top of page
Search

အမျိုးသမီးတွေအနေနဲ့ ဘယ်အသက်အရွယ်ဆိုအိုပြီး ဘယ်အသက်အရွယ်ဆို မအိုသေးဘူးလို့ ပြောကြပေမယ့် အိုတယ်ပြောပြော မအိုဘူးပြောပြော အသေအချာဆုံးတစ်ခုကတော့ တစ်နေ့ထက်တစ်နေ့ အသက်ကြီးလာကြတာအမှန်ပါပဲ။

  • Nov 27, 2024
  • 2 min read

ree

 

ကျန်းမာလှပစွာ အိုမင်းသွားတယ် Aging Gracefully ဆိုတာ မျိုးရိုးဗီဇကြောင့် ကံကြောင့် ငွေကြောင့် ဆိုတာချည်းမဟုတ်ဘဲ ကိုယ့်ရဲ့ပျော်ရွှင်မှုကိုခိုးယူသွားစေတဲ့ အကျင့်စရိုက်တွေကို ရှောင်ကျဉ်ခြင်းကြောင့်လည်း ပါဝင်ပါတယ်။ အသက်ကြီးလာတာကို ဘယ်သူမှရှောင်လွှဲလို့မရပေမယ့် ဘယ်လိုပုံစံနဲ့အသက်ကြီးသွားမလဲဆိုတာကိုတော့ ရွေးချယ်လို့ရပါတယ်။


ဒီစာဟာ အသက်၄၅နှစ်အရွယ်အမျိုးသမီးတစ်ယောက်ရေးတဲ့စာဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ရဲ့ရည်မှန်းချက်က စိတ်ချမ်းသာပျော်ရွှင်ဖို့ ဖြစ်သင့်တယ်။ ဒါပေမယ့် လက်ရှိမှာ ကျွန်မတို့ လက်ရှိလုပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာအမှုအကျင့်တချို့ဟာ ကောင်းကျိုးထက် ဆိုးကျိုးပေးနေတာတွေရှိပါတယ်။

အသက်ကြီးလာတာနဲ့ ပိုပြီးပျော်ရွှင်ကျန်းမာဖို့ မကောင်းတဲ့အကျင့်တွေကို လက်လွှတ်တတ်ဖို့လိုပါတယ်။


1) Living in the Past

အတိတ်မှာနေထိုင်ခြင်း လူတိုင်းဟာ အတိတ်မှာ သာယာယစ်မူးတတ်ကြပါတယ်။ ကျွန်မတို့အားလုံးမှာ Good Old Days ဆိုတာရှိပါတယ်။ ငါအရင်တုန်းက လှပနုပျိုခဲ့တယ်။ ဟုတ်တယ် အခုတော့ အရင်ကလောက် မရှိတော့ဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖတ်တဲ့လှပမှုတွေရှိနေတုန်းပဲ။

ငါအရင်တုန်းက ဒီအဝတ်အစားလေးတွေဝတ်လို့တော်ခဲ့တယ်။ အခုဝတ်လို့မတော်တော့ဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကိုယ့်အသက်အရွယ်နဲ့ကိုယ်လှပအောင်ဝတ်လို့ရသေးတယ်။


ငါအရင်တုန်းက တောင်တက်နိုင်တယ်။ လှေကားထစ်တွေအများကြီးတက်နိုင်တယ်။ အခုမတက်နိုင်တာကိစ္စမရှိဘူး။ အဓိက လိုရာခရီးကို သက်သက်သာသာနဲ့ ရောက်သွားရဖို့ပဲ။

မင်းတို့အဖေက ငါ့ကိုအရင်တုန်းကသိပ်ချစ်တာ။ အခုမချစ်တော့တာမဟုတ်ဘဲ ထူးထူးခြားခြားမဖြစ်တော့တာသာဖြစ်ပါတယ်။ကိုယ်ပြောင်းလဲလာသလို သူလည်းအသက်အရွယ်အရ စိတ်ပိုင်းဆိုင်ရာအရ အများကြီးပြောင်းလဲလာခဲ့ပြီပဲ။


အရင်တုန်းကအချိန်လေးတွေကို ပြန်လည်တမ်းတမိတတ်တာသဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် အတိတ်ကိုအမြဲတမ်းကြည့်နေရင် အခုလက်ရှိအချိန်မှာဖြစ်နေတဲ့ပျော်ရွှင်မှုတွေကို သတိပြုမိဖို့ မေ့လျော့လာတတ်ပါတယ်။


အတိတ်ကိုပဲတမ်းတပြီး တဝဲလည်လည်ဖြစ်နေတာဟာ နောင်တတွေ ဝမ်းနည်းမှုတွေကိုသာ ယူဆောင်လာပေးနိုင်ပါတယ်။ အတိတ်ဆိုတာ မကောင်းတာတွေရှိရင် သင်ခန်းစာယူဖို့ပါပဲ။ ကောင်းတာတွေရှိခဲ့ရင် အမှတ်တရတွေကိုသိမ်းဆည်းထားဖို့ပါပဲ။ ကိုယ့်အသက်အရွယ်မှာ ပျော်ရွှင်ချင်တယ်ဆိုရင် နောက်ကြောင်းပြန်အတိတ်ထဲမှာ နေထိုင်နေတဲ့အကျင့်ကို နှုတ်ဆက်ဖို့လိုပါပြီ။ အဲဒီအစား လက်ရှိဘဝရဲ့ ကောင်းမွန်တဲ့ Memory အမှတ်တရတွေကို ပိုမိုဖန်တီးပါ။ အသက်ရှင်နေတဲ့အခိုက်အတန့်တိုင်းကို တန်ဖိုးရှိအောင် ပျော်ရွှင်အောင်နေထိုင်ပါ။ ဘဝဟာ အခုအချိန်မှာ တည်ရှိနေတာဖြစ်ပါတယ်။ အခုလက်ထဲမှာရှိနေတဲ့ဘဝကို ပျော်ရွှင်လိုက်ပါ။


2) Neglecting Self-Care

ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မေ့လျော့နေခြင်း


ပြီးခဲ့တဲ့နှစ်က ကျန်းကျန်းမာမာ သွားသွားလာလာနဲ့မိတ်ဆွေတစ်ယောက် ရုတ်တရက်ဆုံးသွားတာ ကြုံခဲ့ဖူးပါတယ်။ အလုပ်တွေလည်းများတယ်။ မိသားစုတာဝန်တွေ လူမှုရေးကိစ္စတွေနဲ့ ကျန်းမာရေးမှန်မှန်စစ်ဆေးဖို့မေ့နေခဲ့တာပါပဲ။


Self-care ဆိုတာ တကိုယ်ကောင်းဆန်တာ Selfish ဖြစ်တာမဟုတ်ပါဘူး။ ဒါဟာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ Gym မသွားနိုင်ဘူးဆိုရင်တောင်မှ လမ်းလျှောက်တာလောက်ကို မှန်မှန်လုပ်သင့်ပါတယ်။ အမျိုးသမီးတွေ အိမ်မှာ အိမ်မှုကိစ္စလုပ်နေတာကလည်း ကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေတာပါပဲ။ ကောင်းတာလေးတွေမှန်သမျှ သားသမီးအတွက်ချန်ထားတယ်ဆိုတာမျိုးမလုပ်ပါနဲ့။ သူတို့တွေလူကြီးဖြစ်နေပါပြီ။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှအငတ်မခံကြပါဘူး။ ကိုယ့်ကျန်းမာရေးကို ကိုယ်စောင့်ရှောက်တယ်ဆိုတာ သူတို့အပေါ်မှာ တာဝန်မပိစေချင်လို့ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘာကိုယ်သာ ကျန်းမာအောင်နေပါ။


ဟိုဟာမကြိုက်လို့မစားဘူး။ ဒီဟာမကြိုက်လို့မစားဘူးဆိုတဲ့အကျင့်ကိုပြင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားပေးရမှာဖြစ်ပါတယ်။ ကျွန်မဆိုရင် ဘဝတလျှောက်လုံး အသီးအရွက်စားတာ အင်မတန်နည်းပါးခဲ့ပြီး တကယ်စပြီးစားတဲ့အချိန်ဟာ နောက်ကျနေပြီလို့တောင်ပြောလို့ရပါတယ်။ ကိုယ်ကျန်းမာရေးကို ဂရုစိုက်သလို စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ရမှာဖြစ်ပါတယ်။ Physical and Mental Health ကအရေးကြီးပါတယ်။ ဘဝကို အသက်ရှည်ရှည်နေပြီး ကျန််းကျန်းမာမာနဲ့ Enjoy လုပ်ချင်တယ်ဆိုရင် Self-Care ကို ဂရုစိုက်ရမှာဖြစ်ပါတယ်။


3) Holding Onto Grudges

နာကြည်းမှုတွေကိုထမ်းပိုးထားခြင်း


အသက်အရွယ်တစ်ခုကိုရောက်လာပြီဆိုတဲ့အခါမှာ ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေ၊ ကျော်ဖြတ်လာရတဲ့အခက်အခဲတွေ၊ ဆုံခဲ့ရတဲ့လူတွေဆိုတာကလည်း အကောင်းအဆိုး အနိမ့်အမြင့် အတက်အကျ ရောနှောလို့ပါပဲ။ ကောင်းမွန်တဲ့အရာတွေရှိသလို နာကျင်စရာတွေလည်းရှိနေနိုင်ပါတယ်။ နာကျင်ရတဲ့အရာတွေကို ဆက်လက်ထမ်းပိုးထားတယ်ဆိုတာ ကျောက်ခဲတွေအပြည့်ထည့်ထားတဲ့ကျောပိုးကြီးတစ်လုံးလွယ်ပြီး ခရီးသွားနေရသလိုပါပဲ။ ပြီးခဲ့တာတွေကလည်း ပြီးသွားပြီ။ လွှတ်ချလို့ရတဲ့အရာတွေကို လွှတ်ချလိုက်တာက ကိုယ်ရှေ့ဆက်သွားရမယ့်ခရီးလမ်းမှာ ပေါ့ပါးမှုကိုဖြစ်စေတာအမှန်ပါ။


4) Comparing Yourself to Others

မိမိကိုယ်ကိုသူများနဲ့နှိုင်းယှဉ်ခြင်း


Social media ခေတ်မှာ သူများကိုကြည့်ပြီး ကိုယ်နဲ့နှိုင်းယှဉ်တတ်တာ အင်မတန်လွယ်ကူတဲ့အလုပ်ဖြစ်လာပါတယ်။ ဖုန်းကိုကြည့်နေရင်းမှာ အဲဒီထောင်ချောက်ထဲကို အလိုလိုဆင်းသွားတတ်ပါတယ်။

သူ့လောက်မလှဘူး။ သူ့လောက်မပိန်ဘူး။ သူ့လောက်ပိုက်ဆံမရှာနိုင်ဘူး။ သူ့လောက်အလုပ်မကောင်းဘူး။ သူ့ယောက်ျားက ကိုယ့်ယောက်ျားထက်သာတယ်။ သူ့သားသမီးက ကိုယ့်သားသမီးထက်စာတော်တယ်။ သူ့ဘဝက ကိုယ့်ဘဝထက် ပိုပျော်စရာကောင်းတယ် အစရှိသဖြင့် ကိုယ့်မှာမရှိတဲ့အရာတွေကို အာရုံစိုက်တတ်လာပါတယ်။


လူဆိုတာ ကိုယ့်အရှိန်နဲ့ကိုယ်ပြေးနေတာပဲကောင်းပါတယ်။ လူတွေရဲ့ဘဝဟာ ပန်းတိုင်တွေလည်းမတူကြဘူး။ ကိုယ့်ကိုယ်ကိုယ် Jenifer Lopez နဲ့တော့မနှိုင်းယှဉ်နဲ့လေ။ သူကမင်းသမီးပဲ။ လှအောင်နေဖို့ဆိုတာ သူ့ရဲ့အလုပ်ပဲမဟုတ်လား။ ကိုယ်ကမင်းသမီးမဟုတ်ဘူး။ ကိုယ့်ရဲ့အလုပ်ကို ကိုယ်ပီပြင်အောင်လုပ်ဖို့သာ အဓိကပါပဲ။ အိမ်ရှင်မဆိုရင်လည်းအိမ်ရှင်မပေါ့။ ဘာမှသူများတွေနဲ့နှိုင်းယှဉ်နေစရာမလိုဘူး။ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပေးနေတယ်။ ကိုယ့်မိသားစုထဲမှာ အကောင်းဆုံးဖြစ်တည်ပေးနေတယ်။ အဲဒီမှာ တိုးတက်မှုရအောင်လုပ်နေတယ်ဆိုရင် ဘယ်သူနဲ့မှနှိုင်းယှဉ်နေစရာမလိုဘူး။


5)Overcommitting

လိုအပ်တာထက်ပိုပြီးခေါင်းမခံမိစေနဲ့။


အခုခေတ်လူနေမှုဘဝတွေဟာ အမြဲတစေ Busy ဖြစ်ပြီး အလုပ်ရှုပ်နေတတ်ပါတယ်။ အလုပ်တစ်ခုကို ကိုယ်လုပ်နိုင်တာထက်ပိုပြီး Overcommitting လုပ်တယ်။ ခေါင်းညိတ်တယ်ဆိုတာက စိတ်ဖိစီးမှုတွေ၊ မောပန်းမှုတွေဖြစ်စေသလို တကယ်အရေးကြီးတဲ့အရာတွေကိုလုပ်ဖို့ အချိန်မရှိတော့တာမျိုးဖြစ်သွားတတ်ပါတယ်။ တချို့နေရာတွေမှာကျွန်မတို့ဟာ No လို့ပြောဖို့လိုအပ်တယ်။ ဒါဟာ တကိုယ်ကောင်းဆန်တာမဟုတ်ဘူး။ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာ Limit တွေကိုသိဖို့ဖြစ်ပြီး ကိုယ့်ရဲ့ Well-being စိတ်နဲ့ကိုယ်ကျန်းမာရေးအတွက် ဦးစားပေးတာပဲဖြစ်တယ်။


ဒီအသက်အရွယ်မှာ ပျော်ရွှင်ချင်တယ်ဆိုရင် ဘယ်သူဘာဖြစ်ဖြစ် ကိုယ်လုပ်ပေးလိုက်မယ်ဆိုတဲ့စိတ်ကို လျော့ပေးဖို့လိုပါတယ်။ Drama Triangle ထဲမှာဆိုရင် Rescuer နေရာမျိုးမှာ ရောက်နေတာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ပါမှပြီးမယ်။ ကိုယ်လုပ်ပေးမှရမယ်လို့အထင်ရောက်နေတာ ဖြစ်ပါတယ်။


It’s okay to say NO.

No လို့ပြောဖို့ ok ပါတယ်။ ကိုယ့်အတွက် တကယ်အရေးကြီးတဲ့အရာ၊ အချိန်ပေးရမယ့်အရာတွေကို ရွေးချယ်လိုက်ပါ။ အဲဒီအရာတွေကို အကောင်းဆုံးအာရုံစိုက်ပြီးလုပ်လိုက်ပါ။ ဒီလိုနဲ့ ပိုပြီးမျှတတဲ့ ကျေနပ်စရာကောင်းတဲ့ပျော်ရွှင်စရာဘဝကို ရရှိပါလိမ့်မယ်။


မွန်ဟော်စီ

၂၀၂၄

 
 
 

1 Comment


Unknown member
Dec 29, 2024

The Notes is great for me and it's really give me knowledge .thank you for this.

Like

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page