top of page
Search

စိတ်ငြိမ်တည်ခြင်း (Grounded) ဟာ ဘာလဲ၊ ဘာလို့လိုအပ်သလဲ။

  • May 9
  • 1 min read

Text in white script on a blurred green forest background with moss and twigs. The words "Mon Halsey" are centered at the bottom.

တစ်ရက်က သူငယ်ချင်းနဲ့ စကားပြောမိတော့ သူက ငါလေ ဘုရားဆွမ်းတော်ကပ်ဖို့ကြော်ထားတဲ့ငါးဖယ်ကြော်တွေကို မေ့ပြီးတော့ ကောက်စားလိုက်မိတယ်လို့ပြောပါတယ်။ ကျွန်မကလည်း ဘုရား သောက်တော်ရေခွက်တွေထဲ ရေမထည့်ဘဲ ခပ်တည်တည်နဲ့ ဘုရားကပ်လိုက်မိတယ်လို့ ပြောရင်းကျွန်မတို့ ရယ်မိကြတယ်။


ဒါမျိုး အဖြစ်အပျက်လေးတွေက နေ့စဉ်ဘဝမှာဖြစ်တတ်ပါတယ်။ ဘုရားသာရှိခိုးနေတယ် ဘယ်ရောက်လို့ရောက်နေမှန်းမသိဘူး။ ပုတီးသာစိတ်နေတယ် ဘယ်နှပတ်ရောက်လို့ရောက်နေမှန်းမသိဘူး။ စားသာစားနေတယ် ပါးစပ်ထဲ ဘာတွေ ဘယ်လောက်ဝင်သွားမှန်း မသိဘူးဆိုတာမျိုးတွေဟာ Grounded မဖြစ်တဲ့သဘောပါပဲ။ စိတ်နဲ့လူနဲ့မကပ်တာမျိုးပေါ့။


Grounded ရဲ့အဓိပ္ပါယ်ကတော့ Well balanced and sensible ဟန်ချက်ညီမျှမှုရှိတယ်၊ အကျိုးအကြောင်း ဆင်ခြင်နိုင်မှုရှိတယ်ဆိုတဲ့ အဓိပ်ပါယ်ပါပဲ။ သတိရှိနေတာကို ဆိုလိုခြင်းလည်း ဖြစ်ပါတယ်။


တစ်ခါတလေကျတော့ စိတ်က လေထဲမှာမျောနေတဲ့ သစ်ရွက်ခြောက်ကလေးလို ရောက်ဒီရောက်နဲ့ လွင့် မျောနေတတ်တယ်။

သစ်ရွက်လိုစိတ်နဲ့ ဖြစ်နေတဲ့အချိန်မှာ ကျွန်မက ကားမောင်းနေရင်း ဘေးမှာထိုင်နေတဲ့အမေကို “အမေ..အခု..မွန်တို့..ဘယ်သွားနေတာလဲ..ဘုန်းကြီးကျောင်းလား..စျေးလား”လို့ ပြန်မေးရတဲ့အခါတွေလည်းရှိပါတယ်။


ဒါကြောင့် လူမှာ Mentally Grounded ဖြစ်နေဖို့လိုအပ်တယ်။ စိတ်ကတည်ငြိမ်နေတယ်၊ ခိုင်မာနေတယ်၊ ယောက်ယက်ခတ်မနေတဲ့သူတွေဟာ နေ့စဉ်ဘဝမှာ အမှားနည်းစွာ နေထိုင်နိုင်တဲ့သူတွေဖြစ်ကြတယ်။ သူတို့က အမြစ်ခိုင်နေတဲ့ သစ်ပင်ကြီးတွေနဲ့တူကြတယ်။


သစ်ရွက်ကလေးလို လူးလွန့် မျောပါနေတတ်သူကတော့ Balance မဖြစ်ဘူး။ ဟန်ချက်မညီဘူး။ အမြဲ ယိမ်းထိုး လှုပ်ခတ်နေတတ်ကြပါတယ်။


Grounded မဖြစ်တာကိုတော့ မောဟဖြစ်နေတယ်လို့လည်းပြောနိုင်ပါတယ်။ မောဟဟာ မသိတဲ့စိတ်ဖြစ်ပါတယ်။ သတိမကပ်ဘဲ ဖြစ်ချင်သလိုတွေဖြစ်နေတော့ နေ့စဉ်ဘဝရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေမှာ အမှားတွေကျူးလွန်မိကြသလို အကုသိုလ်စိတ်တွေနဲ့ ရှင်သန်လှုပ်ရှားနေတာမျိုးတွေလည်း ကြုံရပါတယ်။


တရားကျင့်တဲ့သူတွေမှာ သတိတွေအင်မတန်မြဲနေတာကို တွေ့ရတယ်။ တကယ်တော့ ကျွန်မတို့မှာ သိစိတ်ဆိုတဲ့ Conscious Mind ဟာ ၅ ရာခိုင်နှုန်းသာ ရှိပါတယ်တဲ့။ အချိန်တိုင်းမှာ မသိစိတ် Subconscious Mind က ၉၅ ရာခိုင်နှုန်းနဲ့အလုပ်လုပ်နေပြီး တွေးချင်သလိုတွေတွေး၊ ပြောချင်သလိုတွေပြောပြီး ဖြစ်ချင်သလိုတွေဖြစ်နေတာ ဘယ်လောက်ကြောက်ဖို့ကောင်းပါသလဲ။


Grounded ဖြစ်နေတယ်၊ သတိကပ်နေတယ်ဆိုရင်တော့ စိတ်က အသေးငယ်ဆုံးသော အတွေးခံစားမှုကလေးတွေအထိ အလုပ်လုပ်နေတာကိုတွေ့ရတယ်။ သတိကပ်မိပြီဆိုတာနဲ့ အဲဒါဟာကုသိုလ်စိတ်လို့ ပြောလို့ရပါတယ်။ ကုသိုလ်စိတ်တွေရှိတဲ့အခါမှာ ကိုယ့်ရဲ့ဘဝဟာလည်း အသေးဆုံးအစိတ်ပိုင်းဖြစ်တဲ့အတွေးတွေ၊ ခံစားမှုတွေကနေ တဖြည်းဖြည်းပြောင်းလာနိုင်ပြီး Postive Energy Field ထဲကို ရောက်လာနိုင်တယ်။


ကောင်းမွန်သောစွမ်းအားတွေကို ဆွဲယူလက်ခံကျင့်သုံးနိုင်တဲ့ Vibration တုန်ခါမှုတွေ၊ Energy စွမ်းအားတွေရရှိလာနိုင်တယ်။ ကောင်းတဲ့အရာတွေကို ကိုယ့်ရဲ့ဘဝထဲကိုရောက်လာဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ Vibrational Frequency တွေ မြင့်နေမှ လက်ခံတဲ့အားကိုက ကောင်းနေမှ လိုင်းဆွဲအားအပြည့် ဖြစ်နေမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။


Grounded ဖြစ်တဲ့သူဟာ ကိုယ်နဲ့ စိတ် ကပ်နေတယ်။ ကိုယ်နဲ့စိတ်မှာ ဆက်သွယ်မှု Connection ရှိတယ်။


ဒီခေတ်မှာက Social Media အပေါ် အာရုံစိုက်တာတွေလည်း အရမ်းများတယ်။


လိုအပ်တာထက်ပိုပြီးမေးခွန်းတွေမေးနေမိတယ်။ သတင်းတွေ အရမ်းသိချင်ပြီး တရစပ် ရှာဖွေနေတာမျိုး၊ ဘယ်သူတွေဘာဖြစ်လဲ၊ ဘယ်သူနဲ့ ဘယ်သူက ဘာလဲ၊ အရမ်းသိချင်နေတာမျိုးတွေရှိတယ်။

အာရုံတွေရဲ့သဘာဝအရ မကောင်းတဲ့အကြောင်းတွေဆိုရင် ပိုသိချင်တယ်။ အတင်းအဖျင်းတွေဆိုရင် ပိုပြီးနားထောင်ချင်ကြတယ်။ ဒီလိုအကြောင်းတွေဟာ ကျွန်မတို့ Grounded ဖြစ်ဖို့ခက်ခဲတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။


ဒါကြောင့် စိတ်ကိုပင်ပန်းဆင်းရဲဖြစ်စေတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဝန်းကျင်မှန်သမျှကို ရှောင်ကြဉ်ရပါမယ်။ စွန့်ခွာသင့်ရင်စွန့်ခွာရပါမယ်။ စိတ်နဲ့ကိုယ်နဲ့ Connection ရဖို့ Grounded ဖြစ်ဖို့က လေ့ကျင့်ယူလို့ရပါတယ်။


အဲဒါကတော့ သတိကပ်ပြီး ဝင်သက်ထွက်သက် မှတ်ပေးပါ။


ကြားတာ မှန်သမျှကြားတယ်လို့သိပါ။ မြင်တာမှန်သမျှမြင်တယ်လို့သိပါ။ စိတ်မှာတွေးနေတဲ့အတွေးမှန်သမျှကိုသိပါ။ မျက်စိနားနှာလျှာကိုယ်စိတ်ဆိုတဲ့ တံခါးခြောက်ပေါက်ကို သတိဆိုတဲ့အစောင့်ချထားပါ။ စိတ်ကလေး ငြိမ်သက်အေးချမ်းသွားအောင် ရုပ်ခန္ဓာပိုင်းဆိုင်ရာအရ ကူညီပေးနိုင်တဲ့အခြားအချက်တွေလည်းရှိပါသေးတယ်။


မနက်အစော နေထွက်လာချိန်မှာ နေခြည်နုနုလေးရဲ့ အနွေးဓာတ်နဲ့အလင်းရောင်ကိုခံယူတာ၊ မြေကြီးပေါ်မှာဖိနပ်မပါဘဲ မြေဓာတ်ကိုခံယူတာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး လေတွေကိုရှူသွင်းရှူထုတ် အဆုတ်ကိုသန့်စင်ပေးတာ၊ ကိုယ်ကြိုက်တဲ့မွှေးပျံ့နေရနံ့တွေနဲ့ Aroma therapy ရနံ့ကုထုံးလုပ်တာ၊ စိတ်ကိုအေးချမ်းနေအောင်ထားတာ၊ သဘာဝရဲ့အသံတွေ သို့မဟုတ် ကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေတဲ့ တရားသံ ဂီတသံတို့ကိုနားထောင်တာတွေဟာလည်း လူတစ်ယောက်ရဲ့စိတ်ကို ငြိမ်သက်သွားအောင် စိတ်နဲ့လူနဲ့ Connection ရသွားအောင်ပံ့ပိုး ဖြည့်ဆည်းပေးနိုင်တဲ့အချက်တွေဖြစ်ပါတယ်။


အပ္ပမာဒေန သမ္ပာဒေထ ဆိုတာ မြတ်စွာဘုရားနောက်ဆုံးပြောခဲ့တဲ့ သတိပေးစကားပါပဲ။ သတိနဲ့နေဖို့ ကျွန်မတို့ကို မှာခဲ့ပါတယ်။ သတိရှိနေတာဟာ Grounded ဖြစ်နေတာပါပဲ။


မွန်ဟော်စီ

၂၀၂၁


 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page