အသက်အရွယ်ကြီးလာတာကို ဂုဏ်ယူဖို့အချိန် — အိုမင်းမှုရဲ့ အနုပညာနဲ့ ဘဝတန်ဖိုး
- Mar 10
- 2 min read

အသက်အရွယ်ကြီးရင့်လာတာနဲ့ ပတ်သက်ပြီး အကောင်းမြင်တတ်ဖို့ Optimistic View ကို ရရှိအောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။
Nurturing more optimistic view of Aging.
(၁) မိတ်ဆွေသူငယ်ချင်းတွေကွယ်လွန်သွားကြပြီ၊ ငါ့အလှည့်ကရော ဘယ်တော့လဲမသိဘူး။
When will be my turn to go?
အဲဒီလိုတွေးပြီး ဝမ်းနည်းနေမဲ့အစား ငါကတော့ ကံကောင်းစွာနဲ့ သက်ရှိထင်ရှားရှိနေသေးတာပဲ။ ကုသိုလ်ကောင်းမှုတွေကို အသက်ရှင်သရွေ့လုပ်နေနိုင်သေးတယ်လို့ တွေးကြည့်လိုက်ပါ။
(၂) ဘယ်သူကတော့ အိပ်ရာထဲမှာလဲသွားရှာပြီတဲ့။
My friend is seriously ill.
အဲဒီလိုတွေးမိတယ်ဆိုရင် ငါကတော့ အိပ်ယာထဲမှာမလဲသေးဘူး။ သွားနိုင်လာနိုင်သေးတယ်။ ကားမောင်းနိုင်သေးတယ်။ အစားအသောက်လည်းမပျက်သေးဘူး။ ကျန်းမာအောင်၊ အသက်ရှည်အောင် ဆက်ပြီး ကြိုးစားနေထိုင်ရမယ်။ နောက်တစ်နှစ်မွေးနေ့အတွက် ကျန်းမာအောင်နေမယ်လို့ တွေးကြည့်ပေးစေချင်ပါတယ်။
(၃) ငါ့ရဲ့အကောင်းဆုံးအချိန်တွေဟာကျန်ခဲ့ပြီ။ အသက်လေးဆယ်တုန်းက နေခဲ့ရတဲ့အချိန်ဟာ အကောင်းဆုံးပဲ။ My best self is behind me.
အဲဒီလိုတွေးမဲ့အစား အခုအချိန်တွေဟာလည်း ပိုပြီးကောင်းလာတဲ့အချိန်တွေပါပဲ။ ကိုယ့်အမြဲတမ်းနေထိုင်ခဲ့တဲ့မြို့ကြီး တိုးတက်နေတာကိုမြင်ရတာ ဝမ်းသာစရာကောင်းလိုက်တာ၊ ခေတ်တွေစနစ်တွေပြောင်းလာတာကို ငါသိနေ မှီနေသေးတယ်။ သားသမီးတွေနဲ့ အရင်လို တစ်မိုးအောက်ထဲမှာမရှိတော့ပေမဲ့ မိသားစုဝင်အသစ်တွေ မြေးလေးတွေတိုးပွားလာတာ ဝမ်းသာစရာပါလားလို့ တွေးကြည့်စေချင်ပါတယ်။
(၄) အဖိုးကြီးတွေ အဖွားကြီးတွေစကားကို ဘယ်သူမှ နားမထောင်ချင်ကြတော့ပါဘူး။
Nobody wants to hear from old people.
အဲဒါဟာမမှန်ပါဘူး။ ကိုယ်တကယ်စကားပြောကြည့်မှ သူတို့နားထောင်တယ်၊ နားမထောင်ဘူးဆိုတာကို သေသေချာချာသိရမှာပါ။
ကြုံခဲ့ဖူးတဲ့အတွေ့အကြုံတွေအကြောင်း ပြောကြည့်ပါ။ စာတွေရေးပါ။ ပုံပြင်လေးတွေပြောကြည့်ပါ။ ကိုယ်ပြောတာကို တန်ဖိုးထားပြီး နားထောင်ချင်တဲ့သူတွေအများကြီးဆိုတာတွေ့ရမှာပါ။
(၅) ဒီခေတ်ကလေးတွေကတော့လေ သိပ်ပြောရဆိုရခက်တာ၊ ဆောင့်ကြွားကြွားနဲ့ သူတို့ပဲသိတယ်၊ တတ်တယ် ထင်နေကြတာ။
ကျွန်မအမေဆို ပြောတတ်ပါတယ်။ ကလေးတွေဟာ မွေးကင်းစကလေးတုန်းကပဲ ချစ်စရာကောင်းတယ်။ ကြီးလာပြီဆိုရင် အမြင်ကပ်စရာကောင်းသွားရောလို့ ကျွန်မတို့ကို စိတ်တိုတိုင်းပြောတဲ့စကားပါ။
ဒီလိုမတွေးစေချင်ပါဘူး။ ဒီခေတ်ကလေးတွေဟာ ကိုယ့်ထက်ပိုပြီးတော်ကြပါတယ်။ ဒါကိုအသိမှတ်ပြုပေးဖို့ မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။
ကိုယ်တွေလည်း ကိုယ့်အသက်အရွယ်နဲ့ကိုယ် တော်ခဲ့၊ တတ်ခဲ့၊ အောင်မြင်ခဲ့တဲ့သူတွေဖြစ်သလို အခုအချိန်ဟာ သူတို့ရဲ့အချိန်ဖြစ်ပါတယ်။ သူတို့ခေတ်ဖြစ်ပါတယ်လို့ တွေးကြည့်ပါ။ ကိုယ်မလုပ်နိုင်တာတွေ သူတို့လုပ်နိုင်တယ်။
သူတို့ကို ဝေဖန်ပြစ်တင်ပြောဆိုလိုက်မယ်ဆိုရင် သူတို့နဲ့ဆက်သွယ်ဖို့နည်းလမ်းတွေ ပျောက်ဆုံးသွားမှာပဲဖြစ်ပါတယ်။ တစ်ခါတစ်လေ သူတို့နဲ့စကားပြောပြီး သူတို့ဆီက ကိုယ်မသိသေးတဲ့အရာတွေ ပြန်ပြီးသင်ယူလိုက်ရတာ နားထောင်လိုက်ရတာဟာ အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။
(၆)အတိတ်ကအချိန်တွေဟာ အနာဂတ်ဘဝထက် ပိုပြီးအရေးကြီးနေတာပဲ။
The past matters more than the future.
ဒီလိုတွေးမိပါတယ်ဆိုရင် တစ်မျိုးပြောင်းတွေးကြည့်လို့ရပါတယ်။ လူတိုင်းရဲ့ဘဝမှာ အတိတ်ကာလကဖြစ်ရပ်တွေကို တန်ဖိုးထားရမှာဖြစ်သလို ရှေ့လာမဲ့ အနာဂတ်ဘဝဟာလည်း အရေးကြီးပါတယ်။
ကျွန်မတို့ဟာ အသက် ၅၀ လည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ၆၀၊ ၇၀၊ ၈၀၊ ၉၀ လည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဘယ်အသက်အရွယ်မှာမဆို အနာဂတ်ကအရေးကြီးပါတယ်။ ရှေ့မှာဘယ်လိုပုံစံနဲ့ဖြတ်သန်းသွားချင်တယ်။ ကိုယ့်ရဲ့ Future selfက ဘယ်လိုပုံစံလဲ။ ကိုယ့်ရဲ့Life purpose က ဘာလဲ။ ဆက်လက်ရှာဖွေသွားဖို့လိုပါတယ်။
(၇) ပေးစရာတွေလည်း ဘာမှသိပ်မရှိတော့ပါဘူး။
I don't have much to offer.
ပေးစရာဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့အသိဉာဏ်၊ အတွေ့အကြုံပညာရပ်တွေကို နည်းနည်းလေးပဲဖြစ်ဖြစ် နောင်လာနောက်သားတွေအတွက် ကိုယ်တတ်နိုင်သလောက်ထည့်ဝင်ပေးခြင်း Contribution လုပ်ခြင်းကို ဆိုလိုပါတယ်။ အင်္ဂလိပ်လိုတော့ Generativity လို့လည်း ဆိုကြပါတယ်။ (A concern for establishing and guiding the next generation)
ကမ္ဘာလောကကြီးအတွက် ဘာတွေချန်ထားခဲ့လို့ရမလဲဆိုတာကို နည်းလမ်းရှာဖွေပါ။ နည်းနည်းလေးပဲဖြစ်ဖြစ် Generate လုပ်ပေးစေချင်ပါတယ်။
(၈) နောက်ထပ်ဆုံးရှုံးမှုတွေကို မခံနိုင်တော့ဘူး။
I can't bear another loss.
ဆုံးရှုံးမှုတွေကိုရင်ဆိုင်ကြုံတွေ့ရဦးမှာသဘာဝပါပဲ။ ဒါဟာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
အသက်ကြီးလာတာကို ရပ်တန့်လို့မရသလို ဆုံးရှူံးမှုတွေ မကြုံတွေ့ရအောင်လည်း ရပ်တန့်ထားလို့မရပါဘူး။ ဒီဖြစ်စဉ်တွေထဲမှာ ကျွန်မတို့အကုန်လုံး ကျင်လည်နေကြပြီး ဆုံးရှုံးမှုတွေကိုလည်း သည်းခံနိုင်ရမှာဖြစ်ပါတယ်။
ဆုံးရှုံးမှုတွေထဲမှာ အိမ်မွေးခွေးလေးတစ်ကောင်ပါနိုင်သလို ကိုယ်ချစ်ခင်ရတဲ့မိသားစုဝင်များ ကွယ်လွန်သွားကြတာလည်း ပါနိုင်ပါတယ်။
သွားလေးတစ်ချောင်း ကျိုးတာကလည်း ဆုံးရှုံးမှုဖြစ်သလို နေ့တိုင်းကုန်ဆုံးသွားရတဲ့ နေ့ရက်တွေဟာလည်းဆုံးရှုံးမှုတွေဖြစ်ပါတယ်။
ကွယ်လွန်သွားတာနဲ့မွေးဖွားတာဟာ သဘာဝရဲ့ဖြစ်စဉ်ကြီးတစ်ခုဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဒီစကြဝဠာကြီးထဲမှာရှိတဲ့ မွေးဖွားခြင်း၊ ကွယ်လွန်ခြင်းတွေထဲမှာ အံ့သြဖွယ်ကောင်းစွာ နေထိုင်လည်ပါတ်နေခဲ့ကြတာပါ။
ဘယ်လိုဘဝမျိုးတွေနဲ့ ကောင်းမွန်စွာ ပြန်လည်မွေးဖွားလာမလဲဆိုတာကို မျှော်လင့်ရင်း အကောင်းဆုံးကြိုးစားရှင်သန်နေထိုင်ရမှာဖြစ်ပါတယ်။
အခုအချိန်ဟာဆိုရင် အိုမင်းခြင်းနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ အတွေးအမြင်တွေကို ပြောင်းလဲဖို့အချိန်ပဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်အိုမင်းသွားခြင်းကို ကောင်းတဲ့ဘက်ကနေ တွေးတောပါမယ်။
ကိုယ့်အတွေးတွေကို ပြောင်းလဲလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်တာဟာလည်း ကမ္ဘာလောကကြီးတစ်ခုလုံးကို ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။
အသက်အိုမင်းကြီးရင့်လာခြင်းဟာ အံသြစရာတွေနဲ့ပြည့်နှက်နေပါတယ်။ ဘယ်လိုအသက်အရွယ်မှာပဲဖြစ်ဖြစ် လူသားတစ်ယောက်အနေနဲ့ ဘဝဖြစ်တည်မှုပုံစံမျိုးစုံနဲ့ ရှင်သန်နေထိုင်ခွင့်ရခဲ့ကြတာဟာ ကျွန်မတို့အတွက် အံ့သြစရာပဲဖြစ်ပါတယ်။
မွန်ဟော်စီ
၂၀၂၁
Comments