top of page
Search

ကံကောင်းတဲ့အချိန်မှာ ဘာလုပ်သင့်သလဲ?

  • Jun 6
  • 1 min read


Text on a serene, cloudy background in a light blue sky. Text in another language above "MON HALSEY". Calm and peaceful mood.

လူတိုင်းရဲ့ဘဝမှာ အကောင်းဆုံးအချိန်ဆိုတာ တစ်ချိန်မဟုတ်တစ်ချိန် အမြဲကြုံဆုံရတတ်တာဖြစ်ပါတယ်။ လူတွေရဲ့အခြေအနေ၊ အဆင့်အတန်းတွေ မတူပေမဲ့ ကိုယ်နဲ့လိုက်ဖက်ညီတဲ့အဆင်ပြေမှုတွေ၊ကံကောင်းမှုတွေဟာ ကိုယ့်ဘဝထဲမှာရှိနေတတ်ပါတယ်။ ကြုံရတတ်ပါတယ်။


ဒါပေမဲ့ တချို့သူတွေဟာ အဲဒီအချိန်တွေကို အမိအရဖမ်းဆုပ်ယူနိုင်တယ်။ အဲဒီအချိန်ရောက်နေပြီဆိုတာကိုလည်းသိတယ်။ ဒါကိုအခွင့်ကောင်းယူပြီးတော့ ဘဝမှာ ဟိုးထိပ်ဆုံးအထိ တက်သွားတတ်ကြတယ်လို့ ပြောတယ်။ တချို့ကျတော့လည်း အဲဒီအချိန်တွေ ကြုံနေရတာကို မသိကြဘူး။ မသိကြတော့ အကောင်းတွေချည်းကြုံနေရတယ် ဆိုတဲ့အချိန်မှာ ကောင်းတဲ့အတိုင်းပဲ..။ အဲဒီရေစီးကြောင်းထဲမှာ မျောပါနေတာမျိုး ရှိတတ်တယ်။


ကျွန်မရဲ့ဘဝမှာ ကောင်းမွန်တဲ့အချိန်တစ်ခု ကြုံခဲ့ဖူးတယ်။ အရမ်းပျော်စရာကောင်းပြီး အနှောင့်အယှက်မရှိ ..ဘာလုပ်လုပ်အဆင်ပြေနေတဲ့အချိန်ပဲ။ အဲတုန်းက ဆရာတစ်ယောက်က ကျွန်မကိုပြောပါတယ်။ ဘာလဲဆိုရင် "မွန်.. နင်အရမ်းကံကောင်းနေတယ်။ ကုသိုလ်များများလုပ်တော့" တဲ့။ ရုတ်တရက်ကြည့်ရင် လူတစ်ယောက်က အရမ်းအဆင်ပြေနေတယ်။ ကံကောင်းနေတယ်။ ဘဝတက်လမ်းတွေကို ကြုံကြိုက်နေရတယ်ဆိုတဲ့အချိန်မှာ ကုသိုလ်များများလုပ်တော့ ..လို့ပြောတာက နားမလည်နိုင်စရာပါပဲ။


ဒါပေမဲ့ ဆိုလိုတဲ့သဘောကတော့ ဘဝမှာ အဆင်ပြေနေတယ်။ တက်လမ်းတွေကို ကြုံဆုံနေရတယ်ဆိုတဲ့အချိန်မှာ ကိုယ်လုပ်ခဲ့တဲ့အတိတ်ကကုသိုလ်ကံတွေ၊ ပစ္စုပ္ပန်ဘဝမှာ လုပ်ခဲ့တဲ့ကုသိုလ်ကံတွေ အကုန်စုပေါင်းချိတ်ဆက်မိပြီးအရှိန်အဟုန်နဲ့အကျိုးပေးနေတယ်ဆိုတာကို နားလည်ရမှာဖြစ်တယ်။ အဲဒါကြောင့် အဲဒီလိုအချိန်မှာ ကိုယ်က ကံကောင်းနေတယ်ဆိုတာကိုလည်းသိတယ်။ လက်ရှိဘဝပစ္စုပ္ပန် ကုသိုလ်တွေထပ်ပေါင်းပြီးတော့ ထည့်နိုင်တယ်ဆိုရင် ဘဝက ဒီထက်ကိုပိုပြီးတော့ မြင့်သွားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ တချို့တွေဟာ သူတို့ရဲ့ဘဝမှာ ဘယ်လောက်ကံကောင်းတယ်ဆိုတာကို သူတို့ကိုယ်သူတို့ မသိကြပါဘူး။


တချို့လူတွေဆိုရင် ကောင်းမွန်တဲ့အထောက်အပံ့တွေ၊အကူအညီအစောင့်အရှောက်တွေ ဘဝမှာ ရထားကြတယ်။ လူကောင်းသူကောင်းတွေနဲ့တွေ့ကြုံရတယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့ကြိုးစားမှု၊ကိုယ့်ရဲ့ပညာ၊ထက်မြက်မှုနဲ့ပေါင်းတဲ့အခါမှာ ထိပ်ကိုရောက်နိုင်တာမှန်တယ်။


ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ဘယ်လောက်ကံကောင်းနေတယ်ဆိုတာကိုမသိဘဲနဲ့ ဒေါသအလျောက်ပြုမူဆောင်ရွက်မိတာတွေ၊ပြောဆိုမိတာတွေ၊အကုသိုလ်တွေ များသွားတဲ့အခါမှာချက်ချင်းပဲ အောက်ကိုပြုတ်ကျသွားသလိုဖြစ်ခဲ့ရတယ်။သူပိုင်ဆိုင်ခဲ့တဲ့အရာအားလုံးဆုံးရှုံးသွားတယ်။ အထူးသဖြင့်တော့ သူတန်ဖိုးထားရတဲ့သူတွေ၊သူ့အပေါ်ကိုစစ်မှန်တဲ့ချစ်ခြင်းမေတ္တာပေးပြီး သူ့ဘဝကို မြှင့်တင်ပေးခဲ့တဲ့သူတွေ ..ဒီလိုလူတွေကို ဆုံးရှုံးသွားရတယ်။


အဲတော့ ဘဝက အမြင့်ကိုရောက်သွားတယ်။ အဆင်ပြေသွားတယ်ဆိုပေမယ့် စိတ်ထဲမှာ အေးချမ်းမှုကိုမခံစားရတာတွေရှိပါတယ်။ တကယ်တမ်းမှာ နောင်တနဲ့ထွေးပိုက်ပြီးတော့ ဘယ်လောက်ပဲ စည်းစိမ်ချမ်းသာနဲ့ပြည့်စုံပါစေ။မအေးချမ်းရဘူး။မပျော်ရွှင်ရဘူး။


ဒါကိုကြည့်ပြီးတော့ လူတစ်ယောက်ဟာ ကံကောင်းနေတယ်ဆိုတဲ့အချိန်မှာ လုပ်သမျှအရာထင်နေတယ်၊ ဖြစ်နေတယ်။ အဲဒီအချိန်မှာ ကုသိုလ်ကိုဆက်ခါဆက်ခါဖြည့်ဖို့လိုတယ်။ ကိုယ့်ရဲ့ အတိတ်ဘဝက ကောင်းမွန်တဲ့ကုသိုလ်ကံတွေကို အခုပစ္စုပ္ပန်ကုသိုလ်ကံတွေနဲ့ ဆက်ပြီးချိတ်ဆက်ဖြည့်ဆည်းဖို့လိုတယ်ဆိုတာကို သွားပြီးမြင်မိတယ်။ အရေးကြီးပါတယ်နော်။


အဲဒီလိုပဲ ဘဝမှာ အဆင်မပြေတဲ့အချိန်တွေတွေ့ကြုံကြိုက်နိုင်တာပဲ။ အဆင်မပြေဘူးဆိုရင် ဘာလုပ်လုပ်အဆင်မပြေဘူး။ အင်္ကျီကြယ်သီးတပ်ရင်တောင် အပေါက်မတည့်ဘူး။


စကားပြောဆိုမှုတွေအဆင်မပြေဘူး။ လူမှုဆက်ဆံရေးတွေမှာ အဆင်မပြေဘူး။ လူတွေရဲ့အထင်လွဲမှုကိုခံနေရတယ်။လူမုန်းများနေတယ်။ ကိုယ်ဘာလုပ်လုပ် အပြစ်တွေတင်ခံရတယ်။ ငွေကြေးဆုံးရှုံးမှုတွေများနေတယ်။ အမြဲတိုက်ခိုက်ခံနေရတယ်။ ထိုးနှက်ခံနေရတယ်။ စိတ်ကအေးချမ်းမှုမရှိ။ ပူလောင်ခြောက်သွေ့နေရတယ်။ အဲဒီလိုအခြေအနေတွေကြုံနေတာဟာ ကံနိမ့်နေတဲ့အချိန်လို့ပြောလို့ရတာဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်ကံအကျိုးပေးတွေနည်းနေတဲ့အချိန်လို့ပြောရမှာပါ။


အဲဒီလိုအချိန်မှာ ဘာလုပ်ရမလဲလို့မေးတယ်ဆိုရင် ကုသိုလ်လုပ်လို့ပဲပြောရမှာဖြစ်ပါတယ်။ အတိတ်ကလုပ်ခဲ့တဲ့ ကံတွေနဲ့ ပစ္စုပ္ပန်မှာ လုပ်တဲ့ကံတွေကအချင်းချင်းချိတ်ဆက်မှုရှိပါတယ်။ အတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်ကံတွေ အကျိုးပေးနေတဲ့အချိန်မှာ ပစ္စုပ္ပန်ကံကချိတ်ဆက်ဖြည့်ဆည်း အကျိုးပေးဖို့လုပ်နိုင်သလိုမျိုးပဲ။ ပစ္စုပ္ပန်မှာ ကုသိုလ်ကောင်းမှုတွေကိုဖိလုပ်ပြီး အတိတ်ကလုပ်ခဲ့တဲ့ အကုသိုလ်ကံတွေကို ခြေဖျက်နိုင်တယ်ဆိုတာမျိုးလည်းရှိပါတယ်။


ပြောရမယ်ဆိုရင်တော့ ကုသိုလ်လုပ်တယ်ဆိုတာက ကံကောင်းတဲ့အချိန် ၊ကံဆိုးတဲ့အချိန်စောင့်နေဖို့မဟုတ်ဘဲနဲ့ နေ့စဉ်အချိန်တိုင်းမှာ ကုသိုလ်တရားနဲ့၊ ကုသိုလ်အတွေးနဲ့နေထိုင်ရမှာပါပဲ။


ဒါပေမဲ့ ဘဝရဲ့ကောင်းမွန်တဲ့အခွင့်အရေးတွေ၊ကံကောင်းတွေ သိသိသာသာကြီးကို

ကြုံဆုံရတဲ့အချိန်မှာ တကယ်ကိုခိုင်မြဲစွာ အမြင့်မှာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ကောင်းမှု ကုသိုလ်ကံတွေဖြည့်ဆည်းဖို့လိုတယ်။ ဒီလိုပဲ ပြုတ်ကျခါနီး ကုန်းဆင်းလိုနေရာမျိုးမှာဖြစ်နေတယ်ဆိုရင်လည်း အဲလိုအချိန်မှာ အကျသက်သာအောင် ကုသိုလ်တရားတွေနဲ့ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။


ကံညံ့နေတဲ့အချိန်မှာလည်း ကုသိုလ်လုပ်ပါ။ကံတက်နေတဲ့အချိန်မှာလည်းကုသိုလ်လုပ်ပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကောင်းတာကိုလုပ်ပါ။တွေးပါ။ပြောဆိုပါ။


မွန်ဟော်စီ

၂၀၂၅

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page