top of page
Search

စိတ်ဓာတ်ကျခြင်းမှ ကာကွယ်ဖို့ ကိုယ်ရဲ့ Energy ကို ဘယ်လိုထိန်းသိမ်းမလဲ

  • May 5
  • 2 min read


Sunlit forest scene with rays filtering through trees. Text in the center, earthy tones. Calm, serene atmosphere.

တစ်နေ့တာ အတွင်းမှာပဲ စိတ်တွေ အတက်အကျ ဖြစ်နေတယ်ဆိုတာမျိုးကို မကြာခဏကြုံဖူးကြပါလိမ့်မယ်။


တချို့သောလူတွေ ပတ်ဝန်းကျင်တွေ အသံတွေ အရာဝတ္ထုပစ္စည်းတွေနဲ့ ထိတွေ့ဆက်ဆံလိုက်ရလို့ရှိရင် ကျွန်မတို့ကိုယ်စိတ်နှလုံး သုံးပါးထဲက Energy တွေ စီးထွက် Drain ဖြစ်သွားတတ်ကြပါတယ်။ စိတ်တွေ အတက်အကျ ဖြစ်နေတယ်။ ပျော်လိုက်မပျော်လိုက် ဖြစ်နေတယ်ဆိုတာမျိုးပါပဲ။


ဒါကြောင့်သူများတွေဆီက ပြင်ပက မကောင်းတဲ့ Negative Energy တွေ ကိုယ်ထဲစီးဝင်မလာအောင် ကိုယ့် Energy ကို ကိုယ်ကာကွယ်ထားတတ်ဖို့လိုပါတယ်။


1) Tune in to how you're feeling - ခံစားချက်တွေကို ချိန်ညှိပါ။


ပထမဦးဆုံးအနေနဲ့ ကိုယ့်ရဲ့ခံစားချက်တွေကိုကိုသိနေပြီး tune in လုပ် ချိန်ညှိတတ်ဖို့လိုပါတယ်။ နှလုံးခုန်နှုန်းတွေမြန်လာတာ၊ ခေါင်းကိုက်လာတာ၊ စိတ်ထဲမှာတင်းတင်းကျပ်ကျပ်ကြီး ဖြစ်လာတာ စသည်ဖြင့် ဒီလိုအရာတွေအားလုံးဟာ စိတ်ခံစားမှုနဲ့တိုက်ရိုက်ဆက်သွယ်နေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

ပတ်ဝန်းကျင်မှာရှိတဲ့ အခြေအနေတွေ လူတွေ သတ္တဝါတွေ သက်မဲ့အရာဝတ္ထုတွေကအစ ကျွန်မတို့ကို စိတ်ညစ်ညူးစေနိုင်ပါတယ်။ ဒီသဘောကိုနားလည်ပြီး သတိရှိနေခြင်းဟာ အာရုံတွေထဲမှာ မျောပါမသွားခြင်းဟာ ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Energy ကို ကာကွယ်ထားလိုက်ခြင်းပဲဖြစ်ပါတယ်။


2) Set boundaries to conserve energy - စည်းတွေ သတ်မှတ်ပါ။


အခြေအနေတစ်ခုက ကိုယ်လက်မခံနိုင်ဘူး၊ ကိုယ်မကြိုက်ဘူးဆိုရင် မကြိုက်တာကို မကြိုက်တဲ့အတိုင်း ငြင်းဆိုနိုင်ပါတယ်။ ကိုယ်မကြိုက်တဲ့အရာတွေကို လိုက်လုပ်နေရတဲ့အခါမှာ Energy တွေ drain ဖြစ်သွားတတ်ပါတယ်။

ဥပမာအားဖြင့် ဧည့်ခံပွဲတစ်ခုမှာ ကိုယ်နဲ့ အစေးမကပ်တဲ့သူတွေနဲ့ တစ်ဝိုင်းတည်းထိုင်လိုက်ရရင် စိတ်တွေကျဥ်းကျပ်လာတာမျိုးဖြစ်ပါတယ်။ ကြိုတင်ငြင်းဆိုနိုင်တဲ့အရာတွေအတွက် အားမနာဘဲ ကြိုတင်ငြင်းဆိုခြင်းစီးချထားခြင်းဟာ အဲဒီကြီးကိုကာကွယ်ခြင်းပဲဖြစ်ပါတယ်။


3) Stop giving away your energy - ကိုယ့် Energy တွေကို သူများကို မပေးပါနဲ့။


စိတ်ထဲမှာသက်သောင့်သက်သာမရှိဘူး။ နေလို့မကောင်းဘူးဆိုတာက ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ ကောင်းတဲ့ Healthy Energy တွေကို တခြားသူတွေ ယူသွားဖို့ခွင့်ပြုလိုက်မိတဲ့အတွက်ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့က Setting Boundary စည်းတွေချထားဖို့အရမ်းအရေးကြီးပါတယ်။

တခါတလေကျတော့ ကိုယ်မကြိုက်တာတွေကိုလည်း ဇွတ်နှစ်ပြီး လုပ်နေတတ်ကြပါတယ်။ ကိုယ့်ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေ မိတ်ဆွေသူငယ်ချင်းတွေ မိသားစုဝင်တွေကိုပိုပြီး အရှေ့ကိုပို့ထားတတ်ပါတယ်။ ဒီလိုနဲ့ သူတို့ကို ကိုယ့် Energy တွေ အလကားပေးလိုက်မိပါတယ်။ ကိုယ်က မောပန်းပြီး ကျန်ခဲ့တယ်။


4) Use Mindfulness to limit your exposure to negativity - မကောင်းတဲ့အရာတွေကို ဘယ်လောက်ထိပဲ လက်ခံမယ်ဆိုတာ သတိကပ်ထားပါ။


Negativity လို့ခေါ်တဲ့ မကောင်းတဲ့အရာတွေအတွက် ဘယ်လောက်အထိပဲ ကိုယ့်စိတ်ထဲမှာ ခွင့်ပြုလက်ခံမလဲဆိုတာကို အမြဲတမ်းသတိရှိနေဖို့လို့ပါတယ်။ အဲဒီအတွက် ကိုယ့်ရဲ့အတွေးတွေကို သတိထားပြီးနေရပါမယ်။

လူတွေဟာ ကိုယ်တွေးတဲ့အတိုင်း ကိုယ်ဖြစ်နေကြတာပါ။ We are what we think we are. ဒါကြောင့်တစ်နေ့မှာ ဘာကိုအာရုံထားနေသလဲ။ စိတ်ဖိစီးမှုတွေများပြီး မကောင်းတာတစ်ခုကိုပဲ တွေးတော အာရုံစူးစိုက်နေသမျှ အဲဒီနေ့ဟာ ဘယ်လောက်အထိ Energy တွေစီးထွက်သွားတဲ့နေ့ ဖြစ်သလဲဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။

Mindful ဖြစ်နေတဲ့အတွက် ကျွန်မတို့က ဘာတွေတွေးနေသလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာကို သတိရှိနိုင်ပါတယ်။

အဲဒီကိုသတိရှိနေတဲ့အခါမှာ ကျွန်မတို့က Positivity ကောင်းတဲ့ အတွေးတွေနဲ့ ပြန်ပြီး အစားထိုး Tune in လုပ်နိုင်ပါတယ်။


5) Find your happy place - ကိုယ်ပိုင်နေရာလေးတစ်ခုရှာပါ။


သာယာတဲ့ ကောင်းမွန်တဲ့ စိတ်ကို ငြိမ်းချမ်းစေတဲ့နေရာတစ်ခုကို စိတ်ကူးထဲမှာမြင်ကြည့်ပါ။ ဒီနေရာလေးဟာ ကျွန်မတို့ရဲ့အိမ်ထဲမှာလည်းရှိနိုင်ပါတယ်။ အိမ်နားက နေရာလေးတစ်ခုလည်း ဖြစ်နိုင်သလို အလုပ်ထဲက သစ်ပင်လေး တစ်ပင်လည်း ဖြစ်နိုင်ပါတယ်။

ကျွန်မဆိုရင် ကျွန်မတစ်ယောက်တည်းနေတဲ့ စာကြည့်ခန်းလေးထဲမှာ ခေါင်းအုံးလေးတွေ ကော်ဇောလေးတွေ သစ်ပင်လေးတွေ ဖယောင်းတိုင်ကလေးတွေ စာအုပ်ကလေးတွေနဲ့ သီးသန့်နေရာလေးတစ်ခု ဖန်တီးထားပါတယ်။

စိတ်တွေညစ်လာတဲ့အခါ အဲဒီနေရာလေးကိုစဉ်းစားလိုက်ရင် အမောပြေသွားပါတယ်။ အဲဒီနေရာ အဲဒီအခန်းကလေးထဲမှာ တစ်ယောက်တည်း အချိန်တော်တော်များများထိုင်နေလိုက်ပြီးရင် Energy တွေ ပြန်ပြည့်လာတတ်ပါတယ်။


6) Be aware of your triggers - စိတ်အနှောင့်အယှက်လေးတွေကို သတိပြုမိပါစေ။


Trigger ဆိုတာကတော့ စိတ်ကသိကအောက် အနှောင့်အယှက်ဖြစ်ရတာလေးတွေပါပဲ။ တကယ်တော့လူတိုင်းမှာ Trigger ရှိကြတာချည်းပါပဲ။

ညဘက်အိပ်တဲ့အချိန် ခြင်ထောင်ထဲမှာ ခြင်ရောက်နေပြီး မျက်နှာနားမှာ တဝီဝီ လုပ်နေတာဟာလည်း Trigger ပါပဲ။ အိမ်ရှေ့အိမ်ကခွေးဟောင်တာကလည်း Trigger ပါပဲ။ ကားဟွန်းတီးသံတွေ ကလည်း Trigger ပါပဲ။

ကျွန်မတို့က ဒီအရာတွေနဲ့လည်း တစ်နေ့တစ်နေ့ ပင်ပန်း နွမ်းနယ်နေတတ်ကြပါတယ်။ Trigger ဖြစ်နိုင်တဲ့အရာတွေကို သတိပြုပါ။


7) Clean your living space - ကိုယ်နေထိုင်တဲ့နေရာတွေကိုရှင်းလင်းပါ။


ကျွန်မတို့နေထိုင်တဲ့ ပတ်ဝန်းကျင်တွေဟာ သန့်ရှင်းသပ်ရပ်နေဖို့လိုပါတယ်။ စာကြည့်စားပွဲ၊ စာရေးစားပွဲဟာ ရှုပ်ပွနေရင် ကျွန်မဘယ်လိုမှစာရေးလို့မရပါဘူး။ စာရေးတဲ့နေရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းကလွဲလို့ တခြားအရာတွေနဲ့ရှုပ်ပွနေရင် စိတ်တွေပါရှုပ်လာသလိုခံစားရပါတယ်။


ကိုယ်နေတဲ့နေရာ အလုပ်လုပ်တဲ့နေရာတွေရှင်းနေရင် စိတ်တွေရှင်းသွားတာကိုလည်းတွေ့ရမှာပါ။ အိပ်ရာပွနေတာ အခန်းပွနေတာ အလုပ်စားပွဲပွနေတာမျိုးဟာ ကျွန်မတို့ရဲ့စိတ်ကို Energy ကျစေပါတယ်။


8) Build a solid social circle - ခိုင်မာတဲ့ မိတ်ဆွေရပ်ဝန်းကိုတည်ဆောက်ပါ။


ဘယ်လိုလူမျိုးတွေနဲ့ အပေါင်းအသင်းလုပ်မှာလဲဆိုတာကအရေးကြီးပါတယ်။ ကျွန်မဆိုရင် သူငယ်ချင်းလုံးဝမရှိတဲ့ Facebook Account တစ်ခုရှိပါတယ်။ အဲဒီထဲမှာကိုယ် လေးစားချစ်ခင်ရတဲ့ ပညာယူရတဲ့ ဆရာဆရာမတွေကိုပဲ Follow လုပ်ထားတဲ့အခါမှာ အကြည်ဓာတ်တွေချည်း ကိုယ့်ဘေးနားမှာ ဝန်းရံထားပြီးသားဖြစ်နေပါတယ်။


အေးချမ်းတယ်၊ အသိပညာရတယ်၊ စိတ်ကောင်းစိတ်မြတ်တွေဖြစ်စေတယ်။ ဒီလိုပါပဲ အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် မိသားစုထဲမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Positive Vibe ကိုဖြစ်စေတဲ့သူတွေနဲ့ ပိုပြီး အချိန်ပေးသင့်ပါတယ်။ ပေါင်းသင်းသင့်ပါတယ်။


9) Save your energy - Energy တွေကို ချွေတာပါ။


ကျွန်မတို့မကြိုက်တဲ့ လက်မခံနိုင်တဲ့ မကောင်းတဲ့လွှမ်းမိုးမှု Negative Influences တွေအပေါ်မှာ ဘယ်လောက်အထိ Energy တွေသုံးပြီး တုန့်ပြန်နေမိပါသလဲ။ ဘာမှအရေးမပါတဲ့ အတင်းအဖျင်းစကားတွေကြားရုံလေးနဲ့တောင်မှ Energy တွေပြုတ်ကျသွားတာ၊ Toxic Energy တွေကို စိတ်ထဲအဝင်ခံလိုက်မိတာမျိုးရှိတတ်ပါတယ်။


ဘာမြင်မြင် ဘာတွေ့တွေ့ တုံ့ပြန်မှုတွေမလုပ်ခင်မှာ ခဏလောက် ရပ်ပြီးစဉ်းစားပါ။ ကျေနပ်တာပဲဖြစ်ဖြစ် မကျေနပ်တာပဲဖြစ်ဖြစ် တစ်ခုခုပြန်ပြောမယ်ဆိုရင် ဒီကိစ္စအတွက်က ကိုယ်ကာကွယ် ထိန်းသိမ်းထားတဲ့ အဖိုးတန် Valuable Energy တွေကိုထုတ်သုံးလိုက်ဖို့ ထိုက်တန်ပါရဲ့လားဆိုတာကိုစဉ်းစားပါ။


ဥပမာအားဖြင့် Facebook မှာ ဟားစရာ ဗီဒီယိုကိုကြည့်လိုက်မိပြီး ကိုယ်ကတစ်ခုခုကို ဝင်ပြောလိုက်မိတာမျိုးဟာ Toxic Energy ကိုယ့်ကိုယ်ထဲကို အဝင်ခံလိုက်ပြီး ကိုယ့်ရဲ့ကောင်းတဲ့ Energy ကိုတော့ အလကားသက်သက် သွားသုံးလိုက်တာမျိုးဖြစ်နေတတ်တယ်ဆိုတာကို သတိပြုမိဖို့ ဖြစ်ပါတယ်။

တကယ်တော့ကျွန်မတို့ဟာ နေ့စဉ်နဲ့အမျှ အလုပ်ခွင်မှာ အိမ်မှာ လူတွေကြားမှာ Energy တွေသုံးနေကြရပါတယ်။


Energy ကိုကာကွယ်ထားတယ်ဆိုတာ အလုံးစုံ လုံခြုံမှု အေးချမ်းမှုကိုရဖို့အတွက်နဲ့ ကျွန်မတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်အရေးကြီးဆုံးဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၂


 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page