top of page
Search

သင့်ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ဘယ်လိုအမိအရ ဆုပ်ကိုင်မလဲ။

  • Jun 5
  • 1 min read

Silhouette of a tree against a starry sunset sky. Bright light radiates from the base. Yellow text at top, "MON HALSEY" at bottom.

အိမ်မှာ နွယ်တက်ပြီးပွင့်တဲ့ ပန်းရုံတစ်ရုံရှိပါတယ်။ သစ်ပင်အကြီးကြီးပေါ်အထိ နွယ်တက်ပြီး အပေါ်စီးကပွင့်နေတာပါ။ ဒီအပင်လေး စစိုက်တုန်းကတော့ မြေကြီးပေါ်မှာဝပ်ဝပ်လေးပဲ။ နွယ်ပင်ပေါက်စလေးပါပဲ။ သူ့ရဲ့ စိမ်းနုရောင်အညွန့်လေးတွေက လက်တံလေးလိုပဲ။ ဘယ်နေရာကိုကုတ်ပြီး တက်သွားရမလဲ လိုက်ရှာနေပုံမျိုးနဲ့တူပါတယ်။


တက်စရာမရှိတော့ မြေကြီးပေါ်မှာပဲ လျှောက်သွားရင်း သူဖမ်းဆုပ်ဆွဲယူလို့ရတဲ့အရာမှန်သမျှ တွယ်ပြီးတက်ပါတယ်။ ဒါနဲ့ သံစကာပြားတစ်ပြားကို သစ်ပင်ရဲ့ပင်စည်မှာ ကပ်ရပ်ထောင်ပြီးချပေးလိုက်တာနောက်နေ့ကျတော့ စပရိန်လိုအညွန့်လေးတွေဟာ ခွေလိန်ပတ်နွယ်ပြီး အပေါ်ကိုစတက်နေပါတော့တယ်။ ဒီလိုနဲ့ သစ်ပင်ပေါ်အထိ အမြင့်ကြီးအထိတက်သွားလိုက်တာ အခုသူ့ကို မော့ကြည့်ရပါတယ်။ အပွင့်တွေလည်း ပွင့်ပါတယ်။ သူရောက်ရမယ့်နေရာကို ရောက်အောင်သွားနိုင်တဲ့အပင်လေးပဲလို့ တွေးနေမိပါတယ်။


လူတစ်ယောက်ရဲ့ဘဝမှာ အကောင်းဆုံးအချိန်ဆိုတာ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ဘာလုပ်လုပ်အဆင်ပြေနေပါတယ်။ ပိုက်ဆံရှာရလွယ်တယ်။ အလုပ်ထဲမှာ ရာထူးတွေတိုးတယ်။ ပညာနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေရတယ်။ စိတ်ချမ်းသာတယ်။ စုမိဆောင်းမိရှိတယ်။ အိမ်ခြံမြေတိုက်တာတွေပိုင်ဆိုင်ရတယ်။


လူရဲ့ဘဝအခြေနေချင်း တူညီတာမျိုးမဟုတ်ပေမယ့် ကိုယ့်အနေအထားလေးနဲ့ကိုယ် လိုက်ပြီးအဆင်ပြေတယ်ဆိုတာမျိုးကတော့ ဘယ်သူ့မှာမဆိုရှိနိုင်ပါတယ်။ ဒါပေမဲ့ ပြောစရာတစ်ခုကတော့ တချို့တွေကအဲဒီအချိန်ကို အမိအရဖမ်းဆုပ်ယူနိုင်ပေမယ့် တချို့ကတော့ လုံးဝမသိလိုက်ဘဲ မသိလိုက်မသိဘာသာ ဖြတ်ကျော်လာခဲ့ကြတာမျိုးဖြစ်ပါတယ်။


ဘယ်သူတွေကသိသလဲဆိုရင် အလုပ်ကို သေသေချာချာနဲ့ ကြိုးစားလုပ်နေတဲ့သူတွေဟာ အဲ့ဒီအချိန်ကို သိလိုက်ကြတာများတယ်။ အပေါ်တက်စရာကိုရှာနေတဲ့နွယ်ပင်လေးလိုပါပဲ။ တစ်ခုခုကိုလုပ်နေတယ်။ ရှာဖွေနေတယ်။ အခွင့်အလမ်းတစ်ခုကိုတွေ့လိုက်တာနဲ့၊ အထောက်ပံ့တစ်ခုကိုရလိုက်တာနဲ့ အပေါ်ကိုတက်သွားနိုင်ကြတာဖြစ်ပါတယ်။


အဲဒီလိုလူတွေအတွက်က ဒီလိုအခွင့်အရေးမျိုးကြုံရတာနဲ့ ဒါဟာသူ့အတွက်ဆိုတာသိတယ်။ သူ့ဘဝမှာပြောင်းလဲတော့မယ်ဆိုတာသိတယ်။ သူကြိုးစားရင်ဖြစ်တော့မယ်ဆိုတာသိတယ်။ ဒီအခွင့်အရေးကိုလုံးဝလက်လွတ်မခံဘဲ အမိအရဆုပ်ကိုင်ရမယ်။ မိုးရွာတုန်း ရေခံရမယ်ဆိုတဲ့အသိမျိုး ရှိကြတာဖြစ်ပါတယ်။ တကယ်ပဲပတ်ဝန်းကျင်မှာ အဲဒီလိုပုံစံမျိုးနဲ့ ထိပ်အထိရောက်အောင် တက်သွားတဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။


ဘယ်လိုပဲ အခက်အခဲတွေ ရှိနေပါစေ၊ အလုပ်ကိုအာရုံစိုက်နေတာက အနာဂတ်ရဲ့ပြည့်စုံမှုကို တည်ဆောက်နေတဲ့အချိန်လေးပဲ ဖြစ်နေတယ်။ အလုပ်ကပဲ ဘဝရဲ့အကောင်းဆုံးအချိန်တွေကို ကြုံဆုံနိုင်ဖို့ ဆုံးဖြတ်ပေးလိုက်တာပါပဲ။


ဒါကြောင့် ဘဝမှာ အကောင်းဆုံးအချိန်ကိုရောက်ဖို့အတွက် စောင့်မနေပါနဲ့။ အခုပဲ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ အာရုံထားပြီး အကောင်းဆုံးအချိန်ကို စတင်ဖန်တီးလိုက်ဖို့လိုပါတယ်။


ဘာဖြစ်လို့ တချို့လူတွေက ဘဝရဲ့အကောင်းဆုံးအချိန်ကို သတိမထားမိကြတာလဲဆိုရင် အများစုက ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ အာရုံစူးစိုက်မှုရှိမနေတဲ့အတွက်ဖြစ်ပါတယ်။


ကိုယ်ကိုယ်တိုင်လည်း စိတ်ကူးထားတဲ့ပန်းတိုင်တွေ၊ မျှော်လင့်ချက်တွေ ကြီးကြီးမားမားရှိမနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဘဝမှာဖြစ်မြောက်ချင်တဲ့စိတ်ဆန္ဒသိပ်မရှိဘဲ အင်မတန်ရောင့်ရဲလွယ်တယ်။ ဒီလောက်နဲ့လည်းရပါတယ်။ အခုလည်းအဆင်ပြေနေတာပဲဆိုတဲ့ စိတ်အခံမျိုးနဲ့ဆိုရင်လည်း ဒီလိုအချိန်ကောင်းအခါကောင်းတွေကို လွတ်ထွက်သွားတတ်ပါတယ်။


တချို့ကျတော့သတ္တိမရှိဘူး။ စိတ်ခံစားမှုတွေကိုအရမ်းဦးစားပေးနေတယ်။ အဲဒီလိုအခါမျိုးမှာ လာပေးနေတဲ့အခွင့်အရေးတွေရှိရင်တောင် မမြင်မိတာမျိုး ဖြစ်တတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြားမှာ လမ်းပျောက်သွားတာမျိုးဖြစ်နိုင်တယ်။


တခြားသူတွေအပေါ် အာရုံစိုက်တာမျိုးကလည်း ကိုယ့်ရဲ့တက်လမ်းကိုမမြင်နိုင်ဘဲနဲ့ ပိတ်သွားတာမျိုးဖြစ်နေတတ်ပါတယ်။ မဆိုင်တာတွေကိုအာရုံစိုက်နေတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်မှုတွေလျော့နည်းလာတတ်တယ်။


တချို့လူတွေဟာ အကောင်းဆုံးအချိန်ကို မသိမသာဖြတ်သန်းသွားကြပြီး၊ တချို့ကတော့ ကိုယ့်ဘဝရဲ့ အကောင်းဆုံးအချိန်ဆိုတာကို သေသေချာချာသိပြီး အမြင့်ဆုံးရောက်အောင်လှမ်းတက်နိုင်တယ်။


ဘဝမှာ ဘယ်သူကမှ အမြဲတမ်းကံကောင်းမနေဘူး။ အနိမ့်အမြင့်၊ အတက်အကျဆိုတာရှိတာပါပဲ။ ကိုယ်က အရာရာအဆင်ပြေနေပြီး အကောင်းဆုံးဆိုတဲ့အခြေအနေမှာ အောက်ခြေလွတ်နေလို့ကတော့ တစ်ချိန်မှာ အကျနာနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးအချိန်ကိုကြုံနေရတဲ့အချိန်မှာ ကုသိုလ်နဲ့လည်းအားဖြည့်ပေးဖို့လိုပါတယ်။


မွန်ဟော်စီ

၂၀၂၄

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page