top of page
Search

နံနက်ခင်း အစပြုခြင်း - စိတ်၏ စွမ်းအားဖြင့် တစ်နေ့တာကို ပြောင်းလဲခြင်း

  • Jun 1
  • 1 min read

Wooden chairs with patterned cushions on a grassy lawn. Text reads Mon Halsey. Peaceful outdoor setting with lush greenery.

မနက်ခင်းတိုင်းမှာ ပထမဆုံးတွေးမိတဲ့ အတွေးစလေးတစ်ခုဟာ တစ်နေ့တာလုံးကို စိုးမိုးမှုရှိတယ်လို့ ဆိုကြတယ်။



ပူတာတွေပဲ များများတွေးရင် ပူတာတွေပဲလာတယ်။ အေးတာတွေ များများတွေးရင် အေးတာတွေ လာတာများတယ်။ ပိုင်းလော့ဆရာတော်ကြီးကတော့ နှလုံးသားထဲမှာ သတ္တိတွေကိန်းတယ်လို့ ဟောပါတယ်။ အေးတဲ့ဓာတ်၊ ပူတဲ့ဓာတ် စသည်ဖြင့် များတဲ့နေရာမှာ သူနဲ့တူတဲ့ဓာတ်တွေ စိမ့်ဝင်ကိန်းအောင်း လာတတ်တာပါပဲ တဲ့။



စိတ်ဆိုတာကလည်း စွမ်းအင်တစ်မျိုးပဲ မဟုတ်လား။


ဓာတ်သဘောတွေမို့ အချင်းချင်း ဆွဲငင်နေကြတာကို ယုံကြည်တယ်။


လူတွေ တူရာစုကြသလိုပါပဲ။



စိတ်ကို ကလေးတစ်ယောက်လိုပဲ ပြုစုပျိုးထောင်ပေးရပါမယ်။ Nurture လုပ်ပေးရပါမယ်။ ဘာဖြစ်လို့လည်းဆိုရင် စိတ်ဆိုတာ လူတွေရဲ့ အင်အားအကြီးဆုံး စွမ်းအင်တစ်ခု ဖြစ်နေလို့ပါပဲ။



စိတ်ကိုအရင်းခံပြီး လက်တွေ့ဘဝတွေ ပုံစံမျိုးစုံကို ဖန်တီးတည်ဆောက်ယူနိုင်ကြပါတယ်။


Thoughts create our reality.


အကောင်းဆုံး လက်တွေ့ဘဝကို ရနိုင်ဖို့ စိတ်ကိုစပြီး အကောင်းဆုံးထားကြည့်ရပါမယ်။



စိတ်ကို ကောင်းတဲ့အတွေးလေးတွေနဲ့ အစာကျွေးပေးပါ။ မကောင်းတဲ့ အတွေးတွေ Negative Feelings သံသယတွေ Doubt မလုံခြုံမှုတွေ


Insecurity ကနေ လွတ်မြောက်ခွင့် ပေးလိုက်ပါ။



မိုးလင်းစ နိုးထလာတဲ့အချိန်မှာ ခဏလေးပဲ ဖြစ်ဖြစ် သူ့ကို အားဖြစ်စေမဲ့ အာဟာရလေးကျွေးပေးပါ။ အပြင်လေးထွက်ပြီး လမ်းလျှောက်လိုက်တာ၊ သစ်ပင်သစ်ရွက်စိမ်းကလေးတွေကို ကိုင်တွယ်ကြည့်ရှုလိုက်တာ၊ စာလေးတစ်ပုဒ်ဖတ်လိုက်တာ၊ ငှက်ကလေးတွေ အစာကျွေးတာ၊ ဝင်သက်ထွက်သက် မှတ်လိုက်တာ၊ ဘုရားဝတ်ပြုတာ ကိုယ်သတိရလိုက်မိတဲ့ သူတွေကို ဆုတောင်းမေတ္တာပို့ပေးတာ၊ အကြည်ဓာတ်ရှိတဲ့ သူတစ်ယောက်နဲ့ အတူစကားပြောလိုက်တာ စသည်ဖြင့် ဘာမဆို လုပ်နိုင်ပါတယ်။



ဒါလေးတွေ လုပ်ဖို့က ဘယ်လောက်မှ အချိန်မကုန်သလို အရမ်းကြီး အင်အားစိုက်ထုတ်ဖို့လည်း မလိုပါဘူး။ ပုံမှန်လေး အာရုံစူးစိုက်ပြီး လုပ်ဖြစ်လိုက်ဖို့ပဲ လိုတာပါ။ ခဏလေး လုပ်လိုက်တာနဲ့ တစ်နေ့တာအတွက် အကြည်ဓာတ်ကလေးကို ရသွားမှာပါ။



စိတ်ကပြောတာကို သေချာနားထောင်တတ်ဖို့လိုပါတယ်။ အရင်က ဒါမျိုးတွေတွေ့ရင် ဖတ်လို့ကောင်းအောင် ရေးထားကြတာလို့ပဲ ထင်ခဲ့မိတယ်။



ဒါပေမဲ့ တကယ်တော့ ကိုယ့်စိတ်ကပဲ ကိုယ့်အတွက် အကောင်းဆုံး အသင့်တော်ဆုံးအရာကို သိနေတတ်ပါတယ်။


Gut Feeling ဆိုတာ ဝမ်းတွင်းသိစိတ်ကို ပြောတာပါပဲ။ သူပေးလာတဲ့ message တွေကို လျစ်လျူမရှူလိုက်ပါနဲ့။



တစ်ခါတလေကျတော့ သူပြောသလို မလုပ်မိဘဲ တင်းထားပြီး လုပ်မိလုပ်ရာတွေ ရည်ရွယ်ချက်မဲ့ လုပ်နေတာရှိတယ်။ သူများစကားတွေကြားမှာ လမ်းဆုံးသွားတာရှိတယ်။ အဲဒီအခါမှာ စိတ်ကိုယ်၌က ထွက်ပေါက်ပိတ်သွားရတာမျိုးတွေ ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။



ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးဖို့လိုပါတယ်။ ကိုယ့်စိတ်ကို သနားတယ် ကရုဏာထားတယ်ဆိုရင် သူမကြိုက်တာတွေ မတွေးဖို့ ကြိုးစားရမှာပါ။ ကျွန်မဆိုရင် မမြင်ချင်တာတွေဆို မကြည့်ဘူး။ မကြားချင်တာတွေနားမထောင်ဘူး။ မကြိုက်တာတွေဆို လက်သင့်မခံဘူး။



အစကတော့ မကြားချင် မမြင်ချင်တာတွေပဲ လိုက်ကြည့်သလို ဖြစ်နေခဲ့တယ်။ စိတ်ပင်ပန်းရတာပဲ များလာတယ်။ တစ်ခါတရံ လုံးဝ မှောင်နေတဲ့ Dark Circle ကြီးထဲရောက်သွားသလိုပဲ။



တစ်လောကလုံးမှောင်နေပြီး ကိုယ့်စိတ်ထဲမှာ အလင်းစကလေး ရှိနေတာဖြစ်နိုင်သလို တစ်လောကလုံး လင်းနေပေမဲ့ ကိုယ့်စိတ်ထဲမှာမှ မှောင်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အရာရာဟာ အတွင်းကသာ လာပါတယ်။



ဒါကြောင့် စိတ်ကို ပျော်ရွှင်မနေသည့်တိုင်အောင် ကြည်လင်အောင်ထားဖို့ လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုလုပ်မိတဲ့အတွက် အပြစ်မရှိပါဘူး။ တစ်စုံတစ်ယောက်ကို မထိခိုက်သရွေ့ အပြစ်မဟုတ်ပါဘူး။



ကျွန်မက စောစောနိုးတတ်ပါတယ်။ ရွတ်ဖတ်ရင်း နေထွက်တာကို စောင့်ကြည့်တယ်။ ပြီးရင် ဝင်သက်ထွက်သက်မှတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ တိတ်ဆိတ်သွားပြီး သူပေးလာတဲ့ Message လေးတွေကိုလည်း ရှင်းလင်းစွာ ကြည်လင်စွာ နားထောင်နိုင်လို့ပါပဲ။ ဒီမနက် ဘာအကြောင်းလေး ရေးလိုက်ပါလားဆိုတာမျိုး စိတ်က သတိပေးတတ်ပါတယ်။ အကြံပေးတတ်ပါတယ်။



One small positive thought in the morning can change your whole day. Be positive and have a great morning.



နေ့တစ်နေ့ရဲ့အစမှာ ကောင်းတဲ့ အတွေးလေးတစ်ခု အရင်ဆုံးတွေးလိုက်ပါ။ ကိုယ့်အတွက်ဖြစ်ဖြစ် သူများအတွက်ဖြစ်ဖြစ် ကောင်းတာလေး တစ်ခုခုကို ပထမဆုံးလုပ်လိုက်ပါ။



ကောင်းသောနေ့ကလေး ဖြစ်ကြပါစေ။



မွန်ဟော်စီ


၂၀၂၁

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page