အနည်းငယ်နဲ့လုံလောက်တယ် – Minimalist တစ်ဘဝရဲ့တန်ဖိုး
- 5 days ago
- 2 min read

တစ်ခါတလေကျတော့ တောထဲတောင်ထဲ ခရီးတွေဘာတွေသွားတဲ့အခါ လယ်ကွင်းစပ်ကအိမ်ကလေးတွေ၊ တောင်တန်းတွေကြားက မီးခိုးလေးတွေတလူလူနဲ့ တောင်ယာအိမ်ကလေးတွေ အဲဒီတို့အိမ်ကလေးတွေမှာနေထိုင်ကြတဲ့သူတွေ ကျွန်မတို့တွေ့ဖူးကြလိမ့်မယ်။
မပြည့်စုံတဲ့ဘဝအခြေအနေတွေအရ ရှိသလောက်နဲ့ ရောင့်ရဲတင်းတိမ်ပြီးနေရတာမျိုးလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် တချို့ပုဂ္ဂိုလ်တွေကျတော့လည်း နေထိုင်စားသောက်မှုကိစ္စတွေအကုန်လုံးကို အကျယ်ချဲ့မနေတော့ဘဲ အသက်ဆက်ရှင်ဖို့ ဖြစ်တယ်ဆိုရင် လုံလောက်ပြီဆိုရုံအနေအထားမျိုးကို ခြိုးခြံပြီးနေကြတာမျိုးရှိတယ်။ ဥပမာ အရိယာသူတော်စင်လိုပုဂ္ဂိုလ်မျိုးတွေပေါ့။
သူတို့ကို Minimalist တွေလို့ ခေါ်ကြတယ်။ ကျွန်မတို့ပတ်ဝန်းကျင်ထဲကမိတ်ဆွေတချို့မှာလည်း ဒီလိုကျင့်ကြံမှုမျိုးတွေ ရှိနိုင်ပါတယ်။
ကျွန်မသူငယ်ချင်းတစ်ယောက်ဆိုရင် ကျောင်းတက်တုန်းက နေ့တိုင်းလုံချည်အမဲတစ်ထည်ပဲဝတ်တယ်။ အဲဒီလုံချည်အမဲလေးကိုပဲ အင်္ကျီနှစ်ထည် သုံးထည်နဲ့ ငါးရက်စလုံးလှည့်ပြီး တွဲဝတ်နေလေ့ရှိတယ်။
နံပါတ်တစ်က သူတို့မိသားစုဟာ အဲဒီအချိန်တုန်းကသိပ်မပြည့်စုံခဲ့ကြဘူး။ ဒါကြောင့် သူဟာ အဝတ်အစားအတွက် သိပ်ငွေမကုန်မခံနိုင်ဘူး။ အဲဒီလုံချည်အမဲတစ်ထည်ရှိတာလည်း သူ့အတွက်ကအဆင်ပြေတယ်။ သူ့ကိုကြည့်ရတာ အဝတ်အစားတွေဘာတွေနဲ့ပတ်သက်ပြီး သိပ်တပ်မက်မှုရှိတဲ့ပုံမပေါ်ပါဘူး။
လုံချည်တစ်ထည်နဲ့လည်း သူအဆင်ပြေတယ်။ သူကျေနပ်တယ်။ အဲဒီထက်ပိုပြီးမတောင်းဆိုဘူး။
နံပါတ်နှစ်က သူ့မှာက ဒီထက်ပိုပြီးအရေးကြီးတဲ့ ဘဝရည်မှန်းချက်တွေ ရှိနေတယ်။ ဒါက သူ့အတွက် ပထမဦးစားပေးဖြစ်နေတယ်။ နောက်တော့ သူဟာနိုင်ငံခြားပညာသင်ဆုရသွားခဲ့ပါတယ်။
အခုအချိန်မှာ ပြည့်စုံချောင်လည်တဲ့ဘဝနဲ့ အင်္ကျီအဝတ်အစားတွေအများကြီးဝယ်ပြီး ဝတ်လို့ရတဲ့အခြေအနေရောက်ပေမယ့်လည်း တော်သင့်ရုံအဝတ်အစားလေးတွေနဲ့ပဲ သူနေတယ်။
ရပြီ ဒီနေရာ ဒီလောက်ဝတ်ရင်ရပြီ။ သြော်..ဒါမျိုးလေးတစ်ထည်နှစ်ထည်လောက်ရှိရင်တော်ပြီ။ သူ အဲလိုပြောလေ့ရှိတယ်။
ပစ္စည်းတွေအများကြီးမရှိဘူးဆိုတော့ နေထိုင်မှုပုံစံဟာ အရမ်းကိုရိုးရှင်းသွားတယ်။
အဝတ်အစားဝတ်ရခြင်းရဲ့ရည်ရွယ်ချက်ကိုက နံပါတ်တစ် အရှက်လုံအောင်ဝတ်ကြရတာ၊ နံပါတ်နှစ် ရာသီဥတုဒဏ်ကို လေဒဏ်ရေဒဏ်နေဒဏ်ကို ခံနိုင်ဖို့ ဝတ်ကြရတာ၊ ပူတဲ့အခါအေးတာလေးဝတ်မယ်၊ အေးတဲ့အချိန်ကျတော့ နွေးတာလေးဝတ်မယ်။
တကယ်တော့ အဝတ်အစားဆိုတာမျိုးဟာလည်း လေး ငါးစုံလောက်ရှိရင်ကို လုံလောက်တယ်။ ဘုန်းဘုန်းတွေ သီလရှင်တွေဆိုရင် သင်္ကန်းကိုပဲဝတ်တာပဲ။ သူတို့မှာ သင်္ကန်းတွေအစုံငါးဆယ်လောက်ရှိမယ်လို့မထင်ဘူး။ တချို့လူပုဂ္ဂိုလ်တွေလည်း ငါးစုံလောက်ရှိရင်ကိုရတယ်။ အရမ်းကြီးကို ဟောင်းနွမ်းစုတ်ပြဲမသွားသရွေ့ လျှော်ဖွတ်ပြီး ပြန်သုံးလို့ပြန်ဝတ်လို့ရနေတာပဲ။ အသစ်ဝယ်စရာမလိုသေးဘူး။
ကျွန်မတို့တွေကျတော့ တရားစကားနဲ့ပြောမယ်ဆိုရင် ကိလေသာအရမ်းများတဲ့သူတွေဖြစ်တယ်။ အရောင်တွေရဲ့ဆွဲဆောင်မှုနောက် အဆင်အသွေးတွေရဲ့ဆွဲဆောင်မှုနောက် အသစ်အဆန်းတွေရဲ့ဆွဲဆောင်မှုနောက်ကို အမြဲတမ်း မမောနိုင်အောင်လိုက်ပါနေကြတယ်။ ကိုယ့်အဝတ်ဗီဒိုတွေကိုပဲ ကိုယ်ကြည့်ကြည့်။
တကယ်တမ်းကျတော့ အပြင်တစ်ခါသွားလည်း တစ်မျိုးဘဲဝတ်နိုင်တာပဲ။ ဒါပေမယ့် ၃၆၅ မျိုးလောက်ဖြစ်နေတော့ ရွေးချယ်မှုလုပ်ရတာ ပိုလာတယ်။ သိမ်းဆည်းရတာ နေရာပိုလာတယ်။ အဝတ်အတွက်ပဲ သုံးနေမိတဲ့ငွေဟာ တကယ်ကို မနည်းဘူး။ ကျွန်မဟာ အကျီအဝတ်အစားနဲ့ပတ်သက်ရင် လုံးဝမလျှော့နိုင်ဘူး။ ခုတော့ ဗီရိုရှင်းရင်း အပိုတွေအရမ်းများနေသလိုခံစားလာရတယ်။
ကျွန်မတို့ရှင်သန်နေရတဲ့ဘဝတွေကိုကြည့်မယ်ဆိုရင် အိမ်ဆိုတာမျိုးက မိုးရွာရင် မိုးရေမစိုအောင် လုံရမယ်။ နေပူဒဏ်ကကာကွယ်ပေးမယ်။ ပိုးမွှားခြင်ယင်ရန်ကကာကွယ်ပေးမယ်။
အိမ်ကလေးရှိတယ်ဆိုတော့ အိပ်ရာလေးတစ်ခုလည်းရှိလိမ့်မယ်။ အဲဒီမှာ အနားယူမယ်။ စားတဲ့အခါ အိမ်ကလေးထဲမှာစားမယ်။ အညစ်အကြေးစွန့်ဖို့ အိမ်သာတစ်လုံးပါမယ်။ အိမ်နှင့်နေထိုင်ရခြင်းရဲ့ရည်ရွယ်ချက်ကဒီလောက်ပဲ။ Minimalist တွေက ဒီလောက်ဆိုရပြီ။
Materialist တွေကတော့ တစ်အိမ်လုံးမှာ ပစ္စည်းတွေကပြည့်စုံတယ်ဆိုတာထက် ပိုတယ်။ ကျွန်မတို့ ငယ်စဥ်ခေတ်တုန်းက စားနိုင်သောက်နိုင်တဲ့ အိမ်တစ်အိမ်၊ မိသားစုတစ်စုမှာ လိုအပ်ချက်အနေနဲ့ ရုပ်မြင်သံကြားဆိုရင် တစ်လုံး ဖြေဖျော်မှုအတွက်ရှိတယ်။ တယ်လီဖုန်းလေးဆိုရင်တစ်လုံး. ဆက်သွယ်မှုအတွက်ရှိတယ်။ ရေခဲသေတ္တာလေးဆိုရင်တစ်လုံး အဆင်ပြေမှုအတွက်ရှိတယ်။ ဒီလောက်ပဲ။
အခုခေတ်ကျတော့ လူလတ်တန်းစားမိသားစုတစ်စုမှာတင်ကို လူလေးယောက်ရှိတဲ့အိမ်မှာ ရုပ်မြင်သံကြားစက်က လေးငါးလုံးလောက်ရှိနေတတ်တယ်။ ရေခဲသေတ္တာဆိုရင်သုံးလုံးလောက်ရှိတတ်တယ်။ တယ်လီဖုန်းဆိုရင် တစ်ယောက်ကိုနှစ်လုံးသုံးလုံးကိုင်ကြတယ်။
ကျွန်မတို့ကအရမ်း Excessive ဖြစ်နေကြတယ်။ ဘဝတွေကို လိုအပ်တာထက်ပိုပြီးတော့ဖြည့်ထားကြတယ်။ အဲဒီအခါမှာ အရမ်းပဲ တာဝန်တွေပြည့်လာသလိုဖြစ်တယ်။ မလိုတာတွေအများကြီးကိုထမ်းပိုးထားရတော့ အဲဒီအရာတွေက ကိုယ့်ကိုလေးပင်စေတယ်။ ပင်ပန်းတယ်။
We're living in a highly materialistic society.
နေတဲ့ကိစ္စပြီးတဲ့အခါ စားတဲ့ကိစ္စကိုစဉ်းစားကြည့်၊ အရိယာသူတော်စင်သူတော်မြတ်တွေကတော့ အသက်ဆက်ရှင်သန်ဖို့အတွက်သာ စားတယ်။ Eat to live.
စားဖို့အတွက် အသက်ရှင်နေတာမဟုတ်ဘူး။ ဒါက အစားအစာအဟာရမှီဝဲခြင်းရဲ့ရည်ရွယ်ချက်ပဲ။
ဒါကြောင့် ခဏခဏလဲစားစရာမလိုဘူး။
တွေ့တိုင်းအရသာခံပြီး စားချင်သလိုစားနေတာမျိုးမရှိဘူး။ဘုန်းဘုန်းတွေဆို တစ်နေ့ နှစ်ခါပဲ ဘုန်းပေးတယ်။Minimalist တွေက သုံးခါလောက်ပဲစားတယ်။ အထူးတလည်သိပ်မရှိဘူး။
တောင်တက်ခရီးတစ်ခုသွားတုန်းက ညအိပ်ရပ်နားရတဲ့ တောင်ပေါ်ရွာကလေးတစ်ရွာက လူတွေဟာ အသီးအရွက်များများစားကြတယ်။ စားခါနီးမှ စိုက်ခင်းထဲက သွားခူးဆွတ်ပြီး ပူပူနွေးနွေးချက်ပြုတ်စားချတာပဲ။ ကြက်ဥဘဲဥစားကြတယ်။ အသားငါးဆိုတာ တစ်ခါတစ်လေမှပဲ စားကြရတယ်။ စျေးရှိတဲ့နေ့မျိုးပေါ့။
ကျွန်မတို့တွေကတော့ အခါခါစားတယ်။ ခဏခဏစားတယ်။ တွေ့တိုင်းစားတယ်။ ကိုယ်နဲ့တည့်ရင်လည်းစားတယ်။ မတည့်တာကိုလည်းစားတယ်။ သူများစားတာတွေ့ရင်လည်းစားချင်တယ်။ အိမ်မှာလည်းစားတယ်။ အပြင်ထွက်ပြီးလည်းစားတယ်။
ကျွန်မတို့က စားဖို့အတွက်အသက်ရှင်သလိုဖြစ်နေတယ်။ Live to eat.
စားတာဟာ Life Style တစ်မျိုးဖြစ်လာတယ်။
တချို့က ပစ္စည်းတွေအများကြီးရှိတာ ပိုင်ဆိုင်တာကို ဂုဏ်ယူတယ်။ ဒါပေမဲ့ ဆုံးရှုံးစရာကြုံလာရတဲ့အခါကျတော့ အများကြီးရှိထားတဲ့သူက အများကြီးဆုံးရှုံးလိုက်ရတယ်။ နည်းနည်းပဲရှိတဲ့သူက နည်းနည်းပဲဆုံးရှုံးလိုက်ရတယ်။ မက်စရာမရှိတဲ့အခါ မောစရာမရှိတော့ဘူးဆိုတဲ့သဘောပါပဲ။
ပစ္စည်းများလေ သံယောဇဉ်အနှောင်အဖွဲ့တွေများလေ လေးပင်လေပါပဲ။
ခရီးတစ်ခုသွားရင်ကို ပစ္စည်းတွေပါလာတာများရင်လေးတယ်။ သံသရာခရီးဆိုပိုဆိုးပြီပေါ့။
သင့်တော်သလောက်ပဲရှိပြီး နေထိုင်နိုင်ခြင်းဟာ အရာရာဟာကို save ဖြစ်စေတယ်။ရိုးရှင်းတဲ့ ပေါ့ပါးတဲ့ ဘဝနေထိုင်မှုပုံစံတွေကိုလည်း ပေါ်ပေါက်လာစေပါတယ်။ကျွန်မလည်း ကြိုးစားပါဦးမယ်။
မွန်ဟော်စီ
၂၀၂၀
Comments