းမိုးခံလိုက်ရပြီလေ။


ကိုယ့်စိတ်မှာ အရမ်းပူလောင်နေပေမဲ့ တရားရိပ်သာတစ်ခုထဲကို ၀င်ကြည့်လိုက်တဲ့အခါ၊ အေးချမ်းသွားတာ၊ ဘာဖြစ်လို့လဲဆိုရင် ကြည်လင်သန့်ရှင်းနေတဲ့ ငြိမ်သက်နေတဲ့ စိတ်တွေအရမ်းအားကောင်းနေတဲ့နေရာကိုး။လှုပ်ခတ်နေတဲ့စိတ်တွေက ငြိမ်သက်သွားရတယ်။ပူလောင်နေတဲ့စိတ်တွေ တဖြည်းဖြည်း ငြိမ်ကျသွားရတယ်။


ဒီကမ္ဘာပေါ်မှာ စိတ်စွမ်းအင်တွေဟာ သိပ်ကိုအရေးကြီးပါတယ်။ကောင်းတာတွေဟာလည်း လူသားတွေရဲ့ စိတ်စွမ်းအင်တွေကြောင့်ဖြစ်လာရသလို ဆိုးတာတွေဟာလည်း လူတွေရဲ့ စိတ်စွမ်းအင်တွေကြောင့်ပဲ ဖြစ်ပေါ်လာကြရတယ်။


ကိုယ့်ရဲ့ ကောင်းတဲ့အတွေးလေးတစ်ခုကြောင့် ကိုယ်နဲ့ ထိတွေ့ဆက်ဆံနေရတဲ့ ပတ်၀န်းကျင်ကလူတွေဟာ ကောင်းတဲ့အတွေးတွေ ကူးစက်သွားနိုင်ကြတယ်။မကောင်းတဲ့အတွေးတွေဟာလည်း ဒီလိုပုံစံပဲ ကူးစက်ပျံ့နှံ့နိုင်ကြပါတယ်။


ကိုယ့်စိတ်ကိုလည်း သန့်ရှင်းနေအောင်နေမယ်။

သူများစိတ်ကိုလည်း ကိုယ့်ကြောင့် ညစ်နွမ်းမသွားအောင် ကြိုးစားရပါမယ်။


ကြည်လင်သန့်ရှင်းနေတဲ့စိတ်တွေ

မနာလိုကင်းတဲ့စိတ်တွေ

မုဒိတာပြည့်နေတဲ့စိတ်တွေ

ကရုဏာနဲ့ ကြင်နာစိတ်

ကိုယ်ချင်းစာစိတ်တွေကို နှလုံးသားနဲ့အပြည့်ဖြစ်အောင် ပွားများပါ။


ကိုယ့်မိသားစု ကိုယ့်အဝိုင်းအ၀န်းထဲက လူတွေကို ဝေမျှပေးပါ။


မွန်ဟော်စီ

၂၀၂၀

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page