top of page
Search

အပျော်ရော စိတ်ညစ်စရာတွေရောဟာ ကူးစက်လွယ်ပါတယ်

  • May 20, 2025
  • 1 min read


Woman in white dress joyfully stretches arms under a clear blue sky in a field. Text: Mon Halsey. Burmese text below conveys energy.

ကျွန်မအမျိုးသားကို ပျော်ရွှင်ရအောင်လုပ်ပေးချင်ပါတယ်။ ကျွန်တော့်သားသမီးကို ပျော်အောင်လုပ်ပေးချင်ပါတယ်။ ကျွန်မမိဘကို ပျော်အောင်လုပ်ပေးချင်ပါတယ်။ ကျွန်တော့်ရဲ့အလုပ်ရှင်ကို ပျော်အောင်လုပ်ပေးချင်ပါတယ်။


ကျွန်မတို့ ဒီလိုမျိုး တွေးတတ်ကြတယ်။ ဘာဖြစ်လို့ပါလဲဆိုရင် ပျော်ရွှင်မှုဆိုတာဟာ ကျွန်မတို့အားလုံး လိုလားတောင့်တနေတဲ့အရာမို့လို့ပဲ ဖြစ်ပါတယ်။

ပျော်တယ်ဆိုတဲ့စကားဟာ ကျွန်မတို့ ဘဝမှာရေးကြီးတယ်။ တစ်နေ့တစ်နေ့ ရှင်သန်နေတာ၊ ကြိုးစားနေတာ၊ အလုပ်တွေလုပ်နေတာ၊ ပိုက်ဆံတွေရှာနေတာ စာတွေကျက်နေတာ အဲဒါတွေအားလုံးဟာ ဘဝမှာ ကောင်းကောင်းမွန်မွန်နဲ့ ပျော်ရွှင်ရွှင်နေချင်တယ်ဆိုတဲ့ဦးတည်ချက်နဲ့ ဆောင်ရွက်ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။


ပျော်အောင်လို့လုပ်နေပေမဲ့ ပျော်ချင်မှလည်းပျော်မှာပေါ့။ တစ်ခါတစ်လေကျတော့လည်း ဘဝမှာရှင်သန်နေရင်း ပျော်စရာလည်းမရှိပါဘူး။ ကျေးဇူးတင်စရာလည်းမရှိပါဘူး။ စိတ်ထဲအဆင်ပြေမနေပါဘူးရယ်လို့ ဖြစ်လာတတ်ကြတယ်။


ဘဝမှာ တစ်စုံတစ်ခုကမှားယွင်းနေပြီဆိုတာကို သိလိုက်တာနဲ့တပြိုင်နက် ချက်ချင်းအသိအမှတ်ပြုပြီး အဖြေကိုရှာတတ်ဖို့ အရေးကြီးပါတယ်။


 သူများတွေကိုပျော်အောင်လုပ်ဖို့ကြိုးစားရင်းနဲ့ ကိုယ့်အ​တွက်ကိုယ် မပျော်တတ်တော့တာမျိုးတွေလည်းရှိတတ်ပါတယ်။ ကျွန်မတို့သိထားရမှာက ကိုယ်ကိုယ်တိုင်ပျော်နေမှသာ ကိုယ်ကိုယ်တိုင် mood ကောင်းနေမှသာ ကိုယ့်ဘဝထဲမှာရှိတဲ့သူတွေရဲ့ ပျော်ရွှင်ခြင်းဝိညာဉ်ကို လှုပ်နှိုးပေးနိုင်မှာဖြစ်တာကိုပါပဲ။

ဒါကြောင့်မို့လို့ ကျွန်မကတော့ ဘယ်တော့မဆို ကိုယ့်ကိုယ်ကိုယ် ငါပျော်ရဲ့လားလို့ပဲ အရင်မေးလေ့ရှိတယ်။


ငါဟာပျော်ရဲ့လား။

Am I happy?

ငါ့ဘဝဟာ ကျေးဇူးတင်စရာ​တွေရှိရဲ့လား။

Am I grateful?

ငါလုပ်နေရတဲ့အလုပ်ကို ငါကြိုက်ရဲ့လား။

Do I like my job?

ငါ့စိတ်ကအဆင်ပြေနေရဲ့လား။

Do I feel good?


ယေဘုယျအားဖြင့် အဲဒီလို အချက်တွေကိုမေးလေ့ရှိတာပါပဲ။ဒီမေးခွန်းတွေဟာ ဖြေဖို့ လွယ်ကူတယ်လို့ထင်ရပေမယ့် တကယ်တမ်းဖြေမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ရိုးသားမှုရှိဖို့ ကိုယ့်ခံစားချက်တွေကို လိမ်ညာမထားဖို့ ကိုယ့်အဖြေအပေါ် ဘယ်သူကအထင်ကြီးတယ်၊ အထင်မကြီးဘူးဆိုတာတွေကိုထည့်မတွက်ဖို့ အရေးကြီးပါတယ်။


ကိုယ့်အတွက်ကိုယ် ပထမဦးဆုံးစဉ်းစားတတ်တဲ့သူဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေလို့ တချို့လူတွေက ထင်ကောင်းထင်မှာဖြစ်ပေမယ့် ကျွန်မကတော့ ဒီလိုမယူဆပါဘူး။ကျွန်မတို့ဟာ ကိုယ့်စိတ်ကိုယ်သိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်လာပါတယ်။ ကိုယ်တကယ်ပျော်တယ်၊ မပျော်ဘူးဆိုတာကို သေချာအောင်လုပ်နိုင်ပါတယ်။


ဒီလိုနဲ့ ကျွန်မတို့ဟာ ကောင်းမွန်တဲ့ ပျော်ရွှင်တဲ့ဘဝ ကိုရလာနိုင်ပါတယ်။ဘယ်သူ့ကိုမှမနာလိုမဖြစ်တတ်တော့ပါဘူး။ နေ့စဉ်ပြုံးပျော်ရွှင်နိုင်ပါတယ်။ နောက်တစ်ခုအရေးအကြီးဆုံးကတော့ တခြားသူတွေကိုပါ ပျော်ရွှင်အောင်ကူညီထောက်ပံ့ပေးနိုင်တဲ့ စွမ်းအားအရင်းအမြစ်တွေ ကျွန်မတို့ စိတ်မှာ ပေါ်ပေါက်လာတာမို့လို့ပါပဲ။

အထူးသဖြင့် အိမ်မှာ မိသားစုမှာ ဦးဆောင်နေရတဲ့သူတွေဟာ ကိုယ့်စိတ်ကိုလည်း ပျော်အောင်ထားသင့်ပါတယ်။ အပြစ်ကင်းတဲ့ ပျော်ရွှင်ခြင်းဖြစ်ဖို့တော့ လိုအပ်ပါတယ်။


ကိုယ်ကစပြီး မပျော်ရွှင်ဘူးဆိုရင် ကိုယ့်အိမ်ထောင်ဘက်လည်း ပျော်ရွှင်မှာ မဟုတ်ပါဘူး။ အဖေနဲ့အမေ မပျော်ရင် ကလေးတွေလည်း မပျော်ကြပါဘူး။


ဒါကြောင့် မိသားစုမှာ အလုပ်ခွင်မှာ အားလုံးကို ပျော်စေချင်တယ်ဆိုရင် ကိုယ်ကစပြီး ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင် နေသွားတတ်ဖို့ကလည်း အရေးကြီးပါတယ်။


အပျော်ဆိုတာ စွမ်းအင် Energy သဘောမို့ ကူးစက်တတ်ပါတယ်။ စိတ်ညစ်စရာတွေကလည်း ဒီသဘောအတိုင်းပါပဲ။


ပျော်ရွှင်ခြင်းတွေကနေ ပျော်ရွှင်ခြင်းတွေပေါက်ဖွားလာပါတယ်။


Happiness breeds happiness.

Misery breeds misery.


စိတ်ညစ်ညူးစရာတွေကနေ စိတ်ညစ်စရာတွေသာ ပေါ်ပေါက်လာတတ်တာဟာသဘာဝပဲဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၀





 
 
 

Comments


  • Facebook
  • Youtube
bottom of page