top of page
Search

မပျော်ဘူးဆိုတဲ့စကားကို လူတွေတော်တော်များများပြောကြပါတယ်...

  • Jul 29, 2024
  • 1 min read

ree

သူကလည်းမပျော်ဘူးလို့ပြောတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ပျော်နေရဲ့လားလို့ တွေးမိတယ် အစရှိသဖြင့် ပျော်ရွှင်ခြင်းနဲ့ပတ်သက်လို့ လူတွေမှာ ပိတ်မိနေတဲ့၊ Block ဖြစ်နေတဲ့ခံစားမှုလေးတွေ ရှိတတ်ကြပါတယ်။ Doubt ဖြစ်နေတဲ့သံသယလေးတွေရှိတတ်ကြတယ်။


နေကောင်းကျန်းမာနေတယ်ဆိုရင်လည်း မပျော်ရွှင်ဘူး၊ ပိုက်ဆံအဆင်ပြေနေတယ်ဆိုရင်လည်း မပျော်ရွှင်ဘူး၊ မိခင်ဖခင်နဲ့ မိသားစုစုံစုံလင်လင်ရှိရတာလည်း မပျော်ရွှင်ဘူး၊ စားဖို့သောက်ဖို့ မပူပန်ရဘူးဆိုရင်လည်း မပျော်ရွှင်ဘူး။ ဒါဆိုရင် ဘယ်တော့မှပျော်ရွှင်မှာလဲ။ ဒါကမေးစရာဖြစ်ပါတယ်။


ပျော်ရွှင်မှုဆိုတဲ့ပုံသေနည်း Formula ကို ရေးဆွဲတဲ့နေရာမှာ X ဆိုတာဟာ အခြေအနေအမျိုးစုံကို ကိုယ်စားပြုထားတဲ့ Variable တစ်ခုဖြစ်ပါတယ်။


X ဟာ ရက်ပေါင်းများစွာမိုးရွာနေတာကနေ သာသာယာယာနဲ့ နေထွက်လာတာဖြစ်နိုင်တယ်။ သွားကိုက်ပျောက်သွားတာဖြစ်နိုင်တယ်။ ဆေးရုံတက်နေတဲ့ချစ်ရတဲ့သူတစ်ယောက် ဆေးရုံကဆင်းလာတာ ဖြစ်နိုင်တယ်။ အလုပ်က Bonus ရလာတာ ဖြစ်နိုင်တယ်။ ကိုယ်စားချင်တဲ့အစားအစာတစ်ခု သူငယ်ချင်းက ပို့ပေးလိုက်တာလည်း ဖြစ်နိုင်တယ်။ ခရီးသွားဖို့ ပိုက်ဆံအိတ်ထဲမှာ ငွေရှိနေတာလည်းဖြစ်နိုင်ပါတယ်။


အဲဒီ X ဟာ ဘယ်လောက်ပဲကြီးကျယ်ကောင်းမွန်နေပါစေ.. လူတွေဟာ မပျော်မရွှင် ဖြစ်တတ်ကြတုန်းပါပဲ။ ဝမ်းနည်းတယ်၊ ဒေါသဖြစ်တယ်၊ ကြောက်တယ်၊ မကျေနပ်ဘူး၊ မနာလိုဖြစ်တယ်၊ ပြိုင်ဆိုင်တယ်..စတဲ့ အကောင်းအဆိုးခံစားချက်တွေက အမြဲတမ်းရောပြွန်းနေတတ်ပြီး အဆိုးခံစားချက်တွေကတော့ အမြဲတမ်းအလေးသာနေတတ်ကြပါတယ်။


လူတိုင်းဟာ ဘဝမှာ ပျော်ရွှင်ဖို့ကို လိုလားကြပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုဟာ ဘာကြောင့်ဒီလောက်တောင် ဖမ်းဆုပ်ထားဖို့ ခက်ခဲရတာလဲ၊ လက်ခံရယူဖို့ ခက်ခဲရတာလဲ။ ကိုယ့်ဆီမှာအချိန်အကြာကြီးမနေတာလဲ။


ပျော်ရွှင်မှုနဲ့ပတ်သက်ရင် လူတွေရဲ့ခံယူချက်က လည်းအများကြီးသက်ဆိုင်ပါတယ်။


🌷Notice the inner landscape

Inner Landscape ဆိုတာက ကိုယ့်ရဲ့စိတ်အတွင်းထဲမှာ ပုံဖော်ကြည့်ရှုနေတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ အဲဒီအရာကို သတိပြုပါဆိုတာက ကိုယ် ဘာတွေကိုတွေးနေလဲဆိုတာကို သတိထားမိစေဖို့ Self- Awareness ကို ဆိုလိုတာဖြစ်ပါတယ်။ စိတ်အတွင်းမှာ ဖြစ်နေတဲ့အရာကို Deeper Attention ပေးတာဟာ Mindfulness သတိကပ်ပြီးနေထိုင်ခြင်းရဲ့ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။


ဗုဒ္ဓရဲ့အဆုံးအမအရပြောရမယ်ဆိုရင် သတိပြုမိခြင်း Noticing ဆိုတာဟာ နာကျင်မှုလို့ခေါ်တဲ့ Suffering တွေကို အဆုံးသတ်သွားစေတဲ့ လမ်းကြောင်းရဲ့ ဗဟိုချက်မပဲဖြစ်ပါတယ်။


🌷Notice on what you have

ကိုယ့်ရဲ့စိတ်အတွင်းပိုင်းကို သတိပြုလိုက်မိတဲ့အခါကိုယ့်မှာရှိနေတဲ့အရာတွေက ပုံပေါ်လာပါတယ်။ မရှိတာတွေထက် ရှိတာတွေအပေါ်မှာ ပိုပြီးအာရုံထားလာပါတယ်။ အဲဒီမှာ တစ်ကိုယ်စာပျော်ရွှင်မှုPersonal Happiness ကို စတင်ခံစားရတာဖြစ်ပါတယ်။


🌷Notice that we all are the same

လူတွေအားလုံးဟာ ကိုယ်နဲ့အတူတူပါပဲ။ အခက်အခဲတွေကိုလည်း ကျော်ဖြတ်ရတယ်။ လိုချင်တဲ့အရာတွေလည်းရှိတယ်။ စိတ်လုံခြုံချင်တယ်၊ ချစ်ခြင်းမေတ္တာကိုလိုချင်တယ်။ ဘယ်သူမှ အကုန်လုံးပြည့်စုံနေတယ်ဆိုတာတော့ ဘယ်ရှိမလဲ။ အရာအားလုံးပြည့်စုံကောင်းမွန်နေမှ ပျော်ရွှင်မယ်ဆိုရင် ဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်ဘူး။ လူတွေအကုန်လုံးဟာ ဒီလိုပဲ။ ဒါကို နားလည်အသိအမှတ်ပြုတယ်ဆိုရင် Inner Landscape ဟာ ပိုပြီးရှင်းလင်းပြတ်သားသွားမှာဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း အထီးကျန်ခြင်းကနေ လျော့ပါးစေနိုင်ပြီး လူတိုင်းရဲ့ခံစားမှုတွေနဲ့ ချိတ်ဆက်မှုတစ်ခုရသွားတာဖြစ်ပါတယ်။


🌷Notice your experience and emotions

မိမိရဲ့အတွေ့အကြုံတွေ၊ ခံစားချက်တွေအားလုံးကို လက်ခံတဲ့ ကရုဏာ၊ ကြင်နာမှုနဲ့ ကြည့်ပေးပါ။

တစ်ခါတလေမှာ ကိုယ့်ရဲ့ခံစားချက်တွေဟာ အသိတရားရဲ့အပြင်ဘက်မှာ ရှိနေတတ်ပါတယ်။ တစ်ခါတလေမှာတော့ ခံစားချက်တွေဟာ ရောထွေးနေတတ်ကြပါတယ်။ အဲဒီအခါမှာ ဘယ်အရာက ပျော်စရာကောင်းတယ်၊ ဘယ်အရာက ပျော်စရာမကောင်းဘူးဆိုတာ ခွဲထုတ်ခံစားဖို့၊ တန်ဖိုးထားဖို့ ခဲယဉ်းပါလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ဆင်ခြင်သုံးသပ်ခြင်း Self Reflection က ခံစားချက်တွေကို သတိပြုနိုင်ဖို့ကူညီပေးပါတယ်။


🌷Notice your inner peace

ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ချက်ချင်းပြောင်းလဲဖို့မကြိုးစားဘဲ နားလည်လက်ခံပေးတယ်ဆိုတာက ဝမ်းနည်းနေတဲ့ကလေးငယ်ကို ဂရုစိုက်ပေးတဲ့မိခင်တစ်ယောက်ရဲ့ စောင့်ရှောက်မှုမျိုးနဲ့တူပါတယ်။ ချက်ချင်းထပြီးပျော်ရွှင်လိုက်ဖို့မဟုတ်ဘဲ စိတ်ရဲ့အေးငြိမ်းမှုကို အရင်ရှာဖွေရမှာဖြစ်ပါတယ်။ အေးငြိမ်းနေတဲ့နေရာလေးတစ်ခုကနေ အစပြုပြီး ချဲ့ထွင် ခံစားသွားရမှာဖြစ်ပါတယ်။ အေးငြိမ်းမှုဟာလည်းပျော်ရွှင်ခြင်းရဲ့ အစပဲဖြစ်ပါတယ်။


ဘဝက တစ်ခါတလေမှာတော့ အင်မတန်မှရှုပ်ထွေးတဲ့အတွေ့အကြုံတွေကို ဆောင်ယူလာတတ်တာရှိပါတယ်။ အမြဲတမ်းလည်းပျော်ရွှင်မှုဆိုတာ ဘယ်ရောက်လာနိုင်ပါ့မလဲ။ ခက်ခဲတဲ့အခြေအနေတွေဟာ အလွန်အကျွံတွေဖြစ်လာတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်မှုတွေ နည်းပါးလာတာ သဘာဝပဲဖြစ်ပါတယ်။ အခြေအနေတွေက ပြောင်းလဲတယ်။ အခြေအနေတွေပြောင်းလဲသလို စိတ်ခံစားချက်တွေလည်း ပြောင်းလဲတတ်ပါတယ်။


ဖြစ်ပျက်နေတဲ့အခြေအနေတွေပေါ်မှာ စိတ်က ဘယ်လိုတုံ့ပြန်မလဲ။ အောက်ဖက်မှာရှိတဲ့ ခံနေရသူဘက်က ဝင်ပြီးခံစားမလား။ အဲဒီအခြေအနေကိုအပေါ်စီးကနေ ကြည့်မြင်မလားဆိုတာနဲ့ နောက်ဆုံးမှာ ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာက အရေးကြီးပါတယ်။ ဘဝကိုအကန့်ကလေးတွေခွဲထားတတ်မှပျော်ရွှင်မှုကိုလည်းခံစားရမှာဖြစ်ပါတယ်။


တကယ်တော့ ပျော်ရွှင်မှုဆိုတာ ပြင်ပအခြေအနေတွေနဲ့မသက်ဆိုင်ဘူး။ အမြဲတမ်းတည်မြဲနေတဲ့ပျော်ရွှင်မှုဆိုတာ ပြီးပြည့်စုံတဲ့အခြေအနေတွေကနေ ဖြစ်ပေါ်လာခဲပါတယ်။ ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့စိတ်အတွင်းထဲကလာပါတယ်။ Inner Landscape ကို ပထမဦးဆုံးအနေနဲ့သတိထားမိဖို့ Notice ဖြစ်ဖို့လိုပါတယ်။



 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page