top of page
Search

တရားရှုမှတ်ခြင်း: စိတ်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းနှင့် အပန်းဖြေခရီး

  • Jan 7, 2025
  • 2 min read

Updated: May 20, 2025


Person in a brown sweater, hands clasped, leans on wooden railing overlooking a serene, blurred lake and forest in the background.

ဆောင်းဝင်လာပြီ။

မနက် အစောပိုင်းအချိန်၊ ညနေခင်းအချိန်တွေမှာ ဆောင်းရဲ့အငွေ့အသက်တွေကို သိသိသာသာခံစားလာရပါပြီ။


ကျွန်မက မနက်အစောကြီးနိုးလေ့ရှိပါတယ်။ ဒီအလေ့အကျင့်ကိုလုပ်ထားတာကတော့ ကျွန်မက မနက်စောစောမှာစာရေးတတ်ပါတယ်။ ပြီးတော့ဘယ်သူမှမနိုးသေးတဲ့အချိန် အသံတွေတိတ်ဆိတ်နေတာကို ကြိုက်လို့ ဖြစ်ပါတယ်။


မနက်စောစောမှာ တရားမှတ်တဲ့အကျင့်လည်းရှိပါတယ်။ အခုရက်ပိုင်းမှာ ရာသီဥတုကလေးကလည်း အေးအေးကလေးမို့လို တရားထိုင်တဲ့အခါမှာ ပိုပြီးစိတ်အေးချမ်းမှုတွေရှိနေပါတယ်။


လမ်းလျှောက်စက်ပေါ်မှာ လမ်းလျှောက်တိုင်းလည်း နားထဲ နားကျပ်ထည့်ပြီး တရားတွေနာလေ့ရှိပါတယ်။

ကျွန်မအမျိုးသားက ကျွန်မကိုကြည့်ပြီး တရားတွေက စိတ်ကိုအေးချမ်းစေတာမို့လို့ လမ်းလျှောက်စက်ပေါ်က ကျွန်မလမ်းလျှောက်နေတဲ့ပုံစံက လေ့ကျင့်ခန်းလုပ်နေတာနဲ့မတူဘဲနဲ့ အရမ်းကိုအေးအေးဆေးဆေး လျှောက်နေတာနဲ့တူနေတယ်။ မထိရောက်ဘူးလို့ သူကပြောပါတယ်။


သူကတော့ တရားနားထောင်မယ့်အစား သီချင်းနားထောင်ခဲ့မယ်ဆိုရင် သီချင်းရဲ့စည်းချက်နဲ့လိုက်ပြီး ကိုယ်ခန္ဓာကို ပိုပြီးလှုပ်ရှားနိုင်မယ်လို့ပြောပါတယ်။


ကျွန်မကတော့ တစ်မျိုးတွေးနေတာပါ။ ကိုယ်ခန္ဓာကို ကျန်းမာအောင် လေ့ကျင့်ခန်းလုပ်နေရသလို စိတ်ကိုကျန်းမာအောင်လည်း တရားတွေနာပြီး နေရတာပါ။


တစ်ရက်က Mindfulness expert တစ်ယောက်ရေးထားတာတဲ့ စိတ်ဝင်စားစရာအကြောင်းတစ်ခုကို ဖတ်လိုက်ရပါတယ်။ ဒါကြောင့် ဒီအကြောင်းကို ရေးချင်လာတာပါပဲ။


တရားရှုမှတ်တယ်၊ ဝင်သက်ထွက်သက်မှတ်တယ်၊ Meditation လုပ်တယ်ဆိုတာဟာ ကျွန်မတို့ရဲ့ စိတ်ကျန်းမာချမ်းသာမှု Mental well being အတွက် ဦးနှောက်ကို Fit ဖြစ်အောင်ထားတာ လေ့ကျင့်ခန်းလုပ်ပေးတာပါပဲလို့ ဆိုပါတယ်။


ဒီနေ့ခေတ် လူမှုပတ်ဝန်းကျင်မှာ လူတွေက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားခန်းမတွေသွားကြတယ်။ ကိုယ်ပိုင်လေ့ကျင့်ပေးသူ Personal Trainer တွေငှားရမ်းလာကြတယ်။ Fitness Studio တွေ၊ အနှိပ်ခန်းတွေ၊ အလှပြင်ဆိုင်တွေ၊ Spa တွေ သွားကြတယ် စသည်ဖြင့် အမျိုးစုံလုပ်ကြပါတယ်။


ဒါပေမဲ့ ဒါတွေဟာ ကိုယ်ခန္ဓာအတွက်သာဖြစ်ပါတယ်။ စိတ်ကျန်းမာချမ်းသာဖို့အတွက်ကတော့ Mental Fitness Studio တို့၊ Beauty salon အစား Mind salon တို့ Mental Spa တို့ကို သွားနိုင်ရင်ရော မကောင်းဘူးလား။ ဦးနှောက်လေ့ကျင့်ခန်းအတွက်ရော Personal Trainer မလိုဘူးလားလို့ရေးထားပါတယ်။


ဒီလိုစဉ်းစားမိတဲ့အခါ တကယ်တမ်း လူတိုင်းက စိတ်ကျန်းမာချမ်းသာရေးအတွက် တရားရှုမှတ်ခြင်း Meditation လုပ်တဲ့ အလေ့အထကို အလေးပေးပြီးဆောင်ရွက်လာကြတဲ့အခါ ဒီလိုနေရာတွေက စီးပွားရေးလုပ်ငန်းစုတွေအနေနဲ့တောင် ပေါ်ပေါက်လာနိုင်ပါတယ်။


(Edited အခုနှစ်တွေမှာတော့ Meditation တွေ Breath Work တွေ သင်ပေးနေကြတာ ပေါ်ပေါက်လာပြီလို့တောင်ပြောနိုင်ပါတယ်)


ကျွန်မတို့တွေ နေ့တိုင်း လေ့ကျင့်ခန်း Regular Work Out လုပ်ကြသလို ကျွန်မတို့ရဲ့ဦးနှောက်ကိုလည်း နေ့စဉ် တရားရှုမှတ်ခြင်းနဲ့ အလေ့အကျင့်လုပ်မယ်ဆိုရင် သူ့ရဲ့တွေးခေါ်ပုံ တွေးခေါ်နည်းတွေ စဉ်းစားပုံစဉ်းစားနည်းတွေဟာ ပိုပြီးမြန်ဆန်လာမယ် More Responsive ၊ ကြံခိုင်သန်စွမ်းလာမယ် Strong ၊ ထိရောက်လာမယ် Efficient အစွမ်းထက်လာမှာဖြစ်ပါတယ်။ Powerful ဖြစ်လာမယ်။


ဦးနှောက်သန်စွမ်းဖို့အတွက် အလေ့အကျင့်တွေမရှိဘူးဆိုရင် လေ့ကျင့်ခန်းမလုပ်တဲ့ ကိုယ်ခန္ဓာလိုပဲ ဦးနှောက်ကြီးက ပျော့ပျော့တွဲတွဲကြီးနဲ့ အားနည်းလာမှာအမှန်ပါပဲ။ လေ့ကျင့်ခန်းမလုပ်တဲ့ခန္ဓာကိုယ်မှာ ကြွက်သားတွေ လျော့တွဲလာသလိုပေါ့။


Meditation လုပ်တယ်ဆိုတာဟာ သာမာန်အနေနဲ့လုပ်ရင်ကောင်းပါတယ်လို့ ပြောပြီးပြီးရော ပြောလိုက်တာမျိုးမဟုတ်ပါဘူး။ တစ်နေ့ တစ်နေ့ ထွက်ပေါက်တွေပိတ်နေသလိုခံစားရတဲ့စိတ်ကို ဖြေလွှတ်ပေးဖို့အတွက် အလေးအနက်လုပ်သင့်တဲ့ ဦးနှောက်လေ့ကျင့်ခန်း စိတ်လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်။


တကယ် အလေ့အကျင့်ရှိနေတဲ့သူရဲ့ဦးနောက်မှာ သိသာတဲ့ပြောင်းလဲမှုတွေ Observable Changes တွေ တွေ့ရှိရပါတယ်။ ဦးနှောက်ရဲ့ဘယ်အပိုင်းမှာ တွေ့ရှိရတာလဲဆိုရင် ပျော်ရွှင်မှုနဲ့ အကောင်းမြင်စိတ်ခံစားချက်တွေကို လှုံ့ဆော်ပေးတဲ့ ဘယ်ဘက်အခြမ်းက Left prefrontal cortex မှာ တွေ့ရတာပါပဲ။


Meditation က ဒီအပိုင်းကို လှုပ်နှိုးပေးလိုက်ပါတယ်။ အဲဒီအခါမှာ Active ဖြစ်လာတဲ့အပိုင်းရဲ့ စွမ်းဆောင်ရည်ဟာ ကျွန်မတို့ကို တစ်နေ့လုံး mood ကောင်းစေတာ၊ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် သတိလေးထားပြီးလုပ်နိုင်တာ၊ နောက်ဆုံး ညအိပ်ချိန်အထိ ငြိမ်းချမ်းစွာအိပ်ပျော်စေတာ မျိုးကို အထောက်အကူ ဖြစ်စေပါတယ်။


Meditation ရဲ့ အခြေခံရှုမှတ်မှုဟာ သတိအပေါ်မှာအခြေခံပါတယ်။ ဒါကြောင့် Mindfulness လို့လည်းခေါ်ကြပါတယ်။ အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်းမှာ သတိရှိနေပါတယ်။ Moment to moment awareness လို့ ဆိုပါတယ်။


အခုစာနဲ့အတူ တွေ့မြင်နေရတဲ့ပုံကလေးထဲကအတိုင်း စိတ်ရောကိုယ်ပါ တည်ငြိမ်ခြင်း၊ ငြိမ်သက်ခြင်း၊ အေးချမ်းခြင်းနဲ့ ပြည့်စုံချင်တယ်ဆိုရင် တရားရှုမှတ်ခြင်းကို စမ်းသပ်ဆောင်ရွက်ကြည့်ပါ။


တရားထိုင်တယ်ဆိုတာက ထိုင်နေမှမဟုတ်ပါဘူး။ မည်သည့်ကိုယ်ဟန်အနေအထားမျိုးမှာမဆို အခြေအနေမျိုးမှာမဆို စိတ်မှာသတိရှိနေတယ်ဆိုရင် တရားထိုင်တာပါပဲ။ တရားအသိရှိနေဖို့ကသာ လိုရင်းဖြစ်ပါတယ်။

Meditation is both a workout and a vacation for your brain.


တရားရှုမှတ်ခြင်းဟာ ဦးနှောက်အတွက် လေ့ကျင့်ခန်းလည်းဖြစ်သလို အပန်းဖြေခရီးတစ်ခုနဲ့လည်း အလားသဏ္ဍာန်တူပါတယ်။


တွေးရတာတွေများလို့ ညောင်းညာနေတဲ့ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးပါ။ မွန်းကျပ်နေတဲ့ စိတ်တွေကို အနားယူပေးပါ။


မွန်ဟော်စီ

နိုဝင်ဘာ ၂၀၂၀


 
 
 

Comments


  • Facebook
  • Youtube
bottom of page