ရေများများသောက်နော် – စကားလေးတစ်ခွန်းက စိတ်တွေကို အေးမြစေတတ်ပါတယ်
- Aug 5
- 1 min read

အခုချိန်မှာ လူတွေအချင်းချင်းတွေ့ရင် တစ်ယောက်နဲ့တစ်ယောက် သိသိ မသိသိ ပူလိုက်တာနော်လို့ ပြောဖြစ်ကြတယ်။ရာသီဥတုပူတာကြောင့် နေလို့တောင်သိပ်မကောင်းကြဘူး။
မိတ်ဆွေ မောင်လေးတစ်ယောက်ကတော့ အရင်းမရှိ အဖျားမရှိ ကျွန်မကို Message လေးတစ်စောင်ပို့လာတယ်။
အစ်မ..ရေများများသောက်နော် တဲ့။
တခြားဘာမှလည်းမပြောဘူး။ ရေသောက်ဖို့ကို လှမ်းသတိပေးလိုက်တာပါပဲ။ သူ ကျွန်မကို သတိရနေလို့လည်း ဖြစ်မယ်နဲ့တူပါတယ်။
အဲဒီ "ရေများများသောက်နော်" ဆိုတဲ့ စာလေးထဲမှာ သတိရမှုတွေ ဂရုစိုက်မှုတွေ အလေးထားမှုတွေ ပါဝင်နေတာ ခံစားမိပါတယ်။
ကျွန်မလည်း အဲဒီနေ့မှာပဲ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင်း ရေများများသောက်နော်လို့ သတိပေးလိုက်မိပါတယ်။
သတိရနေတယ်နော်..ဂရုစိုက်ဦး။ နေကောင်းအောင်နေနော်။ ကြည်လင်ပါစေ။ အေးမြပါစေ ဆုတောင်းပေးနေမယ် အစရှိသဖြင့် ရှည်ရှည်ဝေးဝေးတွေပြောနေစရာမလိုဘဲ ရေများများသောက်နော် လို့ ပြောလိုက်တာလေးနဲ့တင် ပြီးပြည့်စုံသွားတယ်လို့ ထင်တယ်။
Energy ဆိုတာ ကူးစက်စေတဲ့အရာတစ်ခုပါပဲ။
တစ်ယောက်ကနေ တစ်ယောက်ကို Energy Transfer လုပ်နိုင်ကြပါတယ်။
ကိုယ်က စပြောလိုက်တဲ့ စကားလေးတစ်ခွန်း၊ ကိုယ်ကစလုပ်လိုက်တဲ့ အလုပ်ကလေးတစ်ခုဟာ ကိုယ်ကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုပါ သက်ရောက်မှုရှိနေတတ်တယ်။ များသောအားဖြင့်တော့ ဒါကို သတိမထားမိတတ်ကြပါဘူး။
ကိုယ်တိုင်ကြုံဖူးတဲ့အဖြစ်အပျက်တစ်ခုပါပဲ။ တစ်ရက်မှာတော့ ကျွန်မ စိတ်တွေတိုနေတာကို သိသိသာသာခံစားမိတယ်။
အိမ်မှာ တစ်ယောက်ယောက်က တစ်ခုခုလာပြောရင်လည်း စိတ်မရှည် မဖြေချင်။ ပြောသမျှလည်းအဆင်မပြေ ရန်လိုနေတယ်။ Aggressive ဖြစ်နေတယ်။
ဘာဖြစ်လို့ စိတ်တွေ ကြွပ်ဆတ်နေတာလဲ စဥ်းစားတော့ အကြောင်းအရာ မယ်မယ်ရရလည်းမရှိ။ နောက်တော့မှ ဖျတ်ကနဲသတိရလိုက်မိတယ်။ မနက်ဘက်မှာ Facebook ကြည့်ရင်း အပေါင်းအသင်း တစ်ယောက်ရေးထားတဲ့ စာလေးတစ်ကြောင်းကို သွားဖတ်လိုက်မိတာ စိတ်က အဆင်မပြေဖြစ်သွားတယ်။
အဲဒီကနေစတာပဲ။
အဲဒါဟာ Negative Energy ရဲ့အစပဲ။ စိတ်ကို တစ်နေ့တာလုံး အဆင်မပြေဖြစ်သွားစေတဲ့ Trigger အစပျိုးမှုတွေဆိုတာ စာကြောင်းလေးတစ်ကြောင်းနဲ့တင် လုံလောက်နေတတ်ပါတယ်။
အဲဒီအချိန် ဖြစ်သွားတဲ့ စိတ်ခံစားချက် Emotion လေးကို သတိမထားလိုက်မိဘူး။ ဒါမှမဟုတ် ဘာမှမဟုတ်ပါဘူးလေဆိုပြီး ချိုးနှိမ်ထားလိုက်မိတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက ပုံစံတစ်မျိုးနဲ့ ပြန်ကန်ထွက်လာတယ်။
အဲဒီမှာ ဘေးမှာရှိတဲ့ လူတွေကိုပတ်ရမ်းမိတော့တာပါပဲ။ မိသားစုကတော့ ပိုဆိုးတာပေါ့။ သူတို့နဲ့က အားနာစရာ မရှိဘူးလေ။ အဲတော့ ပြန်အော်မိတယ်။ ကောင်းကောင်းမပြောမိဘူး။ စိတ်မရှည်ဘူး။ ဒါမျိုးတွေ ဖြစ်လာတယ်။
သူတို့ကလည်း ဒီတိုင်းဘယ်နေပါ့မလဲ။ စိတ်မကြည်မလင်နဲ့ဘဲ ရုံးသွားမယ်။ အပြင်ထွက်သွားမယ်။ အိမ်က ဖြစ်ခဲ့တဲ့ ပြသနာကို သူတို့ဘေးကလူတွေကို ပြန်ပြီး လက်ဆင့်ကမ်းမယ်။ ရုံးမှာ လူကြီးဆိုရင် သူ့ရဲ့ Team ကို သွားအော်မိမှာပဲ။ ကားအမြန်မောင်းရင်း ဘရိတ်ကို ဆောင့်နင်းပစ်လိုက်မိမယ်။
ဒါကြောင့် Negative Energy ဆိုတာ ကိုယ်လက်ခံလိုက်မိပြီ ကိုယ့်ထဲရောက်လာပြီဆိုတာနဲ့ အရင်ဆုံး ကိုယ်ကစပြီး ပူလောင်သွားရတယ်။ ပြီးရင် ကိုယ့်မိသားစုကို ကူးစက်သွားစေတယ်။ ပြီးရင် ကိုယ့်ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းထိရောက်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ အလုပ်ကလူတွေပါမယ်။ သွားရင်းလာရင်း တွေ့တဲ့သူတောင် လွတ်ချင်မှလွတ်မယ်။ ဒေါသက နေရာမရွေး လူမရွေး ထွက်နေမယ်။
သတိမထားမိရင် မထားမိသလို အဲဒီစက်ကွင်း Energy Circle တွေဟာ ကျယ်ပြန့်နေတတ်ပါတယ်။
ဒါကြောင့် မနက်မှာ ကောင်းတာလေးတစ်ခုပဲအရင်တွေး၊ ကောင်းတာလေးတစ်ခုပဲ အရင်ပြောလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးဖြစ်တယ်။ မိုးလင်းလို့ အမေနဲ့အရင်တွေ့ရင် "အမေ..ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား" ဆိုတာမျိုး မေးလိုက်ပါတယ်။
မိတ်ဆွေနဲ့ စကားပြောဖြစ်တဲ့အခါ ရေများများသောက်ဖို့မမေ့နဲ့လို့ ပြောဖြစ်လိုက်ပါတယ်။ သြော် သူက ငါ့ကိုသတိတရရှိနေတယ်၊ ဂရုစိုက်ပေးတယ် ဆိုတဲ့ Feeling လေး သူ့ကိုရသွားစေချင်တယ်။
ဂရုစိုက်ခံရတယ်ဆိုတဲ့ ခံစားချက်လေးက ဘယ်လိုရှိမလဲ။
ဘာမှမဟုတ်ဘူးဆိုပေမဲ့ ဒီလို ဂရုစိုက်မှုလေးတွေ အလေးထားမှုလေးတွေက တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းလိုက်တဲ့အခါမှာ ကျယ်ပြန့်တဲ့ ခွန်အားရှိတဲ့ စက်ကွင်း Positive Energy Circle တွေ ဖြစ်လာတတ်ကြပါတယ်။
ကိုယ်က အရင်ဆုံး အေးငြိမ်းမှုကို ခံစားရတယ်။ ကိုယ့်မိသားစုဆီကို အဲဒီ အေးငြိမ်းမှုလေးက ရောက်ပါတယ်။ ပြီးရင် ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးဆီ ပျံ့နှံ့ရောက်ရှိပါတယ်။
အချင်းချင်း ဂရုစိုက်ပေးဖို့ လိုတယ်မဟုတ်လား။
ရေများများသောက်ကြနော်..။
မွန်ဟော်စီ
၂၀၂၃



Comments