top of page
Search

လမ်းပိတ်တဲ့တစ်နေ့မှာ လူကောင်းများကိုတွေ့ခြင်း

  • May 26, 2024
  • 1 min read

Updated: May 21, 2025


Traffic jam with white and orange cars on a city street. Sticker on the rear of a white car. Blurred urban setting in the background.

လှည်းတန်းရောက်မယ်လိုက်မလား၊ မြို့ထဲရောက်မယ်လိုက်မလား အစရှိသဖြင့်မေးပြီး တင်ခေါ်လာတာပဲ။ စကားတပြောပြောနဲ့ ကျွန်မကတော့ အဖေအဲ့လိုလုပ်ရင်တော့ စိတ်ထဲမှာ ကျဉ်းကျပ်တယ်။ ကားထဲမှာ သူစိမ်းတွေပါလာတာကို သဘောမကျဘူး။ အဖေတို့များ သွားရင်းလာရင်း လမ်းမှာကိုယ်ဝန်သည်နဲ့ တွေ့တယ်၊ ဆေးရုံသွားဖို့ခေါ်သွားရင် အဲ့ဒီကလေးက ကားထဲမှာမွေးတယ်။ ဒါမျိုးတွေလည်း ကြုံခဲ့ဖူးတယ်။ အခုခေတ်ကို အဖေများမီရင် ဘာများပြောမလဲလို့ စဉ်းစားမိတယ်။


အခုခေတ်က ကြားလိုက်ရတယ်၊ သိလိုက်ရတယ်ဆိုရင်လည်း လူတွေနဲ့ပတ်သက်ရင် ကောင်းတာနည်းပြီး ဆိုးတာများပါတယ်။ ဖုန်းပျောက်တဲ့သတင်းတွေဖတ်ရတယ်ဆိုရင် ပြန်ရတာထက် ငွေလိမ်လည်ဖို့ကြိုးစားတာတွေကိုပဲ ကြားရတာများတယ်။ လမ်းကူးဖို့တောင်လက်မတွဲနဲ့၊ အသားချင်းမထိနဲ့၊ မကူပေးနဲ့ တို့ဆေးမိသွားမယ်။ ကိုယ့်ကလေးကို သူစိမ်းတစ်ယောက်ယောက်ကကြည့်နေပြီဆိုရင် မိဘတွေဟာ သဘောမကျဘူး။ ဒါမျိုးတွေဖြစ်လာတယ်။


တစ်ရက်က ကိစ္စတစ်ခုနဲ့ နေရာတစ်နေရာကိုသွားရင်း ကားရပ်ဖို့နေရာရှာတော့ လမ်းဘေးစျေးသည်လေးတွေနားမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေရာလေးတစ်ခုကိုတွေ့တယ်။ ခဏပဲရပ်မှာပါ၊ ရပ်လို့ရမလားလို့ ခွင့်တောင်းကြည့်တော့ ရပါတယ်ဆိုတာနဲ့ ကားရပ်လိုက်ပါတယ်။ အဲဒီနားမှာ ပြောင်းဖူးပြုတ်သည်၊ ဆီးသီးသည် အစရှိသဖြင့် ကိုယ်နဲ့သက်တူရွယ်တူ မတိမ်းမယိမ်းအမျိုးသမီးတွေ၊ စျေးသည်တွေ သူတို့တောင်းကလေးတွေနဲ့ ရောင်းနေကြတာကိုတွေ့ရတယ်။ ကားရပ်တော့လည်း အကုန်လုံးက ရှေ့ကြည့်ပေး နောက်ကြည့်ပေးနဲ့ ကူညီကြပါတယ်။ ကားပေါ်ကဆင်းလိုက်တော့ ကျွန်မဘေးမှာ အဲ့ကပ်ရပ်ရောင်းနေတဲ့ ပြောင်းဖူးပြုတ်သည် အမျိုးသမီးဟာ ဒန်ဇလုံလေးနဲ့ထမင်းစားနေပါတယ်။ သူ့ရှေ့မှာ ခရမ်းသီးနှပ်လို့ ထင်ရတဲ့ဟင်းလေးတစ်ခွက် ငပိရည်လေးတစ်ခွက် ရှိရာကိုသတိထားမိတယ်။ သေသေချာချာကို နယ်ဖတ်ပြီးအားရပါးရ စားနေတာပါ။ ကျွန်မနဲ့သူနဲ့ မျက်လုံးချင်းဆုံလိုက်တဲ့အခါမှာ ကျွန်မကိုပြုံးပြီးပြောလိုက်ပါတယ်။ “စားပါဦးတဲ့” အဲဒီအမျိုးသမီးက မျက်နှာမှာအကြည်ဓာတ်ကလေးနဲ့ အတော်လည်းချစ်စရာကောင်းတယ်။ ကျွန်မလည်း “အမရေစားစား ပြန်လာမှပြောင်းဖူးပြုတ်ကလေးတွေဝယ်မယ်နော်…” ဆိုပြီးပြောခဲ့ပါတယ်။ ကျွန်မကိစ္စပြီးတော့ အဲဒီနားက ပြောင်းဖူးပြုတ်တွေ၊ ဆီးသီးတွေကို လက်ထဲမှာ တစ်ထုပ်ကြီးပါအောင် ဝယ်ခဲ့ပါတယ်။ သူတို့လည်း ပြုံးပျော်ပြီးကျန်ခဲ့ကြပါတယ်။ ဘယ်သူမှ ဝင်စားမှာမဟုတ်ပေမယ့် ကျွန်မကိုထမင်းစားဖို့ခေါ်လိုက်တာနဲ့ကို ကျေနပ်မိပါတယ်။ ထမင်းစားခေါ်ရင်း လောကွတ်လုပ်လိုက်တာတစ်ခုတည်းနဲ့တော့ လူတစ်ယောက်ဟာ ကောင်းတယ်လို့တော့ ဘယ်ပြောနိုင်ပါ့မလဲ။ ဒါပေမဲ့ လူတွေမှာက စိတ်အလှလေးတွေ ရှိတတ်ပါတယ်။


တစ်ခါတုန်းကလည်း ကျွန်မ ကားဆရာတစ်ယောက်ကိုမြင်ဖူးတယ်။ သူ့ကားကို ဂိတ်မှာထိုးထားရင်းခရီးသည်စောင့်နေတာ အဲဒီအချိန်မှာ အဲဒီအနားကလမ်းတစ်ခုက ပိတ်နေတယ်။ ကားတွေက မသိဘဲဝင်လာပြီး ဂငယ်ကွေ့ ပြန်ကွေ့ထွက်ရတော့ အချိန်တွေကြာ၊ ကားတွေပိတ်နဲ့ အဲဒီဂိတ်မှာ တခြားကားဆရာတွေထိုင်နေပေမယ့် သူကတော့ လမ်းဆုံလမ်းခွရပ်ပြီး လာသမျှကားတွေကို သွားလို့မရဘူး၊ လမ်းပိတ်နေတယ်၊ ပြန်ကွေ့ရမယ် ဆိုတာမျိုး တောက်လျှောက်ကို ပြောနေတာပါ။ တချို့မသိတဲ့သူတွေက ဘယ်ကိုသွားချင်လို့ ဘယ်လမ်းကထွက်ရမလဲမေးရင် သူကလမ်းပြပေးလိုက်သေးတယ်။ သူ့ခရီးသည်မလာမချင်း အဲဒီမှာသူတစ်ယောက်တည်း လမ်းပိတ်တဲ့ပြဿနာကို ဖြေရှင်းသွားတာပါ။ ကောင်းတဲ့လူတွေလည်း ပတ်ဝန်းကျင်မှာရှိနေပါသေးတယ်။ ထမင်းစားခေါ်လိုက်ရုံနဲ့ လမ်းရှင်းပေးရုံနဲ့ ဒီလူဟာ ကောင်းတယ်ဆိုးတယ်လို့ သတ်မှတ်ဖို့တော့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အရာလေးတွေကိုတွေ့တဲ့အခါတော့ အသိအမှတ်ပြုပေးတယ်။ ကောင်းလိုက်တာလို့လည်း ခံစားမိတယ်။ ချီးကျူးလေးစားပါတယ်။


ကမ္ဘာကြီးဟာ နာကျင်စရာတွေအများကြီးနဲ့ ပြည့်နှက်နေပါတယ်။ အချင်းချင်းယုံကြည်မှပဲ လုံခြုံစိတ်ချမှုလေးတွေ ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။


ဒါပေမဲ့ လူကောင်းတွေလည်း ရှိပါသေးလားဆိုတဲ့ရည်ရွယ်ချက်ကို ပေါ်ပေါက်စေနိုင်တဲ့ စံပြဥပမာတစ်ခု၊ အကြောင်းအရင်းတစ်ခုမှာ မိမိကိုယ်တိုင် ဖြစ်ပေးလို့ရပါတယ်။


There is so much pain in this world.

Be the reason people still believe in good people.



 
 
 

Comments


  • Facebook
  • Youtube
bottom of page