top of page
Search

သင့်အိမ်က ပစ္စည်းတောင်လိုပုံပြီး ပိုက်ဆံတွေ ဘယ်ရောက်ကုန်လဲ မသိဘူး ဖြစ်နေပြီလား။

  • Jun 5
  • 2 min read

Hands holding fanned-out US dollar bills, background blurred, text in Burmese and English, "Mon Halsey." Mood is focused.

ကျွန်မအမေက တစ်ခါတလေ ပြောတတ်တယ်။ သူဟာ ဝင်ငွေမရှိဘူးတဲ့။


သူ့တစ်သက်လုံးလည်း အလုပ်မလုပ်ခဲ့ရဘူး။ သူ့လက်ထဲက ငွေဟာ မိဘဆီကလာတယ်။ ယောကျာ်းဆီကလာတယ်။ ယောက္ခမဆီကလာတယ်။ သားတွေ သမီးတွေဆီကလာတယ်။


ကာယအား ဉာဏအားတွေမပါပေမယ့် ဘယ်လိုပဲရလာရလာ ကိုယ့်ဆီကိုရောက်လာတဲ့ငွေဟာ ကိုယ့်ဝင်ငွေပါပဲ။ ဒီလိုပဲ သဘောထားရမှာဖြစ်ပါတယ်။ ကျွန်မကတော့ သူ့ရဲ့ Money Mindset ကိုပြောင်းစေချင်ပါတယ်။


A penny saved is a penny earned ဆိုတဲ့ Benjamin Franklin ရဲ့ Quote လေးကိုပဲ ကိုးကားလိုက်ချင်ပါတယ်။


တစ်ပြားစုမိတယ်ဆိုရင် အဲဒီတစ်ပြားကို ဝင်ငွေအဖြစ် သတ်မှတ်လို့ရပါသတဲ့။


ကျွန်မအမေနဲ့ပဲ ဥပမာထားပြီးပြောရမယ်ဆိုရင် အခုအသက်ရွယ်အထိ ပစ္စည်းတွေစုရတာ ဝယ်ရတာကြိုက်တုန်းပဲ။ အခုအချိန်မှာ ဘာမဆို အွန်လိုင်းကနေ ဝယ်လို့ရနေတာဆိုတော့ သူမှာထားတဲ့ပစ္စည်းတွေ ရောက်ရောက်လာတတ်တယ်။


ပန်းကန်လေးတွေ ပိုက်ဆံအိတ်ကလေးတွေများပါတယ်။ ဒါနဲ့ကျွန်မက အမေ့ရဲ့ ၃၆၅ လုံးမြောက် ပိုက်ဆံအိတ်ကလေးပြပါဦး အစရှိသဖြင့် ပြောရတယ်။ လိုလို့လားဆိုတော့ မလိုဘူး။ ဒါပေမဲ့ သူကြိုက်လို့ဝယ်တာပါပဲ။


မျက်စိထဲမှာ ဖျတ်ခနဲတွေ့လိုက်တယ်။ ကြိုက်သွားတယ်။ လိုချင်စိတ်ဖြစ်လာတယ်။ ဒါကို အင်္ဂလိပ်လိုတော့ Consumer Impulse လို့ခေါ်တာပါပဲ။


ဝင်ငွေမရှိဘူးပြောနေမဲ့အစား မလိုအပ်တာတွေအတွက် မသုံးမိဘူးဆိုရင် အဲဒါဟာ ဝင်ငွေပါပဲလို့ ပြောပြဖြစ်ပါတယ်။


တစ်ရက်ကလည်း ကျွန်မအမျိုးသားက ပေါင်မုန့်ကပ်မှုန့် Bread Crumbs ကုန်နေပြီလို့ပြောပါတယ်။ ကျွန်မလည်း ဈေးသွားရင်း နောက်တစ်ထုပ်ထပ်ဝယ် လာပါတယ်။


ဒီနေ့မနက် မီးဖိုထဲက အခြောက်အခြမ်းတွေသိမ်းဆည်းတဲ့ဘီရိုထဲမှာ တစ်ခုရှာရင်းနဲ့ မဖောက်ရသေးတဲ့ Bread Crumbs တစ်ထုပ်ထပ်ထွက်လာပါတယ်။


ဒါတင်ပဲလားဆိုတော့လည်းမဟုတ်ဘူး။ ရက်ကုန်နေပြီဖြစ်တဲ့ အသားဘူးတွေ ဟင်းအနှစ်ထုပ်တွေလည်း ထွက်လာပါတယ်။ ဒါတွေကို ပစ်လိုက်ရတော့ ပိုက်ဆံလေးတွေကို လွှင့်ပစ်လိုက်တာနဲ့တူတူပါပဲ။


ကျွန်မကိုယ်တိုင်လည်း တစ်လ တစ်လ စာအုပ်တွေ ဝယ်မိပါတယ်။ ပန်းဆက်လမ်းက အသစ်ထွက်တာမှန်သမျှ ရနေတဲ့အပြင် သွားရင်းလာရင်း တွေ့တဲ့နေရာမှာ တွေ့တဲ့စာအုပ်ကို ဝယ်တတ်ပါတယ်။ လောဘတကြီးပါပဲ။


 ပြီးရင် ဟိုဟာလည်းဖတ်ချင် ဒီဟာလည်းဖတ်ချင် ဟိုနားတစ်အုပ် ဒီနားတစ်အုပ်ထားတော့ ခေါင်းရင်းမှာလည်းစာအုပ်၊ အိမ်သာထဲမှာလည်းစာအုပ်၊ ဝရန်တာမှာ ခြံထဲမှာ စသည်ဖြင့် ကိုယ်ရှိတဲ့ နေရာတိုင်း စာအုပ်တွေဖြစ်နေတတ်ပါတယ်။ အခုမဖတ်နိုင်သေးပေမယ့် နောက်မှဖတ်မယ်ဆိုပြီး ဝယ်မိနေတာပါပဲ။


 ကျွန်မမေးချင်တာက စာဖတ်သူတွေရော အဲဒီလိုမျိုးတွေ လုပ်မိတတ်ကြပါသလား။


 ၁) ပစ္စည်းတစ်ခုကိုတွေ့လိုက်တယ်။ ကိုယ်တကယ်မလိုပေမယ့် ကြိုက်လို့ဆိုပြီးချက်ချင်းကောက်ဝယ်မိလိုက်တယ်။


 ၂) ပစ္စည်းတစ်ခုကိုရှာလို့မတွေ့ဘူး။ ဒါကြောင့် အသစ်တစ်ခုဝယ်လိုက်မိတယ်။


 ၃) ကိုယ့်ပစ္စည်းတွေရှင်းတဲ့အခါ ရှာတဲ့အခါ ဘယ်တုန်းကဝယ်ထားလိုက်မိမှန်းတောင် မမှတ်မိတော့တဲ့ ပစ္စည်းတွေ အဝတ်အစားတွေ ပြန်ထွက်လာတတ်တယ်။


 ၄) နောက်တော့မှ သုံးမယ်ဆိုပြီး ကြိုဝယ်ထားတယ်။ ပြီးတော့ လုံးဝမေ့သွားတယ်။ ဝယ်ထားပြီးမှ နှစ်နဲ့ချီ မတို့မထိဘဲ ထားလိုက်မိတာတွေရှိတယ်။


 ၅) စျေးတန်တယ်။ စျေးတွေချနေတယ်ဆိုပြီးဝယ်လိုက်တယ်။


 အခုမေးလိုက်တဲ့မေးခွန်းတွေထဲက ၂ ခု ၃ ခုလောက်ကို ကျွန်မတို့ လုပ်မိနေပြီဆိုရင် သေချာပါတယ် ကျွန်မတို့အိမ်မှာ တကယ်မလိုအပ်တဲ့ မသုံးဖြစ်တဲ့ ပစ္စည်းတွေ တောင်လိုပုံနေပါပြီ သို့မဟုတ် ပုံစပြုနေပါပြီ အဲဒီအတွက် ငွေတွေ အများကြီးသုံးလိုက်မိပါပြီ။


Marie Kondo ရဲ့ အိမ်ရှင်းနည်းမှာ ရှိသမျှပစ္စည်းတွေ ဆွဲထုတ်၊ အခန်းအလယ်ကို အရင် စုပုံခိုင်းတာပါပါတယ်။ ဒီအပုံကြီးကိုကြည့်ပြီး ဒါတွေအတွက် ကိုယ်ဘယ်လောက်ပိုက်ဆံတွေ သုံးခဲ့မိသလဲဆိုတာ နောင်တရမိအောင်ပါတဲ့။


ကျွန်မတို့အိမ်တွေမှာ ပစ္စည်းတွေပုံလာသလို ပိုက်ဆံတွေလည်းကုန်သွားခဲ့ပါတယ်။ ပိုက်ဆံဆိုတာ ဝင်ငွေအနေနဲ့ကိုယ့်ထဲကိုရောက်လာ စီးဝင်လာမှ မဟုတ်ဘဲ ကိုယ့်မှာရှိနေတဲ့ပိုက်ဆံတွေကို မလိုအပ်တဲ့အရာတွေ ကိစ္စတွေနဲ့ အကျိုးကြောင်းမရှိ အဆင်အခြင်မရှိ စီးထွက်မသွားအောင် Save လုပ်ထားနိုင်တယ်ဆိုရင် ဒါကို ဝင်ငွေလို့သတ်မှတ်ရမှာပဲဖြစ်ပါတယ်။


ငွေက ဝင်မလာပေမယ့်ရှိတဲ့ထဲက အကျိုးအကြောင်းမဲ့ ထွက်မသွားဘူးဆိုရင် ဒီငွေဟာ အပေါင်းလက္ခဏာကိုပြနေတာပဲဖြစ်ပါတယ်။ ဝင်ငွေပါပဲ။


ကျွန်မတို့ကပြောတတ်ကြတယ်။ ပိုက်ဆံတွေဘယ်ရောက်သွားလဲမသိဘူး။ အကုန်အကျတွေများနေတယ်။ ဘယ်လိုနေရာတွေမှာ ကုန်နေတာလဲဆိုတာ ပြန် ဆန်းစစ်ကြည့်စေချင်ပါတယ်။


ရေခဲသေတ္တာကိုဖွင့်လိုက်ရင်ပဲ ဝယ်ထားပြီးမစားဖြစ်တော့တဲ့ဟင်းသီးဟင်းရွက်တွေ မျက်စိရှေ့မှာမရှိဘူးဆိုရင် မေ့ထားမိတဲ့ ပုပ်သိုးသွားတဲ့အစားအစာတွေဟာ ငွေကြေးဆုံးရှုံးခြင်း စီးထွက်နေခြင်းရဲ့ ပြယုဂ်တွေဖြစ်တယ်။

ငွေသာစကားပြောတတ်မယ်ဆိုရင် ငါတို့က မင်းဆီကိုလာပါတယ်။ ဒါပေမဲ့ မင်းက လွှင့်ပစ်နေတာပဲလို့ ပြောမှာပါပဲ။ သူ့ကိုတန်ဖိုးမထားဘူးဆို သူစိတ်ကောင်းမှာမဟုတ်ပါဘူး။ နောက်မလာတော့ဘူးကွာ။ မင်းတို့နဲ့နေရတာ မပျော်ဘူးလို့ ဖြစ်လာပါလိမ့်မယ်။ ဒါမျိုးဖြစ်လာရင် သူနဲ့ကျွန်မတို့ရဲ့ Relationship မကောင်းဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။


 Do you like Money?

 ပိုက်ဆံကို ကြိုက်သလား။


 ဒီလိုမေးရင် ကျွန်မတို့အားလုဲးဟာ YES! လို့ ဖြေကြမှာချည်းပါပဲ။


 Does Money like you too?

 ငွေကရော ကိုယ့်ကိုကြိုက်တယ်ထင်သလား။


 ဒီလိုမေးရင်တော့ ဘယ်လိုများ ဖြေကြမှာပါလဲ။


 အခုအချိန်မှာ ငွေကြေးကို Energy ဘက်ကနေ ချဥ်းကပ်ရှုမြင်တဲ့နည်းတွေပေါ်လာကြပါတယ်။

 Money Mindset ကို ပြောင်းရမယ်။ Money Blocks တွေကိုဖြည်ရမယ် အစရှိသဖြင့်ပြောလာကြတယ်။ ကျွန်မလည်း သိထားသမျှ ဆက်တော့ရေးပါဦးမယ်။


ဒီနှစ်က ငွေကံကောင်းတဲ့နှစ်လို့ ပြောကြပါတယ်။ ဒါကြောင့်မို့လို့ အကျင့်ဟောင်းတွေကိုပြင်မယ်။ နှစ်သစ်မှာ ငွေကြေးအဝင်ထွက်တွေကို ရင်ဆိုင်မယ်။ မှတ်သားမယ်။ ( တချို့တွေက ငွေအဝင်အထွက်စာရင်းတွေလုပ်ဖို့ ကြောက်တတ်ပါတယ်) Money Energy ငွေကြေးရဲ့စွမ်းအင်တွေကို ကောင်းအောင်လုပ်မယ်။ ကိုယ်နဲ့ငွေကြေးရဲ့ Relationship တွေကို ကောင်းအောင်တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။


 မွန်ဟော်စီ

 ၂၀၂၂

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page