top of page
Search

စိတ်တည်ငြိမ်မှုရဖို့ နေရာပေးမှုအပေါ် မူတည်သင့်သလား?

  • Mar 7, 2025
  • 1 min read


Dark forest scene with glowing fireflies. Text in a foreign script floating in the sky, creating a mystical and enchanting atmosphere. Mon Halsey.

ကျွန်မ စားအိမ်သောက်အိမ်လိုဖြစ်နေတဲ့ သူငယ်ချင်းဆီရောက်တဲ့အခါတိုင်း သူက ထမင်းပွဲကြီးဟည်းထနေအောင် ပြင်ကျွေးတတ်ပါတယ်။ ကျွန်မ အဲဒီထမင်းစားပွဲမှာထိုင်တိုင်း မီးဖိုဘက်ကို မျက်နှာပေးပြီး ထိုင်တတ်ပါတယ်။ ကျွန်မ အဲဒီစားပွဲမှာ ဆယ်ခါထိုင်လည်း နေရာကတော့ ဘယ်တော့မှမပြောင်းပါဘူး။ လွန်ခဲ့တဲ့ ၅နှစ်ကလည်း ဒီစားပွဲရဲ့ ဒီခုံနေရာမှာပဲထိုင်ခဲ့တယ်။ ဘယ်သူငယ်ချင်းနဲ့သွားသွား ကျွန်မကတော့ အဲဒီနေရာမှာပဲ ထိုင်မိတယ်။ ထိုင်ဖြစ်တယ်။


တို့က ဘာမှအစွဲအလမ်းမထားဘူး။ ဘာညာပြောရင်မယုံပါနဲ့။ကျွန်မအမေ နေ့လည်နေ့ခင်း လှဲလျောင်းတဲ့နေရာကို သွားထိုင်ကြည့် “ဟေ့..ဒါ..အိုင့်နေရာ..ဖယ်..”ဆိုပြီး သူလုပ်တတ်ပါတယ်။ အမေတို့က အစွဲအလမ်းကြီးတယ် ဘာညာ ကျွန်မပြောပေမဲ့ ကိုယ်တိုင်ကျတော့လည်း သူများအိမ်က ထမင်းစားခုံကိုတောင် မသိစိတ်ကစွဲနေတာကို ပြုံးမိလို့ပါပဲ။ ဒါဟာ ကိုယ်နဲ့ဘာမှ မဆိုင်တဲ့နေရာကို စွဲတဲ့အစွဲပါ။

ဒီလိုအစွဲမျိုးကိုတောင် ဖြုတ်ဖို့ခက်တယ်ဆိုရင် ကိုယ့်ကို ဂုဏ်ဆာစေတဲ့အစွဲမျိုးတွေကို ဖြုတ်ဖို့ဆိုတာ ဘယ်လောက်ခက်မလဲသာ စဉ်းစားကြည့်စေချင်ပါတယ်။

ကျွန်မယောကျာ်းက တစ်ချိန်က နေရာတစ်ခုရဲ့လူကြီးဆိုတော့ ပွဲတွေလမ်းတွေသွားတဲ့အခါ အမြဲ ထိပ်ဆုံးကစားပွဲမှာ နေရာပေးတာခံရပါတယ်။ အဲဒီအခါ ကျွန်မက “ဟာ..သွားထိုင်မနေပါနဲ့..ကိုယ့်အပေါင်းအသင်းတွေနဲ့ကိုယ် နောက်နားမှာ..ဟေးဟားလုပ်ရတာ ပိုကောင်းပါတယ်” လို့ ပြောခဲ့တာချည်းပါပဲ။ ရာထူးကြောင့်နေရာပေးခံရတယ်ဆိုတာ ဘယ်တော့မှမတည်မြဲကြောင်း ကျွန်မသိလို့ဖြစ်ပါတယ်။

ယောကျာ်းကတော့ သူနဲ့သင့်တော်တဲ့နေရာ သူထိုင်ရမယ်လို့ ခံယူထားပေမဲ့ သူ့ဘေးကလိုက်ထိုင်ရတဲ့ ကျွန်မကတော့ တစ်ချိန် နောက်တန်းပို့ခံရမဲ့အရေးကို အမြဲကြိုမြင်လို့နေခဲ့ပါတယ်။ ယောကျာ်းအငြိမ်းစားယူပြီးနောက်ပိုင်း ပထမဦးဆုံးတက်ရတဲ့ ပွဲမှာတင်ကို ကျွန်မတို့ဟာ ဟိုးရှေ့ဆုံးမှာ နေရာမရတော့ပါဘူး။ ရှေ့ဆုံးစားပွဲဟာ ရာထူးရာခံတွေနဲ့ လက်ရှိအလုပ်လုပ်နေတဲ့အလုပ်ထဲကလူကြီးတွေအတွက် ဖြစ်သွားပါတယ်။ အသစ်တွေလာရင် အဟောင်းတွေက နေရာဖယ်ပေးလိုက်ရတာ ညီမျှတဲ့ လောကရဲ့သဘာဝပါပဲ။

ရာထူးရာခံတွေ စည်းစိမ်ဥစ္စာတွေ နာမည်ကျော်ကြားမှုတွေကို အခြေတည်ပြီးဖြစ်လာတဲ့ နေရာပေးမှုတွေဟာ အသက်ထက်ဆုံး တည်မြဲနိုင်ခြင်းမရှိပါဘူး။ ရာထူးရာခံမရှိတော့တဲ့နေ့ နေရာမရှိတော့ဘူး။

ပစ္စည်းဥစ္စာတွေမရှိတော့တဲ့နေ့ ဝိုင်းဝိုင်းမလည်တော့ဘူး။ နာမည်ကျလာတဲ့နေ့ ခေါ်ချင်ပြောချင်၊ ဓာတ်ပုံတွဲရိုက်ချင်တဲ့လူတွေမရှိတော့ဘူး။ ဒါဟာ လောကရဲ့ ဓမ္မတာပဲဖြစ်ပါတယ်။


ရာထူးရာခံရှိတာ နာမည်ကျော်ကြားတာ ငွေကြေးချမ်းသာပြည့်စုံတာတွေဟာ ကောင်းတဲ့လောကဓံတွေဖြစ်ပါတယ်။ အမြဲရမနေနိုင်ပါဘူး။ကောင်းတာတွေကြုံတဲ့အခါမှာလည်း စိတ်ကို ထားတတ်ဖို့လိုပါတယ်။ ဒါတွေမရနိုင်တော့တဲ့အချိန်မှာ ကြေကွဲဝမ်းနည်းနေမယ်ဆိုရင် ရှူံးပါတယ်။ ကိုယ့်စိတ်ချမ်းသာပျော်ရွှင်မှုဟာ သူများတွေရဲ့ အသိအမှတ်ပြုမှုပေါ်မှာ မူတည်နေသေးတယ်ဆိုရင် ကျွန်မတို့ တကယ်မပျော်ရွှင်သေးပါဘူး။

ကျွန်မကတော့ စိန်ရောင် ရွှေရောင် နေရောင် လရောင်တွေထက် ပိုးစုန်းကြူးလေးရဲ့ကိုယ်က အလင်းရောင်ကို ပိုလို့မက်မောမိပါတယ်။ ရာထူးရာခံမရှိပေမဲ့ သားတွေ သမီးတွေရဲ့ ဖေဖေ မေမေဖြစ်နိုင်တယ်။ ငွေကြေးမချမ်းသာပေမဲ့ မိဘကို မိသားစုကို ဂရုစိုက်စောင့်ရှောက်နိုင်တဲ့ သားသမီး ဖြစ်နိုင်တယ်။ နာမည်မကြီးလည်း ကိုယ့်ဘေးမှာ ချစ်တဲ့သူတွေရှိတယ်။ ဒါပါပဲ။


ကိုယ့်အရည်အချင်းရှိသမျှ အကောင်းဆုံးကြိုးစားတယ်။ ရိုးရိုးသားသားနေတယ်။ ဒါဆို ဘဝဟာ အတော်ပျော်စရာကောင်းပါပြီ။ နေရာလည်း မလိုဘူး။ နေရာပေးခံရဖို့လည်းမလိုဘူးလေ။ ကျွန်မတို့အတွက် ငြိမ်းချမ်းတဲ့ ကိုယ်ပိုင်နေရာဟာ စိတ်ထဲမှာပဲရှိပါတယ်။


Inner Peace.. စိတ်အတွင်းငြိမ်းချမ်းမှုတဲ့..။ ဘယ်လောက်လှပတဲ့စကားလုံးလေးပါလဲ။

ဘာကိုမှ မမက်မောပါနဲ့။

ဘာကိုမှ မစွဲလမ်းပါနဲ့။

ကိုယ်ပိုင်အလင်းရောင်လေးနဲ့သာ ထွန်းပပြီး ပျော်ရွှင်ကြစေချင်ပါတယ်။


မွန်ဟော်စီ

၂၀၂၀


 
 
 

Comments


  • Facebook
  • Youtube
bottom of page