စကားလုံးတစ်ခုပဲနဲ့ ငယ်ဘဝဒဏ်ရာ ပြန်ထနေလား?
- May 9
- 1 min read

ကျွန်မငယ်ငယ်က အဖေက အိမ်မှာအရက်သောက်တော့ သူနဲ့စကားပြောတိုင်းမှာ လျှာလေးအာလေးဖြစ်တဲ့အသံကြီးကို ကြားရတတ်ပါတယ်။ အဲဒီအသံကြီးနဲ့ ဘယ်တော့မှမတည်နိုင်တဲ့ကတိတွေကို ပေးခဲ့တယ်။ အခြေအမြစ်မရှိတဲ့အကြောင်းပြချက်တွေကိုပေးခဲ့တယ်။ ကျွန်မစိတ်ထဲမှာ အဲဒီအသံကို ကြားရတိုင်း အာခေါင်ခြစ်ပြီးအော်ငိုချင်လောက်အောင် စိတ်ဆင်းရဲခဲ့ပါတယ်။ လုံးဝမကြိုက်ပါဘူး။ ဒေါသလည်းအရမ်းဖြစ်ပါတယ်။
အရက်သောက်တာက သောက်တာပဲ။ ဒါပေမဲ့ အဲဒီလို အာလေးလျှာလေးအသံနဲ့ မူးနေတဲ့သူကို ကျွန်မတွေ့ရတဲ့အခါ စိတ်တွေ အရမ်းဆိုးလာတတ်ပါတယ်။ တစ်ခါ သူငယ်ချင်းတစ်ယောက်က အရက်သောက်ပြီး လျှာလေးအာလေးနဲ့ ဖုန်းဆက်စကားတွေလာပြောတော့ ဒေါသတွေအလိပ်လိုက်ထွက်လာပြီး အလွန်အကျွံကို ဆဲလိုက်မိတဲ့အထိဖြစ်သွားတာပါပဲ။ ကိုယ့်ဘာကိုယ် ပြန်စဉ်းစားကြည့်တော့ငယ်တုန်းကရခဲ့တဲ့စိတ်ဒဏ်ရာက အတော်နက်နေတာပါလားဆိုတာကိုတွေ့လိုက်ရတယ်။
လူတွေဆီမှာ လုံးဝအထိမခံနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေရှိတတ်တယ်။ တစ်ခါတလေကျရင် အဲဒီလိုဒဏ်ရာတွေဟာ ကိုယ့်ကိုယ်ကိုယ်တောင် ရှိမှန်းသိမနေဘူး။ တစ်ယောက်က သို့မဟုတ်အခြေအနေတစ်ခုခုက ခလုတ်ကိုဆွဲနှိပ်လိုက်သလိုဖြစ်မှ အဲဒီအရာက ဝုန်းခနဲ ကောက်ခါငင်ကာထွက်ပေါ်လာတာမျိုးဖြစ်တယ်။
အဲဒီအချိန်မှာ အဲဒီလူက ပေါက်ကွဲသွားတယ်။ ဆင်ခြင်ဉာဏ်မရှိတော့ဘူး။ လုပ်မိလုပ်ရာလုပ်မိတယ်။ ပြောမိပြောရာပြောမိတယ်။ ဘေးလူအနေနဲ့ကြည့်ရင် ဒီကိစ္စကဘာမို့လို့လဲ။ ဘာဖြစ်လို့ဒီလောက်တောင် ဖြစ်ရတာလဲလို့ ထင်နိုင်တယ်။ဒါပေမဲ့ တကယ်တမ်းကျတော့ သူ့ဒဏ်ရာကို ဘယ်သူမှမမြင်ဘူးလေ။
ကြားဖူးကြမှာပဲနော်။ နာမည်ကြီးရုပ်ရှင်မင်းသား Will Smith ဟာ သူ့ဇနီး Jada Smith ရဲ့ Alopecia ရောဂါကို Oscar စင်မြင့်ထက်မှာ Chris Rock က ဟာသလုပ်လိုက်တော့ သူအထိမခံနိုင်တဲ့နေရာကို ထိလိုက်သလိုဖြစ်သွားတယ်။ သူ့ရဲ့ခလုတ်ကိုဆွဲဖြုတ်လိုက်သလိုဖြစ်သွားတယ်။ စင်ပေါ်တက်ပြီးမျက်နှာကိုရိုက်လိုက်တာပါ။ ပါးရိုက်လိုက်တယ်ပေါ့။
ဒီဟာသက လူအများအတွက် သာမန်ဟာသတစ်ခုလို ထင်ရပေမယ့် Will Smith အတွက်တော့ မိသားစုနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အရာတစ်ခုဖြစ်တယ်။ ဒါကြောင့် သူ့အတွင်းစိတ်က လူရှေ့သူရှေ့မှာ ပေါက်ကွဲသွားခဲ့ပြီး ရုပ်ဆိုးတဲ့တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့တယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သူ့စိတ်ထဲမှာ ဘယ်လောက်အထိခံစားနေရမှန်း ဘယ်သူမှမသိနိုင်ဘူး။
လူတိုင်းမှာ မတူညီတဲ့ ဒဏ်ရာတွေရှိတတ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ဒဏ်ရာတွေဟာ သူတို့ရဲ့အတိတ်အတွေ့အကြုံတွေ၊ အိမ်ထောင်ရေး၊ မိသားစု၊ လူမှုဆက်ဆံရေးအခြေအနေတွေအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ တချို့လူတွေအတွက် ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့အရာတွေဟာ တစ်စုံတစ်ယောက်အတွက်တော့ အရမ်းကြီးမားတဲ့အနာတရတွေဖြစ်နေတတ်တယ်။
ဘဝမှာ ကိုယ်ပြန်မကြားချင်တော့တဲ့ အကြောင်းအရာတွေရှိတတ်တယ်။ပြန်မတွေ့ချင်တော့တဲ့ လူတွေရှိတတ်တယ်။ကိုယ်သတိမရချင်တော့တဲ့ ကိစ္စတွေရှိတတ်တယ်။နာမည်လည်းမကြားချင်ဘူး။သိလည်းမသိချင်ဘူး။ပြောလည်းမပြောချင်ဘူး။ ဖြေလည်းမဖြေချင်ဘူး။ ကိုယ့်ဘာကိုယ်တောင် စိတ်သက်သာရအောင် မနည်းနေထိုင်နေရတဲ့အချိန်မှာ တစ်ယောက်ကလာပြီး ဒီကိစ္စကဒီလိုမဟုတ်ဘူးလား။ ဒီလူနဲ့အခြေအနေကဘယ်လိုလဲ။ မေးတာမြန်းတာတွေလုပ်တဲ့အခါမှာ စိတ်ကပေါက်ကွဲသွားတာတွေရှိတတ်တယ်။ တစ်ဖက်ကတော့ ဘယ်သိပါ့မလဲ။ ဒါပေမဲ့ အမေးခံရတဲ့သူအနေနဲ့က ရင်ထဲမှာ မီးတောက်နေတာမျိုးဖြစ်ရင်ဖြစ်နေတတ်တာ။ နှလုံးသားက ဘောလုံးတစ်လုံးကို ပါးလွှာပြီးပေါက်ထွက်ဖို့ အဆင်သင့်ဖြစ်ရင်ဖြစ်နေတတ်တာ။
ဒါကြောင့် တချို့ကိစ္စတွေမှာ ကိုယ်က ဝင်ပြောဖို့ အကြံဉာဏ်ပေးဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး။ တစ်ဖက်သူရဲ့ခံစားချက်အတိမ်အနက်ကို မသိဘဲနဲ့ ဝေဖန်အကြံပြုတာတွေက စေတနာနဲ့ဆိုပေမယ့် တစ်ခါတလေမှာဝေဒနာဖြစ်သွားတာတွေရှိတယ်။
ဒီလိုဖြစ်ရပ်တွေကနေ ကျွန်မတို့ သင်ယူသင့်တာက ဘယ်သူမဆို သူ့ထိခိုက်မှုနဲ့ သူ့ဒဏ်ရာတွေ ရှိနေတတ်တယ်။ဒီအရာတွေကို နားလည်ပေးဖို့ပါပဲ။လူအချင်းချင်း တန်ဖိုးထားပြီး လေးစားမှုနဲ့ ဆက်ဆံကြရမယ်ဆိုတာက အခြေခံအဆင့်ပါ။ တစ်ယောက်ယောက်ကို အပြစ်တင်လိုက်ဖို့ဆိုတာလွယ်ပါတယ်။ ဒါပေမယ့်အရင်ဆုံး သူ့အနေအထားနဲ့ သဘောထားကို နားလည်ဖို့ ကြိုးစားရမယ်။
လူမှုဆက်ဆံရေးမှာ နားလည်မှု၊ ကြင်နာမှုတွေက ဘယ်လောက်အထိလိုအပ်သလဲဆိုတာကို သတိရှိစေချင်ပါတယ်။
မွန်ဟော်စီ
၂၀၂၅
Comments