top of page
Search

အံ့ဖွယ်အရာတွေဟာ မိမိတွင်းစိတ်ထဲမှာပဲ တည်ရှိတတ်တယ်

  • 5 days ago
  • 2 min read

Night sky with crescent moon and stars. Text at top: "Mon Halsey." Asian script and "Miracles" appear below. Calm, dark blue atmosphere.

Miracles ဆိုတာကို မြန်မာလိုတော့"အံ့ဖွယ် အချင်းအရာများ" လို့ သုံးနှုန်းရမယ်ထင်ပါတယ်။ ပုံမှန်အားဖြင့်သဘာဝရဲ့သာမာန်နိယာမတွေကို ကျော်လွန်တဲ့ ထူးခြားဖြစ်ရပ်တွေ၊ ဖြစ်စဉ်တွေဟာ Miracles တွေပဲဖြစ်ပါတယ်။

Miracles ဆိုတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကိုဒဏ္ဍာရီပုံပြင်တွေမှာ မှော်ဆန်တဲ့ပုံစံတွေနဲ့ တွေ့ရတတ်ပါတယ်။

Transformation အသွင်ပြောင်းခြင်းဆိုတဲ့ ပုံစံတွေမှာ ဖားကလေးကနေ မင်းသားလေးဖြစ်သွားတယ်။ ကြွက်ကလေးတွေကနေ မြင်းဖြူကလေးတွေဖြစ်သွားတယ်။ စုတ်ပြတ်နေတဲ့အင်္ကျီတွေကနေ သိပ်လှပတဲ့ တန်ဖိုးကြီးဝတ်စုံတွေဖြစ်သွားတယ်။


Resurrection ရှင်ပြန်ထမြောက်ခြင်းအနေနဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာအနမ်း True Love Kiss လေးကြောင့် မင်းသမီးလေးဟာ အသက်ပြန်ရှင်လာတယ်။ မကောင်းတဲ့ကျိန်စာတွေ ပျက်ပြယ်သွားတယ်။

Healing ဆိုတဲ့ကုစားခြင်းတွေကို သစ်ပင်သစ်ရွက်ကလေးတွေကအစ ရရှိကြတယ်။ အသက်ပြန်ရှင်ကြတယ်။ Magical Assistance လူစကားပြောတတ်တဲ့ တိရစ္ဆာန်တွေ၊ အတောင်ပံပါတဲ့နတ်သမီးတွေ အစရှိတဲ့ သဘာဝလွန်ဖြစ်တည်မှု Extra Ordinary Beings တွေဆီက အကူအညီတွေရကြတယ်။ ဖျားနာမှုတွေ ဒဏ်ရာတွေကို ပြန်ပြီးကောင်းမွန်လာစေတယ်။


ဒီလိုအံ့ဖွယ်အချင်းအရာတွေပါဝင်တဲ့ ဒဏ္ဍာရီပုံပြင်လေးတွေကို နားထောင်ရတာ ကြည့်ရှုရတာ ကျွန်မတို့က အင်မတန်သဘောကျနှစ်သက်ကြပါတယ်။ ကိုယ်တိုင်ရဲ့ဘဝတွေမှာရော ဒီလိုအံ့ဖွယ်အဖြစ်အပျက်တွေကို မကြုံခဲ့ဖူးဘူးလား။ ကိုယ်အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဒီလိုအရာတွေ ကြုံနိုင်ရင်ကောင်းမှာပဲလို့ မတောင့်တခဲ့ဖူးဘူးလား။ ဆုမတောင်းခဲ့ဖူးဘူးလား။ သစ္စာမပြုခဲ့ဖူးဘူးလား။


ကျွန်မတို့တွေအကုန်လုံး Miracles တွေ ရလာပါစေလို့ ဆုတောင်းစိတ်ကူးခဲ့ကြဖူးသူတွေချည်းပါပဲ။ တကယ်လည်းဘဝမှာ အဲဒီလိုကောင်းမွန်တဲ့ Miracles လေးတွေ ကြုံရတဲ့အခါရှိပါတယ်။


ကျွန်မအမျိုးသားဆေးကုနေတုန်းကဆိုရင် တစ်ပတ်တစ်ခါ သူ့ရဲ့သွေးတွေကိုဖောက်ပြီး သွေးဥမွှားအရေအတွက်ကို စစ်ဆေးရပါတယ်။တစ်ခါစစ် တစ်ခါကျနဲ့ တော်တော်အားလျော့စရာအခြေအနေတွေကို ကြုံဆုံခဲ့ရတာပါပဲ။


ဒါပေမဲ့ တစ်ခါတော့ သူ့မွေးနေ့ရှိတဲ့ အပတ်မှာ သွေးစစ်တဲ့အခါ ထူးခြားစွာပဲ သွေးဥမွှားအရေအတွက်က..တက်နေခဲ့တာ အမှတ်တရဖြစ်ခဲ့ပါတယ်။ ချက်ချင်းပဲ စိတ်ထဲမှာ အားတွေရှိ၊ ပျော်ရွှင်သွားပြီး သူ့သူငယ်ချင်းတွေနဲ့မွေးနေ့ကို အတူဖြတ်သန်းခွင့်ရခဲ့တယ်။ အကုန်လုံးကလည်း ဒီသွေးအဖြေအတွက် ဝမ်းသာပျော်ရွှင်နေခဲ့ကြတယ်။


အဲဒီမွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင် စိတ်အားပြည့်စွာနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် မမြင်ရသောတစ်စုံတစ်ရာက ခဏဖြည့်ဆည်းပေးလိုက်တဲ့ Miracle လေးလို့ပဲ ယုံကြည်ခဲ့ရတာဖြစ်ပါတယ်။


နောက်ပိုင်းတော့လည်း ဒီသွေးအဖြေဟာ တဖြည်းဖြည်းကျလာတာ သူဆုံးတဲ့အထိပါပဲ။

ဘဝခရီးမှာ ရင်ဆိုင်ရတဲ့ စမ်းသပ်မှုတွေဟာ တစ်ခါတစ်လေမှာ လုံးဝ

ဖြတ်မကျော်နိုင်တော့ဘဲ Miracles တွေနဲ့ ဝေးကွာသွားတဲ့အချိန်လည်းရှိပါတယ်။

ဘဝဟာ မမျှော်မှန်းနိုင်တဲ့ အတားအဆီးတွေ၊ ဆုတ်ယုတ်မှုတွေ၊ စိတ်ပျက်စရာတွေကို ပေးတတ်ပါတယ်။

ဒီလိုအခိုက်အတန့်တွေဟာ ကျွန်မတို့ရဲ့ ခံနိုင်ရည်နဲ့ စိတ်ပိုင်းဖြတ်မှု Resilience & Determination ကို စမ်းသပ်တဲ့အခိုက်အတန့်လေးတွေဖြစ်တတ်ကြပါတယ်။ တစ်ရက်က ရုပ်ရှင်တစ်ကားကြည့်တော့ သူတို့ယုံကြည်ကိုးကွယ်တဲ့ဘာသာတစ်ခုအရ အံ့ဖွယ် Miracles တွေရှိတယ်ဆိုတဲ့ မြင့်မြတ်တဲ့နေရာတစ်ခုကို အမျိုးသမီးတစ်စုက သွားကြပါတယ်။ ဒီနေရာကိုရောက်တယ်ဆိုရင် ရောဂါတွေပျောက်တယ်။ အဲဒီနေရာကရေကိုချိုးရင်ရောဂါတွေပျောက်တယ်။အခက်အခဲတွေ ဖြေရှင်းနိုင်တယ် အစရှိသဖြင့် ယုံကြည်ထားခဲ့ကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ကြဘူး။သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ကြဘူး။ Miracles ဆိုတာကို ရှာမတွေ့ခဲ့ကြဘူး။


အဲဒီမှာ ပါလာတဲ့ဘုန်းကြီးကပြောတယ်။

You don't come here for miracles.You come for the strength to go on when there is no miracles.


Miracles တွေအတွက် ဒီနေရာကို လာခဲ့တာမဟုတ်ဘူး။

Miracles တွေမရှိဘဲ လမ်းဆက်လျှောက်နိုင်ဖို့ ခွန်အားအတွက် လာခဲ့ခြင်းသာဖြစ်တယ်။

Miracles ဆိုတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေမရှိခြင်းဟာ ဘဝမှာ မျှော်လင့်ချ​က်တွေ မရှိတော့တာမဟုတ်ပါဘူး။


လူတွေရဲ့ နက်နဲတဲ့အတွင်းစိတ်စွမ်းအား Inner Power အပေါ် ယုံကြည်ရမယ်။ နှစ်သိမ့်မှုကို ရှာဖွေတတ်ဖို့လိုတယ်။ ဇွဲသတ္တိရှိဖို့လည်း လိုအပ်ပါတယ်။


ဒုက္ခကိုရင်ဆိုင်ဖို့ ခွန်အားရှာဖွေခြင်းဟာ မိမိတို့ရဲ့အားနည်းချက်တွေကို လက်ခံခြင်းနဲ့ ကိုယ်ဘာမှပြုပြင်ပြောင်းလဲလို့မရတော့တဲ့ ကန့်သတ်ချက်တွေကို အသိအမှတ်ပြုပေးလိုက်ဖို့ ပဲဖြစ်ပါတယ်။ ဝမ်းနည်းဖို့၊ နာကျင်ခံစားဖို့၊ သံသယဖြစ်စရာ အခိုက်အတန့်တွေကို ခံစားခွင့်ရဖို့ ဆိုလိုတာပါ။


ပကတိဖြစ်ပေါ်နေတဲ့ အခြေအနေများကို လက်ခံဖို့ ငြင်းဆိုခြင်း၊ စိတ်ပျက်အားငယ်ခြင်းကို အရှုံးမပေးဘဲ ပိုမိုတောက်ပတဲ့မနက်ဖြန်တွေ ရရှိလာဖို့ ကျွန်မတို့ရဲ့ယုံကြည်ချက်ကို မစွန့်လွှတ်ဖို့လည်း ပါဝင်ပါတယ်။


ကြီးကျယ်ခမ်းနားတဲ့ အံ့ဖွယ် Miracles တွေဟာ နတ်သမီး ပုံပြင်တွေထဲကလို မပေါ်လာနိုင်ပေမယ့် သတ္တိ၊ ခံနိုင်ရည်နဲ့ မေတ္တာတရား၊ ကျေးဇူးတရား၊ကရုဏာတရားတို့ အကုန်ပေါင်းစုံလာတဲ့အခိုက်အတန့်မှာ Miracles က သူ့အလိုလို ပေါ်ပေါက်လာတတ်ကြပါတယ်။


မထင်မှတ်တဲ့သူတွေရဲ့ ကြင်နာမှု၊ ချစ်ရသူတွေရဲ့ မယိမ်းယိုင်တဲ့ အားပေးကူညီမှုတွေနဲ့ ကံကောင်းမှုလေးတွေကို ကြုံဆုံရနိုင်ပါတယ်။


ဒါကြောင့် ဒဏ္ဍာရီပုံပြင်တွေထဲကလို အံ့သြစရာတွေ ချက်ချင်းမကြုံတွေ့ ရပေမယ့် နေ့တိုင်းပဲ အခိုက်အတန့်တိုင်းကို ခံနိုင်ရည်ရှိစွာ ဆုပ်ကိုင်ထားဖို့လိုပါတယ်။


အခက်အခဲတွေကြားမှာ ဘဝရဲ့ရှင်သန်ရခြင်းအဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ကို ရှာဖွေခြင်းက အမှောင်မိုက်ဆုံးအချိန် တွေကိုတောင် ကျော်လွှားနိုင်တဲ့ မျှော်လင့်ချက်ရှိနေတာဖြစ်ပါတယ်။


ပြင်ပကမ္ဘာမှာ Miracles တွေနဲ့ ဝေးကွာနေတာမျိုး ရှိကောင်းရှိနိုင်ပေမယ့် တကယ်တမ်းမှာ လူသားတိုင်းရဲ့ အကြီးမားဆုံးသော အံ့ဖွယ် Miracles ​တွေဟာ မိမိတို့ရဲ့ စိတ်အတွင်းထဲမှာသာ တည်ရှိနေတာ​ဖြစ်ပါတယ်။


မွန်ဟော်စီ

 2024


 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page