top of page
Search

ငွေနဲ့စွမ်းအင် – အဆင်ပြေလှပတဲ့ ငွေစီးကြောင်းဖန်တီးနည်း

  • Jan 28
  • 2 min read

Updated: Feb 19


Burmese text on a light background with snowflakes. The words Energy and Mon Halsey are prominent. Festive and serene mood.

ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ဟာ သူ့ကို နေ့စဥ်အသုံးပြုနေရတာဖြစ်ပြီး သူကလည်း ဘဝတွေကို အဆင်ပြေအောင် ရပ်တည်နိုင်အောင် ထောက်ပံ့ပေးထားနိုင်လို့ပဲ ဖြစ်ပါတယ်။


ဘဝမှာ ငွေတွေရလာကြတယ်။ ရသမျှကို စုတာ၊ သုံးတာ၊ ပေးတာ စသည်ဖြင့် လုပ်ကြရပါတယ်။ ဝင်လာတာနဲ့ ထွက်သွားတာနဲ့ နေ့စဥ်ဘဝမှာ စီးဆင်းနေတဲ့ငွေကို Cashflow လို့ ခေါ်ပါတယ်။


ငွေဟာ စွမ်းအင်ဖြစ်သလို လူဟာလည်း စွမ်းအင်ဖြစ်တယ်။ ဒီစွမ်းအင်နှစ်ခုဟာ ကိုက်ညီလာပြီ ချိတ်ဆက်မှုရှိလာပြီဆိုရင် လက်ထဲမှာ ငွေမြဲတာ၊ ငွေသုံးတဲ့အခါ စိတ်ချမ်းသာရတာတွေ ဖြစ်လာရပါတယ်။

ငွေနဲ့ လူရဲ့စွမ်းအင်တွေ ထိစပ်နေတာကို Energy Cycle နဲ့ ပြောထားတာ ဖတ်ဖူးပါတယ်။


ငွေတွေ ဘယ်လိုရအောင် ရှာမလဲဆိုတာလည်း အရေးကြီးသလို ဘယ်လိုသုံးမလဲဆိုတာကလည်း အရေးကြီးပါတယ်။


Cash Inflow ဆိုတာကတော့ ကိုယ့်ဆီကိုရောက်လာတဲ့ငွေကို ဆိုလိုတယ်။ တနည်းအားဖြင့် Creating Money ဘယ်လိုပုံစံနဲ့ဝင်လာလဲ ပိုက်ဆံတွေရောက်အောင်ဘယ်လိုလုပ်လဲ ဆိုတာပါပဲ။


Is your money creation based on good intention?


ကိုယ်ပိုက်ဆံရှာတဲ့ နည်းလမ်းဟာ ကောင်းသောရည်ရွယ်ချက်တွေပါရဲ့လား။

တချို့လူတွေဟာ ပိုက်ဆံတွေတော့ရှာနိုင်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့ရည်ရွယ်ချက်မပါတာမျိုး ဖြစ်နေတတ်ပါတယ်။


လာဘ်ထိုးတဲ့ငွေကို လက်ခံတာမျိုး၊ မရှိမှန်းသိနေလျက်နဲ့ ခက်ခဲသူဆီက ငွေတောင်းတာမျိုးပါပဲ။

တချို့ကျတော့ ပိုက်ဆံရအောင် ကလေးတွေကို စာသင်ပေးမယ်။ နေမကောင်းတဲ့လူတွေကိုပြုစုမယ်။ ခရီးသွားတွေကို ကားမောင်းပို့မယ်။ အိမ်တွေကို သန့်ရှင်းရေးလုပ်ပေးမယ်။ စျေးမှန်မှန်လေးရောင်းပေးမယ်။ ကောင်းကောင်းလေး ချက်ပေးမယ်ဆိုတာမျိုးက Good Intention ဖြစ်သွားပါတယ်။


What energy do you give to bring in money?


ပိုက်ဆံတွေရဖို့အတွက်ဘယ်လို Energy မျိုးကိုသုံးလိုက်သလဲ။

ခိုးလိုက်သလား၊ ကလိန်ကကျစ်လုပ်လိုက်သလား၊ သူများပိုက်ဆံယူပြီး မပေးဘဲထားလိုက်တာလား၊ သူများဦးနှောက် ဖောက်စားတာလား။


ဒါမှမဟုတ် တစ်ယောက် သိသွားပါစေ၊ တတ်သွားပါစေ၊ နေကောင်းကျန်းမာပါစေ၊ သွားလိုရာခရီးကို ချောချောမွေ့မွေ့ရောက်ပါစေ၊ သန့်သန့်ရှင်းရှင်းလေး ရှိကြပါစေ၊ အဆင်ပြေကြပါစေ​၊ စားကောင်းကြပါစေဆိုတဲ့ စေတနာမျိုးတွေနဲ့ အားထုတ်မှုတွေ ရှိကြပါသလား။ Willingness လို့ပြောရမှာပါ။ ကောင်းတဲ့စေတနာရှိနေတဲ့အခါ Energy ကလည်း အမြင့်ပိုင်းကို ရောက်နေတာမျိုးပါပဲ။


What value do you have to produce money?


ပိုက်ဆံရှာတဲ့နေရာမှာ ဘယ်လိုတန်ဖိုးမျိုး သတ်မှတ်ထားသလဲ။

လျှာပေါ်မှာ မြက်ပေါက်သွားပါစေ ခိုးတော့မစားဘူး။ မသန့်ရှင်းတဲ့ ငွေကို လက်မခံဘူး စသည်ဖြင့် ကန့်သတ်ချက်တွေထားတာပါ။


မဟုတ်မမှန်သော မတရားသော နည်းလမ်းတွေနဲ့ ပိုက်ဆံကို ရှာဖွေခြင်း၊ လက်ခံခြင်း၊ မပြုတာမျိုးလည်း ဖြစ်ပါတယ်။


What non financial costs and benefits come back to you?


ပိုက်ဆံမဟုတ်တဲ့ အခြားသောအကျိုးကျေးဇူးတွေ ဘာတွေရှိနေသေးလဲ။

တချို့အလုပ်တွေက ငွေကြေးအားဖြင့်ရတာနည်းတယ်။ ဒါပေမဲ့ မိတ်ဆွေတွေတိုးပွားတယ်။ ပညာရတယ်။ စိတ်ပျော်ရွှင်ရတယ်။


ရတော့ရလိုက်တယ်။ သူများမျက်ရည်ပေါက်ကြီးငယ်ကျမှ ဆိုရင်တော့ ဒါဟာ အကျိုးကျေးဇူး Benefits မဟုတ်ဘဲ ကုန်ကျစရိတ် Costs ပုံစံမျိုး ဖြစ်သွားပါပြီ။ သတိမထားမိပေမဲ့ ကိုယ့်ဘက်က အများကြီးပါသွားပါပြီ။ တစ်ခါတလေကျတော့ သံသရာအဆက်ဆက် ပြန်ဆပ်နေရတဲ့ Costs တွေ ဖြစ်သွားတတ်ပါတယ်။


Cash Outflow ဆိုတာကတော့ ကိုယ့်ဆီကနေ ထွက်သွားတဲ့ငွေပါ။ Using your money ပိုက်ဆံတွေဘယ်လိုထွက်သွားလဲ။ ဘယ်လိုပုံစံနဲ့ပိုက်ဆံတွေကိုသုံးလိုက်သလဲလို့ စဥ်းစားရမှာ ဖြစ်ပါတယ်။


How much money do you pay for what you bring in?


ကိုယ်ရလာတာတွေ အတွက် ဘယ်လောက်တောင် ပေးလိုက်ရသလဲ။

အများကြီးသုံးလိုက်ပေမယ့် မပျော်ရွှင်ရဘူး။ ကုသိုလ်လည်းမရလိုက်ဘူး။

တချို့တွေ ဂုဏ်တုဂုဏ်ပြိုင်လုပ်ချင်လို့ အများကြီးလှူကြတာမျိုးရှိပါတယ်။ ငါမို့လို့လှူနိုင်တာဆိုတဲ့မာနမျိုးဖြစ်သွားရင် ဘာမှ မရတော့ပါဘူး။


တချို့ကျတော့ သေးသေးလေးပဲကုန်ကျခံလိုက်ရတယ်။ စိတ်ထဲမှာ အများကြီးပျော်ရွှင်ချမ်းမြေ့ခြင်းတွေခံစားရတယ်။ ဥပမာ လမ်းခွေးလေးကို ပါမုန့်လေးတစ်ထုပ်ဝယ်ကျွေးလိုက်ပြီး သူတော့ အဆာပြေသွားရှာပြီလို့ မေတ္တာ ကရုဏာ ဖြစ်တာမျိုးပါပဲ။


Does your money connect you with a deeply satisfying life?


ပိုက်ဆံတွေ သုံးလိုက်ရတိုင်းမှာ ကျေနပ်နှစ်သိမ့်မှုတွေ ဖြစ်ပါသလား။

ကျွန်မဆိုရင် အရင်က ပိုက်ဆံသုံးလိုက်တိုင်းမှာ နှမျောနေတတ်တယ်။ Lack Mentality ရှိခဲ့ပါတယ်။ ကုန်သွားမှာ မကျန်တော့မှာ စိုးတာမျိုးပါပဲ။


ခုနောက်ပိုင်းကျတော့ Abundance Mentality ကို ပြောင်းလဲလာခဲ့တယ်။ သုံးသမျှပြန်ရမယ်လို့ပဲ စိတ်မှာထားတယ်။ အဲလိုပြန်ရဖို့လည်း သုံးလိုက်တိုင်းမှာ ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင်ပဲ စိတ်ကို ထားလိုက်ပါတယ်။


စျေးသည်ဆီမှာ စျေးဝယ်ရင်တောင် ပိုဝယ်လိုက်မိလည်း ကိစ္စမရှိဘူး။ သူပိုရသွားတယ်။ သူပျော်သွားမှာပဲ။ ငါ့ဆီက ဒီလောက်ကလေးလျော့သွားတာ ပြဿနာ မဟုတ်ဘူးလို့ တွေးတတ်လာခဲ့တယ်။ သူပိုရသွားတာ ကိုယ့်မှာ ကုသိုလ်ဖြစ်တာပဲလို့ စဥ်းစားလိုက်တယ်။


Does your money bring value and energy back to you?


ပိုက်ဆံတွေ ထွက်သွားပေမဲ့ ကောင်းတဲ့ Energy တွေ တန်ဖိုးတွေ ပြန်ရပါသလားတဲ့။ တချို့ကျတော့ ပေးလိုက်ရတယ်ဆိုပြီး မပျော်တာမျိုး ဖြစ်တတ်တယ်။ သူငယ်ချင်းတွေနဲ့စားတဲ့နေရာမှာ ကိုယ်ကျွေးလိုက်ရတဲ့အလှည့်ဆို သိပ်မပျော်တော့ဘူးဆိုတာမျိုး ဖြစ်တတ်တယ်။ ဒါဆို ပိုက်ဆံသာ သုံးလိုက်ရပေမဲ့ ကောင်းတဲ့ Energy တွေပြန်ရမလာဘူး။


ကိုယ်ကျွေးလိုက်ရတဲ့အတွက် ဝမ်းသာတယ်။ မိတ်ဆွေတွေနဲ့ ဒီလိုစားသောက်စကားပြောလိုက်ရတာ ပိုတန်ဖိုးရှိတယ်။ ပျော်စရာကောင်းတယ်လို့ တွေးတတ်ရင် ကောင်းတဲ့ Energy တွေ ဖြစ်သွားပါတယ်။ ပိုက်ဆံတွေ အများကြီးဝင်လာမှ Cash Flow တွေ အရမ်းကောင်းနေမှ ချမ်းသာတယ်လို့ မဆိုနိုင်သလို ပိုက်ဆံသိပ်မရှိပေမဲ့ စိတ်ချမ်းသာစွာ နေနိုင်တဲ့သူတွေရှိတယ်။


အဓိကကတော့ ရှာတတ်ဖို့နဲ့ သုံးတတ်ဖို့ပါပဲ။ သုံးလို့တောင်မကုန်ဘူးဆိုရင်လည်းကွယ်လွန် သွားတဲ့တစ်နေ့ ကိုယ်ရှာသမျှဟာ သူများအတွက်သာ ဖြစ်သွားမှာပါပဲ။


ငွေရှာတဲ့အခါမှာလည်း လောဘ ဒေါသ မပါဘဲ Energy အမြင့်ဆုံး အသန့်ရှင်းဆုံးငွေကို ရှာပါ။

သုံးတဲ့အခါလည်း လောဘ ဒေါသ မာန်မာန မစ္ဆရိယ မပါဘဲ အသန့်ဆုံး Energy အမြင့်ဆုံး Energy တွေရအောင် ပြန်သုံးပေးတတ်ဖို့လိုပါတယ်။


ပစ္စုပ္ပန်ကံရော အနာဂတ်ဘဝကံအတွက်ပါ အကောင်းဆုံးနည်းနဲ့ ငွေကိုလက်ခံပြီး အကောင်းဆုံးနည်းနဲ့ သုံးရမှာပါ။


ကုန်သမျှဟာ ပြန်ရနေရမယ်။ ကုန်-ရ ဖြစ်ရမယ်။ ကုန်ကျ မဖြစ်ရဘူးလို့ ယောဆရာတော်ကြီးဟောတာလည်း နာခဲ့ရဖူးပါတယ်။


မွန်ဟော်စီ

၂၀၂၁



 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page