တစ်ယောက်တည်းဖြင့် စိတ်အေးချမ်းမှုကို ရှာဖွေခြင်း
- May 28
- 1 min read

တစ်မနက်မှာ အလုပ်ကိစ္စနဲ့ချိန်းဆိုထားတဲ့ တစ်နေရာကိုသွားခဲ့ရပါတယ်။ ကျွန်မ နာရီဝက်လောက်စောရောက်နေပြီး ဟိုဟိုဒီဒီကြည့်နေမိတယ်။
ဒါနဲ့လမ်းတစ်ဖက်ခြမ်းမှာ သပ်သပ်ရပ်ရပ်လေး ဖွင့်ထားတဲ့ ရှမ်းခေါက်ဆွဲဆိုင်ကလေးကိုတွေ့မိပါတယ်။ ဒါနဲ့ အဲဒီဘက်ကို ကူးသွားလိုက်ပြီး ရှမ်းခေါက်ဆွဲ မှာစားပါတယ်။
တကယ်တော့ ကျွန်မ အဲဒီဆိုင်ကလေးကိုသတိထားမိနေတာကြာပြီ။ အရှေ့ကဖြတ်ဖြတ်သွားပြီး ဝယ်ကိုမစားဖြစ်ပါဘူး။ ဘယ်ကိုဆက်သွားရဦးမယ်၊ ဘာဝင်ဝယ်ရဦးမယ်၊ ဘယ်သူကအတူပါလာတယ် အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့်ပါပဲ။
ဒီတစ်ခါတော့ အခွင့်အရေးလည်းရနေတာနဲ့ ရှမ်းခေါက်ဆွဲထိုင်စားရင်း ချိန်းထားသူကို စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်မတစ်ယောက်တည်း ထိုင်ရင်းတွေးနေမိပါတယ်။ ကိုယ်တစ်ယောက်တည်း ဆိုင်လေးတစ်ဆိုင်ကိုသွား အေးအေးဆေးဆေးလေးထိုင် ကိုယ်ကြိုက်တာလေးတွေမှာစားခဲ့တာ ဘယ်တုန်းက နောက်ဆုံးပါလဲလို့ စဥ်းစားမိတော့ခေါင်းထဲမှာ ပေါ်တောင် မပေါ်တော့ပါဘူး။
ဒီကိစ္စက အရေးမကြီးသလိုထင်ရပေမယ့် တကယ်တော့ အရေးကြီးပါတယ်။
တစ်ယောက်တည်း မထိုင်ဖြစ်တာ မစားဖြစ်တာကလည်း များသောအားဖြင့် ဘေးနားမှာ နေမကောင်းတဲ့ အမျိုးသားပါနေပြီး ဆိုင်မှာစားမယ်ဆိုရင်တောင် သူကြိုက်တဲ့ဆိုင်ကိုဦးစားပေး ထိုင်လိုက်ရတာမို့ပါပဲ။
သူငယ်ချင်းတွေနဲ့သွားတယ်ဆိုရင်တောင် ကျွန်မဟာ အိမ်ကလူတွေအတွက်အမြဲတမ်း ပါဆယ်ဝယ်လေ့ရှိတယ်။ ဘယ်သူက ဘာတော့ကြိုက်လောက်တယ်။ ဘယ်သူက ဘာစားချင်မလဲမသိဘူး။ ဘာစားမလဲ အိမ်ကိုဖုန်းဆက်မေးရင်း ကောင်းနိုးရာရာလေးတွေ ဝယ်လာပေးတတ်ပါတယ်။
ဒါကအင်မတန်ကောင်းမွန်တဲ့ အကျင့်ပဲမဟုတ်လား။ မိသားစုအပေါ် ချစ်ခင်ခြင်း၊ သတိရခြင်း၊ စောင့်ရှောက်နိုင်ခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်မသည် မိမိစိတ်အပန်းဖြေဖို့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါမှာတောင် အိမ်ကမိသားစုတွေကိုသတိရနေပြီး သူတို့အတွက် အမြဲဝယ်ခြမ်းလေ့ရှိတယ်။
အမျိုးသမီးတွေကပေးဆပ်တတ်တယ်။ အနစ်နာခံတတ်တယ် အစရှိသဖြင့် ကြီးကြီးကျယ်ကျယ်တွေတော့မပြောချင်ပါဘူး။ ဒါပေမဲ့ တခြားသူတွေကိုချည်းသတိရနေတဲ့အခါ နောက်ပိုင်းကျ ဘာဖြစ်လာလဲဆိုရင် ကျွန်မကိုယ်ကျွန်မတော့ မေ့လျော့လာခဲ့ပါတယ်။
ဆေးဆိုင်တစ်ဆိုင်သွားတယ်ဆိုပါစို့။ သူတို့အတွက်ဆေးတွေဝယ်လာတယ်။ အိမ်ရောက်တော့မှ သိတယ်။ ကျွန်မသောက်နေကျဆေးကတော့ ပါမလာခဲ့ဘူး။ ကိုယ့်အတွက် ကိုယ်ကျတော့မေ့နေခဲ့ပါတယ်။ ငါကအရေးမကြီးဘူး။ သူတို့ကပိုအရေးကြီးတယ်လို့ စိတ်က တွေးနေပြီ ဖြစ်ပါတယ်။
ဒါကဝမ်းနည်းစရာပါပဲ။
အိမ်က ဘယ်သူကမှတော့ ငါတို့ကိုနင်ပဲအမြဲသတိရနေ ငါတို့စားချင်တာတွေနင်အမြဲဝယ်လာပေးလို့ပြောနေတာ မဟုတ်ဘူး။ ကျွန်မသဘောအရ ကျွန်မလုပ်ပေးနေခြင်းဖြစ်တယ်။ ဒါပေမယ့် စိတ်အခန့်မသင့်တဲ့အခါ ကိုယ်လုပ်ပေးခဲ့ရတဲ့အရာတွေက နာကျင်စရာတွေဖြစ်လာကြပါတယ်။
အထူးသဖြင့် ကိုယ်က အားနည်းနေပြီး ဂရုစိုက်တာခံချင်နေတဲ့အချိန်မျိုးမှာ သူတို့ဆီက တစ်ခုခုကို မျှော်လင့်နေမိတတ်ပြီး ကိုယ်မျော်လင့်သလောက် ပြန်မရလာတဲ့အခါမှာ တိုင်းတာမှုတွေ နှိုင်းယှဥ်မှုတွေ လုပ်မိပါပြီ။
ငါ့တုန်းကတော့ ဒီလိုမဟုတ်ဘူး။ ငါကတော့ သူတို့အပေါ်မှာ ဒီလိုအမြဲလုပ်ပေးခဲ့တယ်။ သူတို့က ငါ့ကိုကျ စိတ်ထဲ ဘယ်တော့မှမရှိဘူး အစရှိသဖြင့် နာကျင်လာမိပါတယ်။ သိပ်ကြီး မြင့်မြတ်မနေတဲ့ သာမာန်ပုထုဇဥ်လူသားတွေရဲ့ သဘာဝပါပဲ။
ကျွန်မတို့ဟာ ဘဝမှာ မိမိကိုယ်ကို ဂရုစိုက်ပေးဖို့လိုပါတယ်။
ဘယ်အရာမဆို ကိုယ့်မှာ အပြည့်ရှိနေမှ သူများကိုပေးနိုင်တာဖြစ်ပါတယ်။ ရှိစုမဲ့စုတွေကိုခွဲဝေပေး မရှိတော့တဲ့ထဲက ခြစ်ကုတ်ပေးရတော့
တစ်ခါနှစ်ခါလောက်မှာ မေတ္တာလို့ပြောလို့ရပေမယ့် အမြဲတမ်းဆိုတာမျိုးဖြစ်လာတယ်ဆိုရင် ကိုယ့်မှာစိတ်ကျေနပ်မှု မရနိုင်တော့ပါဘူး။
ကိုယ့်မှာပြည့်စုံလုံလောက်မှု မရှိဘဲ အမြဲတမ်းထုတ်ပေးနေမိတဲ့အခါ ဆွဲချပစ်လိုက်သလိုပဲ။ ကိုယ်ကိုယ်တိုင်လည်း အားလျော့လာပါတော့တယ်။
အသေးအဖွဲလေးတွေကလည်း ကိုယ့်အတွက် အရေးကြီးပါတယ်။ တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းအေးအေးဆေးဆေး ကိုယ်ကြိုက်တဲ့ဆိုင်လေး
သွားပြီး ကိုယ်ကြိုက်တာတွေလေးတွေမှာစားဖို့ကလည်း လိုအပ်သေးတာပဲ။
ဒါတောင်မှ ကျွန်မရဲ့အကျင့်ပါနေတဲ့လက်တွေက Menu စာအုပ်ကို ဖွင့်ကြည့်လိုက်မိရင်း ဘယ်သူ့ကို ဘာဝယ်သွားရမလဲမသိဘူးလို့ စဥ်းစားလိုက်မိပါသေးတယ်။
ဪ ဒီဆိုင်လေးမှာ တစ်ယောက်တည်းထိုင်ပြီး စောင့်ဆိုင်းနေရတဲ့ နာရီဝက်ဆိုတဲ့အချိန်လေးကို ငါ တစ်ယောက်တည်းအတွက်ပဲဆိုတဲ့ စိတ်နဲ့ ဘာလို့မနေနိုင်ရတာလဲ။
ငါ့မှာ ဘယ်သူ့အတွက်မှ ဘာမှလုပ်ပေးစရာမလိုဘူး။ ဘာတာဝန်မှမရှိဘူး။ ငါဘာမှဝယ်မသွားလည်း သူတို့မှာ စားစရာရှိတယ်။ ငါမရှိလည်း သူတို့ရတယ်။ အခု ငါကြိုက်တာလေးကို ငါ့အတွက်ငါမှာစားတယ်ဆိုတဲ့စိတ်နဲ့ ဒီခဏကို ပျော်ဝင်ခံစားကြည့်မယ်လို့ စိတ်ဒုံးဒုံးချလိုက်ပါတယ်။
ဒါဟာ အတ္တကြီးတာမဟုတ်ပါဘူး။ တစ်ကိုယ်ကောင်းဆန်တာလည်းမဟုတ်ဘူး။
တခြားသူတွေကို ချစ်ဖို့အတွက် ကျွန်မကိုယ်ကျွန်မလည်းချစ်တတ်ဖို့လိုပါတယ်။ ချစ်တဲ့သူတွေကို ပိုပြီးဂရုစိုက်ပေးနိုင်ဖို့ ကျွန်မကိုယ်ကျွန်မလည်း ဂရုစိုက်ပေးဖို့လိုတာပါပဲ။
သူတို့ဟာ ကျွန်မဘဝအတွက်အရေးကြီးသလို ကျွန်မဟာလည်းကျွန်မအတွက်အရေးကြီးပါတယ်။
ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ လုပ်ချင်တာလေးတွေကို ဘာမှမဟုတ်တဲ့ အသေးအဖွဲတွေပါဆိုပြီး မသိကျိုးကျွံမပြုမိပါစေနဲ့။
ပန်းချီဆွဲချင်တာလေးတွေ အင်္ကျီလေးတစ်ထည် ကိုယ်တိုင်ချုပ်ချင်တာလေးတွေ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် တစ်နေရာမှာသွားထိုင်နေတာမျိုးလေးတွေ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေးနေချင်တာမျိုးလေးတွေ ရုပ်ရှင်တစ်ကားကို နောက်ဆံမတင်းဘဲ အပြီးထိ ကြည့်ချင်တာမျိုးလေးတွေ ကျွန်မတို့မှာရှိပါတယ်။ ဒါလေးတွေလုပ်ဖို့တောင် စိတ်မဖြောင့်တန်းနိုင် အချိန်မလောက်နိုင်တာတွေ ဖြစ်နေတတ်ပါတယ်။
ရသမျှအချိန်လေးကို ယူပြီး ကိုယ်လုပ်ချင်တာလေးတွေ လုပ်ဖြစ်အောင်ကြိုးစားကြည့်ကြရအောင်ပါ။
အသေးအဖွဲလေးတွေပေမယ့် ဖြစ်အောင်လုပ်လိုက်နိုင်တယ်ဆိုရင် ကျွန်မတို့ဟာ I Can! ဆိုတဲ့ ခံစားချက်နဲ့ စိတ်ကျေနပ်မှုကိုရပါတယ်။ ဒါဟာ မိမိကိုယ်ကို ချစ်တတ်ဖို့အတွက် အလေ့အကျင့်လေးတစ်ခုလည်းဖြစ်ပါတယ်။
မွန်ဟော်စီ
၂၀၂၃



Comments