top of page
Search

Abundance ဆိုတိုင်း ရတာတွေချည်းပဲတွေးမနေစေချင်ဘူး..။ပေးနိုင်တာကလည်း Abundance ဖြစ်တာပါပဲ။

  • Jun 3, 2023
  • 1 min read

တစ်ည..အိမ်ပြန်လာတော့ ညရှစ်နာရီခွဲလောက်ရှိနေပြီ။ မီးပွိုင့်မှာတန်းစီနေတုန်း နောက်ကပါလာတဲ့ ကားတစ်စီးက ဖော့ဘူးနဲ့ထည့်ထားတဲ့ ညစာတွေ ပန်းရောင်းတဲ့ ကလေးတွေကိုခေါ်ပြီး အားရပါးရကို ဝေနေတာ တွေ့လိုက်ရပါတယ။


ပန်းရောင်းတဲ့ ကလေးတွေ အဲဒီကားနားကိုပြေးသွားကြ..အချင်းချင်းအော်ခေါ်ကြ.. ကိုယ့်လူမရလိုက်မှာစိုးလို့ ဗူးအရေအတွက် ပြောကြနဲ့ ရုတ်ရုတ်သဲသဲ ပျော်ပျော်ပါးပါးကို ဖြစ်သွားကြပါတယ်..


လမ်းဘေးက ခွေးလေးနှစ်ကောင်တောင် ဘာမှန်း ညာမှန်းမသိ ထအူကြလို့ ပြုံးမိသေးတယ် ။ကျွန်မလည်း သူများ အလှုကို ကြည့်ပြီး ကျေနပ် အားရပါးရကို သာဓုခေါ်လိုက်ပါတယ်။ တကယ်တော့ ကိုယ်လည်း ဗိုက်ဆာပြီးအိမ်ပြန်လာတာ ..နောက်ကျနေတာမို့ ဘယ်မှာမှ ဝင်မစားတော့ဘဲ အိမ်ရောက်မှ ကြက်ဥလေးကြော်စားမယ် အားခဲလာခဲ့တယ်..


ဒီအချိန်မစားရသေးရင် အတော်ဆာနေမှာပဲ..ကိုယ်ချင်းစာမိပြီ..စားရရင်လည်းအတော်ဝမ်းသာကြမှာလေ..ဗူးထဲမှာ ထမင်းကြော် ကြာဆံကြော် စသဖြင့်ပါမှာပဲ..လက်ဖက်ထမင်းလေးဆိုရင်လည်း အဆင်ပြေတာပဲ..ဘယ်အချိန်ထဲက ပြင်ဆင်ထားတာပါလိမ့်..ဘယ်နှစ်ဗူးလောက်လုပ်လာတာလဲ.. မွေးနေ့တို့ ဘာတို့ အထိမ်းအမှတ် တစ်ခုခုအတွက် ကျွေးတာများလား ..ဒီတိုင်း ကျွေးချင်စိတ်ပေါက်လို့လား..ညဘက် အလုပ်လုပ်နေကြတဲ့ လူတွေအတွက် စဥ်းစားတတ်တာ..ချစ်ဖို့ကောင်းလိုက်တာ..တူလေးတွေတောင်ပါသေးတယ်..အစရှိသဖြင့် ကျွန်မလည်း တွေးတောရင်း ဝမ်းသာ အားကျနေခဲ့မိပါတယ်။


ဒါနဲ့ပဲ သူများအလှုကို မုဒိတာအပြည့်နဲ့ သာဓု ခေါ်ရင်း Abundance Mentality ဆိုတာကို တွေးလာခဲ့မိပါတယ်။


Abundance လို့ပြောလိုက်ရင် ပြည့်စုံ ကြွယ်ဝခြင်းကိုဆိုလိုတယ်လို့ လူအတော်များများ သိကြပါတယ်။

ပြည့်စုံကြွယ်ဝချမ်းသာတယ် ဆိုမှတော့ ငွေကြေးတွေ စီးပွားဥစ္စာတွေရရှိနေလို့ပေါ့ လို့ တွေးတတ်ကြတာအမှန်ပါပဲ။


Abundance ဆိုရင် ကိုယ်လက်ခံ ရရှိတာတွေကိုပဲ မြင်တတ်ကြပြီး သူနဲ့ ဆန့်ကျင်ဘက် Scarcity /Inadequacy ရှားပါးတာ ..မရှိတော့တာ..မလောက်ငှတာတွေနဲ့ပတ်သက်ရင်ကျတော့ ကိုယ့်ဘက်က ပေးလိုက်ရတာတွေကိုပဲ မြင်ကြတာ များပါတယ်။


ဒါပေမဲ့ Abundance ဆိုတဲ့ Power ကို ပေးတဲ့ဘက်ကနေလည်း..ပြန်ကြည့်စေချင်ပါတယ်။


ကိုယ်ဘယ်လောက်ပေးနိုင်လဲ..

ဘယ်အရာတွေပေးနိုင်လဲဆိုတာဟာ Abundance Power/ Abundance Energy/Abundance Mentality ပဲ ဖြစ်ပါတယ်။


Abundance ဆိုတိုင်း ရတာတွေချည်းပဲတွေးမနေစေချင်ဘူး..။ပေးနိုင်တာကလည်း Abundance ဖြစ်တာပါပဲ။


တစ်ယောက်က ကိုယ့်ရှေ့မှာ တစ်ခုခုကို ပေးကမ်းလိုက်တယ်..ဆိုပါစို့ ။

လက်ရောက်ပေးနိုင်တဲ့သူမှာ Abundance Power ရှိသလို

ဘေးကထိုင်ပြီး ဝမ်းသာလိုက်တယ်..မုဒိတာဖြစ်လိုက်နိုင်တယ်ဆိုတာဟာလည်း ကိုယ့်ရဲ့ Abundance Power ပဲ ဖြစ်ပါတယ်။


ဒါကြောင့် Abundance ဆိုတိုင်း ကိုယ်ရတာတွေ..ရဖို့တွေကိုချည်း မတွေးစေချင်သလို ပေးနိုင်တာတွေကိုလည်း Abundance နေရာကနေ

တွေးကြည့်စေချင်ပါတယ်။


ဒီနေ့ ဘယ်သူ့ကို ဘာပေးခဲ့သလဲ။


တစ်ခါတလေမှာ တစ်စုံတစ်ယောက်ကို ပြုံးပြလိုက်တာ..ယဥ်ယဥ်ကျေးကျေးလေး ပြောဆိုဆက်ဆံလိုက်တာမျိုးကလည်း ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။


လမ်းသွားရင်း ရှေ့ကကားပိတ်နေတဲ့အခါ ဘာဖြစ်နေမှန်းမစူးစမ်းဘဲ ဟွန်းတွေစွတ်တီးနေမဲ့အစား သူဘာအခက်အခဲရှိနေလို့လဲ..ရုတ်တရက် ကားစက်နှိုးမရလို့လား..သူ့အရှေ့မှာ တစ်ခုခုပိတ်နေတာများလားလို့ နားလည်မှုလေးနဲ့ သည်းခံ စောင့်စားပေးလိုက်တာမျိုးကလည်း ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။


ဆေးရုံကားဖြတ်သွားတာတွေ့ရင် ဆုတောင်း မေတ္တာပို့ပေးလိုက်တာကလည်း ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ မိသားစုဝင်တွေအပေါ် ​ကောင်းကောင်းမွန်မွန် တုံ့ပြန်စကားပြောတာကလည်း ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။


နေ့တဓူဝ ကြုံတွေ့နေရတဲ့ အခြေအနေတွေမှာ ကျွန်မတို့ဟာ စိတ်ပိုင်းဆိုင်ရာအရအများကြီးကို ပေးနိုင်နေကြတာကို စဥ်းစားကြည့်ပြီး ဝမ်းသာစေချင်ပါတယ်။


ဒီအချက်လေးတွေဟာ ယေဘူယျအားဖြင့် ပိုက်ဆံတစ်ပြားမှမကုန်တဲ့ မေတ္တာပေးခြင်းမျိုးပဲ ဖြစ်ပါတယ်။ အလုပ်မှာ.. အိမ်မှာ..လမ်းမှာ..နေရာတကာမှာ သုံးလို့ရပါတယ်။


ပေးတယ်ဆိုတိုင်း ငွေကြေးနဲ့ပဲ တန်ဖိုးသတ်မှတ်တာမျိုးလည်း မဖြစ်စေချင်ပါဘူး..ပေးသမျှမှာ တန်ဖိုး အကြီးမားဆုံးက မေတ္တာတရားပါပဲ ..


မေတ္တာပြည့်နေတဲ့လူတွေဟာ မေတ္တာပေးနိုင်ကြပါတယ်။ ပေးနိုင်တာတွေထဲမှာမှ မေတ္တာ ပေးတယ်ဆိုတာဟာ ခက်တယ်လို့ မပြောနိုင်ပေမဲ့ သိပ်တော့လည်း လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး.. ။ သတိရှိမနေရင်..စေတနာမပါရင်တော့ လွယ်ကူလှတယ်လို့ မပြောနိုင်ပြန်ပါဘူး။ လူတိုင်းလည်းမလုပ်နိုင်ကြပါဘူး။


ကျွန်မ တစ်ရက်က ရေးခဲ့တဲ့ စာလေးတစ်ပုဒ်ထဲမှာလို ပေးတယ်ဆိုတာကလည်း ရယူခြင်းပါပဲ။ ရခဲ့တာမှန်သမျှကလည်း ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။


ပေးလိုက်ရတာတွေအတွက် Scarcity Mindset မရှိတော့ဘူး ..မလောက်တော့ဘူး ဆိုပြီး ဖြစ်မနေဖို့လည်း အရေးကြီးပါတယ်။

ကိုယ်ပေးလိုက်ရလို့ တစ်စုံတစ်ယောက်ကတော့ အဆင်ပြေသွားပြီလို့ တွေးတာဟာ Abundance Mindset ပါပဲ။


ပေးလိုက်ရတာချင်းအတူတူ စိတ်မထားတတ်တဲ့အခါ Lack ဖြစ်သွားတတ်ပါတယ်..Lack နဲ့ Abundance Mentality ဆိုတာကလည်း ကျောချင်းကပ်ပြီးရှိနေကြတာပါ။ စည်းလေးတစ်ခုသာ ခြားနေသလိုပါ..ကျွန်မတို့ဟာ စကားလုံးတွေ..ခေါင်းစဥ်တွေရဲ့ ဘောင်တွေကိုကျော်ကြည့်ပြီး ချဲ့ထွင် စဥ်းစားတတ်ဖို့လည်း လိုပါတယ်။


ဘာမှပေးစရာမရှိရင် မေတ္တာ ပေးဖို့ စဥ်းစားပါနော်..။ ကိုယ်ပေးနေသမျှဟာ ကိုယ့်ရဲ့ Abundance Power ပဲဖြစ်ပါတယ်။ ကိုယ်ပေးခဲ့တဲ့အရာတွေဟာလည်း ကိုယ့်ဆီကို အမျိုးစုံသော Abundance ပြည့်စုံကြွယ်ဝခြင်းတွေ အဖြစ်နဲ့ ပြန်လည် ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၃ June


#မနက်စာအာဟာရ


Photo

FreeStock


 
 
 

1 Comment


Unknown member
Jun 03, 2023

ဒီစာလေးဖတ်ပြီး အရင်က ကိုရနေတာတွေဘဲ တွေးတတ်တာ အခုကိုယ်ပြန်ပေးနိုင်တာ ပြန်ပေးနေတာတွေကို သတိလေးနဲ့ ကြည့်ပြီး ပိုပြီးabundance powerနဲ့ ဆက်သွယ်မိတော့မယ် 🤍✨ကျေးဇူးတင်ပါတယ် ဆရာမ

Like

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page