top of page
Search

သူ့ရဲ့မြက်တွေကပိုစိမ်းနေတာအမှန်ပါပဲ

  • May 20, 2025
  • 1 min read


White flowers on a branch with green leaves, set against a blurred green background. Text in Myanmar script is overlaid, with "Mon Halsey" at bottom.

ကျွန်မက Illustration သရုပ်ဖော်ပုံလေးတစ်ပုံကို မျက်စိထဲ စွဲပြီးမှတ်မိနေပါတယ်။


အမျိုးသမီးနှစ်ယောက်ဟာ ဘေးချင်းကပ်လျက်ရှိတဲ့ ခြံဝင်းတစ်ခုချင်းစီအတွင်းမှာ ရှိနေကြတယ်။အမျိုးသမီးတစ်ယောက်က သူ့ခြံစည်းရိုးကိုကျော်ပြီး တစ်ဖက်ခြံကမြက်တွေကိုကြည့်နေတယ်။ ပြီးတော့သူ့ရဲ့စိတ်ထဲမှာ ဟိုဘက်ခြံမြက်က ပိုစိမ်းတာပဲလို့ ဖြစ်နေတယ်။


နောက်အမျိုးသမီးတစ်ယောက်ကတော့ တခြားခြံထဲက မြက်တွေကိုမကြည့်ဘဲ။ သူ့ခြံထဲကမြက်ကိုပဲ သူ့သာသာသူ ရေလောင်းပေါင်းသင်လို့နေပါတယ်။ ဒီတော့လည်း သူ့ရဲ့မြက်တွေကပိုစိမ်းနေတာအမှန်ပါပဲ။

ကျွန်မတို့တွေဟာ တစ်ခါတလေမှာ ကိုယ့်ခြံထဲကမြက်ကိုရေလောင်းဖို့ မေ့နေတတ်ကြပြီး သူများခြံထဲကမြက် ဘယ်လောက်စိမ်းတယ်ဆိုတာကို သွား သွားကြည့်နေမိတတ်ကြပါတယ်။


ကျွန်မ စာအုပ်တွေစပြီး ရေးခါစက ကိုယ့်စာအုပ်ကို ဖြောင့်အောင် မရေးနိုင်ဘူး။ သူများတွေ ဘယ်နှအုပ်ထုတ်ပြီးပြီ ဘယ်သူကတော့ နောက်တစ်အုပ်ထွက်လာပြန်ပြီ ဆိုတာမျိုး လိုက်ကြည့်နေတတ်ခဲ့ပါတယ်။

ကိုယ်က မထွက်နိုင်ဘဲ တစ်ယောက်က အသစ်တစ်အုပ်ထွက်ပြန်ပြီဆိုရင် မစားနိုင်မသောက်နိုင် စိတ်တွေဆင်းရဲနေပါတယ်။ ငါကျမထွက်နိုင်သေးဘူး။ ငါကတော့ တစ်အုပ်ထွက်ဖို့ အတော်လုပ်ရတာပဲ။ သူတို့တွေဘယ်လိုရေးနေကြလဲမသိဘူး။ ဒီတစ်ယောက်ဆိုရင် တစ်နေ့ကို ပို့စ် သုံးခု လေးခုလောက်တင်နိုင်တယ်။ ဘယ်လိုများရေးကြလဲမသိဘူး အစရှိသဖြင့် သူတို့တွေထဲကိုဝင်ကြည့်လိုက် ကိုယ့်ကိုယ်ကိုယ် အားမရ ဖြစ်လိုက်နဲ့ ကိုယ့်စာအုပ်ကို အေးအေးဆေးဆေးရေးနိုင်တဲ့ အဆင့်ကိုရောက်မလာတော့ပါဘူး။


ခုပြန်တွေးတော့ ကျွန်မ အဖြစ်ကလည်း ကိုယ့်ခြံထဲကမြက်ကို ရေမလောင်းပဲ သူများခြံထဲက မြက်တွေသွားကြည့်နေမိတာကိုး။


ကျွန်မတို့တွေဟာ တူတဲ့အရာတွေဆို နှိုင်းယှဉ်တတ်ကြပါတယ်။ မနာလိုတယ်၊ နှိုင်းယှဉ်တယ်ဆိုတာ level တူတဲ့ နေရာအချင်းချင်းမှာသာဖြစ်တတ်ကြတယ်။ မတူတဲ့အရာတွေဆိုကျမတို့က မနှိုင်းယှဉ်ပါဘူး။


ဥပမာအားဖြင့် နန်းတော်ထဲမှာနေတဲ့ ဘုရင်ကြီးရဲ့စည်းစိမ်တွေကို လမ်းဘေးမှာ တောင်းရမ်းသူက နိုင်းယှဉ်မိမှာမဟုတ်ပါဘူး။ မနာလိုလည်းမဖြစ်ပါဘူး။ဒါပေမဲ့ အတူတောင်းနေတဲ့ တခြားတစ်ယောက်နဲ့ဆိုရင်တော့ သူနဲ့ကိုယ့်ကိုနှိုင်းယှဉ်မိမှာပဲဖြစ်ပါတယ်။


အဲဒီလိုနိုင်းယှဉ်တော့ ပေါ်လာတာက မာနတွေပဲဖြစ်ပါတယ်။ ကိုယ်ကသာရင်လည်းသာသလို ကိုယ်ကနိမ့်ကျနေရင်လည်း နိမ့်ကျသလို မာနတွေပေါ်လာတတ်တယ်။


အတူတူဆိုရင်တောင်မှ သူရှိသလို ငါလည်းရှိတာပဲဆိုတဲ့ မာနကပေါ်လာပြန်တယ်။

အပြုသဘောနဲ့နှိုင်းယှဉ်နေဆိုတာကောင်းပေမယ့် အပျက်သဘောတွေပေါ်လာရင် မကောင်းပါဘူး။ မနာလိုစိတ်ကြောင့် မခေါ်နိုင်မပြောနိုင်ဖြစ်သွားကြတဲ့ သူငယ်ချင်းတွေ မောင်နှမတွေ ဆွေမျိုးတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိတတ်ကြပါတယ်။


တကယ်တော့လူဆိုတာဟာ ဘဝမှာ ကိုယ့်ရဲ့ Timeline နဲ့ပဲ ကိုယ်သွားကြတာပါပဲ။ အခြေအနေတစ်ခုမှာ ကိုယ်က စောပြီးဖြစ်နှင့်တာလည်း ဖြစ်နိုင်တယ်။ သူများထက်နောက်ကျမှ ဖြစ်တာလည်း ဖြစ်နိုင်တာပါပဲ။အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် ဖြစ်ဖို့အကြောင်းတွေ အကုန်ပေါင်းစုံလာပြီဆိုရင် ဘယ်အရာကမှတားဆီးလို့မရ ဖြစ်ကိုဖြစ်ပါတယ်။


တလောကပဲ Facebook မှာ မိတ်ဆွေတစ်ယောက် မျှဝေထားတဲ့ Quote လေးတစ်ခုကို သတိရမိတယ်။


Marrying after 30 is still beautiful.


ဘယ်အရွယ်မှာ လက်ထပ်တာက အလှဆုံးအချိန်လို့ ပြောတတ်ကြပေမဲ့ အသက် ၃၀မှ ယူတော့လည်း လှနေသေးတာပါပဲ။


Raising up a family after 35 is still possible.


နောက်ကျနေပြီလို့ ပြောတတ်ကြပေမဲ့ အသက် ၃၅မှ ကလေးယူပြီး မိသားစုဘဝတည်ထောင်တယ်ဆိုတာလည်း အဆင်ပြေပါသေးတယ်။ တချို့ ၄၀ ကျော်မှ ကလေးမွေးတဲ့သူတောင်ရှိသေးတာပဲ။ တချို့ ၁၆နှစ်နဲ့ ကလေးထွက်လာတယ်။ ဖြစ်ရပ်နှစ်ခုစလုံးမှာ ကောင်းတာရော မကောင်းတာပါရှိနေတာပဲ။

၁၆နှစ်နဲ့ အိမ်ထောင်ကျ ကလေးမွေးတဲ့သူက အစပိုင်းမှာ ရုန်းကန်ခဲ့ရတာတွေရှိတယ်။ ဒါပေမဲ့ သူ့အသက် ၄၀ ကျော်မှာ သူ့ကလေးက အသက်နှစ်ဆယ်ကျော် အလုပ်တွေဘာတွေနဲ့ အခြေတကျဖြစ်နေပြီ အသက် ၄၀ မှာ ကလေးမွေးတော့ ဘဝက အတော်ပြည့်စုံ ချမ်းသာနေပြီ။ သို့သော် ကိုယ် ၆၀ လောက်အထိ သူတို့ကို လူကြီးဖြစ်အောင် အခြေကျအောင် စောင့်ရှောက်မွေးမြူပေးရမဲ့ တာဝန်ကလည်း ကြီးပါတယ်။


Don't let other people's timeline rush on your timeline.


ကိုယ့် Timeline နဲ့ကိုယ်သွားနေတဲ့ ကိစ္စမှာ သူများ Timeline က ဦးဆောင်သွားတာမျိုး အဖြစ်မခံပါနဲ့။ ကိစ္စတစ်ခုမှာ ကိုယ်က စောနေရင်စောမယ်။ နောက်ကျနေရင် နောက်ကျမယ်။ ကိုယ့်အခြေအနေလေးနဲ့ကိုယ် အဆင်ပြေရင် ပြီးတာပါပဲ။


သူက ဒီလိုဖြစ်လို့..၊ ကိုယ်ကကျ မဖြစ်လို့ ဆိုတာတွေထဲမှာ အကောင်းနဲ့အဆိုးကလည်း အမြဲ ဒွန်တွဲနေတယ်။

ကလေးတစ်ယောက် ချမ်းသာတဲ့ မိဘဆီမှာမွေးဖွားလာတယ်။ ဒါပေမဲ့ ဥာဏ်ရည်မပြည့်မှီဘူး။ နောက်ကလေးတစ်ယောက်ကျတော့ မပြည့်စုံတဲ့ မိဘတွေဆီမှာမွေးလာတယ်။ ဒါပေမဲ့ ဥာဏ်ရည်ပြည့်မှီပါတယ်။ ဘယ်ဟာက ပိုကောင်းတယ်လို့ပြောမလဲ။


ကောင်းတာတွေချည်းပဲ အကုန်လုံး တပြိုင်နက် မရတဲ့အခါလည်း ရှိမှာပါပဲ။ အရေးကြီးတာက ရလာတဲ့အခြေအနေတွေထဲမှာ ကောင်းတာလေးတွေကို ရွေးထုတ်ယူတတ်ပြီး ကျေနပ်စွာ ကျေးဇူးတင်စွာ ရှင်သန်တတ်ဖို့ပါပဲ။


မွန်ဟော်စီ

၂၀၂၃


 
 
 

Comments


  • Facebook
  • Youtube
bottom of page