top of page
Search

Wrong Person ဆိုတာ

  • May 29
  • 1 min read

Balcony with red flowers against blue sky. Beige building facade. Text: "Mon Halsey" and "Wrong Person" in overlay. Calm mood.

တစ်ခါတစ်ရံမှာ အစားစားရင်းနဲ့ မြန်မြန်စားလိုက်တဲ့အခါ ကြို့ထိုးတာမျိုးဖြစ်တတ်တယ်။ စပ်တဲ့အရသာတစ်ခုကို စားလိုက်မိတာ၊ Gas ပါတဲ့အရည်တစ်ခုကိုသောက်လိုက်မိတာမျိုးတွေမှာလည်း ကြို့ထိုးတယ်ဆိုတာဖြစ်တတ်တယ်။ ကြို့ထိုးတာကို အင်္ဂလိပ်လိုဆိုရင်တော့ Hiccup လို့ပြောပါတယ်။



ဘဝမှာ Hiccup ဖြစ်တဲ့အချိန်တွေရှိတတ်ပါတယ်။ မျှော်လင့်မထားတဲ့အချိန်မှာ ရုတ်တရက်ထဖြစ်တာမျိုးပေါ့။ အရမ်းကြီးကျယ်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ မသက်မသာဖြစ်ရတယ်။ အဲဒီလိုဖြစ်ရပ်လေးတွေက ဘဝတစ်ခုလုံးကို လဲပြိုသွားစေဖို့မဟုတ်ပေမယ့် နှလုံးသားမှာ အရာတစ်ခုတော့ ထင်သွားတာမျိုးဖြစ်တတ်တယ်။



အဲဒီလို Hiccup လေးတွေ ဘဝမှာကြုံရတဲ့အခါ သူတို့က ကိုယ့်ရဲ့အရှိန်ကိုလျှော့ချဖို့သတိပေးတယ်။ နည်းနည်းနူးညံ့ပျော့ပြောင်းဖို့ စေခိုင်းနေတတ်တယ်။ အလုပ်တွေအရမ်းများနေတဲ့နေ့မှာတောင် စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုရှာနိုင်မလဲဆိုတာ စဉ်းစားခိုင်းတယ်။



ကိုယ့်ရဲ့ဘဝမှာ ကိုယ်နဲ့မကိုက်ညီတဲ့ Wrong Person တစ်ယောက်ကိုရွေးချယ်မိတယ်ဆိုတာမျိုးက တစ်ခါတလေမှာ ကြို့ထိုးသလိုပေါ်ပေါက်လာတာမျိုးဖြစ်တတ်တယ်။ မျှော်လင့်ထားသလို ဖြစ်မလာဘူး။ သိပ်လည်းအဆင်မပြေဘူး။ နေလို့လည်းမကောင်းဘူး။ ကိုယ့်ဘဝက ကိုယ့်ရဲ့ ကိုယ်ပိုင်သံစဉ်နဲ့သွားနေတဲ့အချိန်မှာ မှားနေတဲ့ ဂီတသံစဉ် Note တစ်ခုကို တစ်ယောက်ကဝင်တီးလိုက်သလိုပဲ ရုတ်တရက်ကီးကြောင်သွားတယ်။ ဘယ်လိုဆက်တီးရမှန်းမသိဘူး။ ဘယ်လိုဆက်ဆိုရမှန်းမသိတော့ဘူး။ အူကြောင်ကြောင်နဲ့ အလယ်မှာရပ်သွားတယ်။



အစပိုင်းတော့ သတိမထားမိသလိုရှိတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်မှန်ထဲမှာကြည့်ရင်း ဒီကိစ္စနဲ့ပတ်သက်ပြီး အသက်အောင့်ထားမိတဲ့အချိန်တွေ အများကြီးရှိနေခဲ့ပါပြီလားလို့ သဘောပေါက်လာတယ်။ အသက်ရှူမဝတာကြာပြီ။မွန်းကျပ်နေတာကြာပြီ။



တတ်နိုင်သလောက်အများကြီးကြိုးစားခဲ့တယ်။ တတ်နိုင်သလောက်ယုံကြည်ပေးခဲ့တယ်။ တတ်နိုင်သလောက် အကောင်းဆုံးပေးခဲ့တယ်။ ဒါပေမဲ့ ကိုယ်သူ့ကိုပေးလိုက်တဲ့အသည်းနှလုံးဟာ ဂရုစိုက်မှုတန်ဖိုးထားမှုတွေနဲ့ ကိုင်တွယ်ခြင်းမခံခဲ့ရဘူး။ ပစ်စလက်ခတ်တွေဖြစ်နေတယ်။ ထားချင်တဲ့နေရာထား၊ နင်းချင်တဲ့နေရာနင်းချေပစ်ခံခဲ့ရတယ်။ သူ့မှာ ကိုယ့်မေတ္တာတစ်ခုတည်းနဲ့လည်းမလုံလောက်ဘူး။



ဒါပေမဲ့ Wrong Person ဆိုတာဟာ မကောင်းတဲ့သူမဟုတ်ပါဘူး။ ကိုယ်နဲ့ပဲမကိုက်ညီတဲ့သူပါ။ ကိုယ့်ရဲ့စည်းချက်နဲ့ သူက ကိုက်ညီမနေဘူး။ ကိုယ့်ရဲ့ကီးထဲမှာ သူဝင်ဆိုလို့မရဘူး။ အဲဒီလိုသဘောမျိုးဖြစ်တာပါ။ ဒါကြောင့် ဘာဆက်လုပ်ရမလဲဆိုရင် ကိုယ့်ကီးနဲ့ပဲ ကိုယ်ပြန်သွားနိုင်အောင်လုပ်ပါ။ သူ့ကိုလက်လွှတ်ပေးလိုက်ပါ။ let go လုပ်လိုက်ပါ။ ကိုယ့်အတွက် Wrong Person ဖြစ်နေပေမယ့် သူနဲ့ ရင်ခုန်သံစည်းချက်ခြင်းကိုက်ညီတဲ့သူအတွက်တော့ Right Person ဖြစ်နေပါလိမ့်မယ်။



ကြို့ထိုးလိုက်တဲ့အခါမှာ ကိုယ်ကမြန်မြန်အစားစားမိသွားတယ်။ ကိုယ်နဲ့မတည့်တာကို စားလိုက်မိတယ်လို့သတိပြုစရာဖြစ်တယ်။ အဲဒီအတိုင်းပါပဲ။ ဘဝမှာကြုံဆုံရတဲ့ Hiccup လေးတွေဟာ တစ်ခါတစ်ရံ ကိုယ့်ကိုနောက်ပြန်ဆုတ်ဖို့ ၊ကိုယ့်အရှိန်နဲ့ကိုယ် ပြန်သွားဖို့၊ကိုယ့် Beat နဲ့ကိုယ်ဆိုဖို့ ပြောပြပေးနေတာပါ။



ဒါကြောင့် Hiccup ဖြစ်တိုင်းဟာ အသိတစ်ခုကိုယူဆောင်လာပေးပါတယ်။



ကြို့ထိုးတယ်ဆိုတာ သူ့အလိုလို ပျောက်သွားတဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် အကြာကြီးကြို့ထိုးတယ်ဆိုရင် ဘာဖြစ်လာနိုင်လဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အခြေအနေတစ်ခု ပြောင်းလဲနေပြီဆိုတာ သတိထားမိလာရတယ်။



ဒါကြောင့် တစ်ခါတလေမှာ Hiccup ဖြစ်တယ်၊ ကြို့ထိုးတယ်ဆိုတာက ကိုယ့်ရဲ့ ပုန်းကွယ်နေတဲ့အမှန်တရားတစ်ခု၊ စစ်မှန်မှုတစ်ခုကို ပြန်လည်ရောက်ရှိဖို့ အခွင့်ရေးပေးလိုက်တာမျိုးဖြစ်တယ်။



ဘဝမှာ Hiccup တွေဖြစ်လာရင် စိတ်မညစ်နဲ့၊ လဲပြိုမသွားနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင် မဝေဖန်နဲ့ ။ ငါဘာလို့ဒါတွေလုပ်မိတာပါလိမ့်။ ငါ့ဆီမှာမှဒါမျိုးတွေ ဘာဖြစ်လို့လာဖြစ်နေရပါလိမ့်လို့ တွေးပြီးဝမ်းမနည်းနဲ့။ ဒါတွေဟာ ဘဝရဲ့ Hiccup လေးတွေပါဘဲ။ ဖြစ်တတ်တဲ့သဘောလေးတွေပါပဲ။



ဒါဟာ ခဏပဲ။ အချိန်တန်ရင် သူ့အလိုလိုပျောက်သွားလိမ့်မယ်။ ဘ၀ရဲ့ Hiccup လေးတွေက ကိုယ့်ကို တစ်ခုခုသင်ယူစေချင်တယ်ဆိုရင် ခွင့်ပြုလိုက်ပါ။ သူက ကိုယ့်ကို တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး သတိပေးချင်တယ်ဆိုရင် အဲဒါကိုလက်ခံလိုက်ပါ။ ဘဝဆိုတာ အမြဲတမ်းအပြစ်ကင်းစင်နေတာမဟုတ်ဘူး။ ဖြောင့်ဖြူးသာယာနေတာမဟုတ်ဘူး။ ဘာမှပြောလို့မရတဲ့အခြေအနေတွေကို ရုတ်တရက်မှာ ကြုံဆုံလာရတတ်တယ်။ ဒါကလည်း ဘဝရဲ့ ဖြတ်သန်းမှု


တစ်ခုပါပဲ။



မွန်ဟော်စီ


၂၀၂၅

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page