မရှိတော့မှပဲ သိလာခဲ့တဲ့ ချစ်ခြင်း
- Apr 29
- 1 min read

တစ်ရက်က ကျွန်မ ဆေးခန်းမှာ ထိုင်နေရင်း ပါးစပ်ထဲမှာ ဝါးနေမိတဲ့ Chewing Gum ပီကေကို ထွေးထုတ်ချင်စိတ်ပေါက်လာပါတယ်။
ဒါနဲ့ပဲ Print ထုတ်ပြီးဖတ်ဖို့ယူလာတဲ့စာအကြမ်းတွေထဲက စာရွက်ထောင့်လေးတစ်ခုကို ခပ်သေးသေးလေးဖြဲပြီး ပီကေလေးကို အဲဒီစက္ကူအပိုင်းအစလေးနဲ့ ထုတ် အမှိုက်ပုံးထဲကိုပစ်လိုက်ရပါတယ်။
ငယ်ငယ်တုန်းက အဖေသင်ပေးတာလေးတစ်ခုက အခုထိ ရင်ထဲစွဲနေလို့ပါ။ ပီကေစားတဲ့အခါထုတ်ထားတဲ့ငွေရောင် စက္ကူပတ်ကလေးကို ကျွန်မက လွှင့်ပစ်မယ်လုပ်တော့ အဖေက အဲဒီငွေရောင်စက္ကူပတ်လေးက ပစ်ရမှာမဟုတ်ဘူး။ ပီကေထွေးထုတ်ချင်ပြီဆိုရင် အဲဒီစာရွက်လေးနဲ့ထုတ်ပြီး ပစ်ဖို့ထည့်ထားပေးတာ၊ ဒီအတိုင်းလွှင့်ပစ်လိုက်တယ်ဆိုရင် သူများတွေကို မတော်တဆကပ်မိနိုင်တာပေါ့။ မကောင်းဘူးလေလို့ သင်ပေးခဲ့ဖူးပါတယ်။
ဒါကြောင့် အဲဒီအချိန်ကတည်းက ကျွန်မက ပီကေစားရင် ပတ်ထားတဲ့ ငွေရောင်စက္ကူလေးကိုအိတ်ထဲမှာ ထည့်ထားတတ်ပါတယ်။ စက္ကူမပတ်ထားတဲ့ ပီကေ ဆိုရင်လည်း ဝါးပြီးတဲ့အခါ စာရွက်လေးတစ်ခုနဲ့ပတ်ပြီး ပစ်တတ်ဖို့အကျင့်ပါခဲ့ပါတယ်။
ဘာဖြစ်လို့လဲမသိဘူး။ ကျွန်မ အဲဒီလိုလုပ်တိုင်း အဖေ့ကိုအမြဲသတိရမိတတ်ပါတယ်။
အခု ဒီစာလေးရေးရင်း တွက်ကြည့်တော့ အဖေဆုံးတာ ၂၄ နှစ်ရှိပြီပဲ။
April လရဲ့ အင်မတန်သာယာတဲ့ညနေတစ်ခုမှာ သူဆုံးသွားတဲ့အတွက် အဲဒီလို ညနေခင်းတွေရောက်တိုင်း အဖေ့ကိုသတိရနေမိတယ်။
အဖေ့အကြောင်း မကြာခဏရေးတတ်တဲ့အတွက် အဖေက ကျွန်မစာတွေထဲမှာ ဇာတ်လိုက်ကျော်ကြီးတစ်ယောက်လိုဖြစ်နေတာ တချို့စာဖတ်သူတွေ သတိထားမိကြမယ်ထင်ပါတယ်။ ခင်တဲ့ အစ်မတစ်ယောက်ကဆိုရင်ပြောတယ်။ ကျွန်မအဖေကို သူအပြင်မှာတွေ့ဖူးချင်လိုက်တာတဲ့။ အတော်ချစ်စရာကောင်းမဲ့လူပဲလို့ ပြောပါတယ်။ ကျွန်မကလည်း ကျွန်မအဖေကလည်း အစ်မကို တွေ့ချင်မှာပါပဲ။ ကျွန်မအဖေက အဲဒီအစ်မရဲ့ အဖေကို သိပ်ချစ်တာလေ။
သူ့ကို ကျော်ဟိန်းနဲ့တူတယ်လို့ပြောရင်သိပ်ကြိုက်တာ၊ ကိုကျော်လို့ခေါ်ရင် သိပ်သဘောကျတာ၊ ကျော်ဟိန်းလုပ်သမျှ အကုန်လိုက်လုပ်တာ အစရှိသဖြင့် ပြောပြရတယ်။
အဖေကို အင်မတန်ချစ်တဲ့သမီးလို့ အများကထင်ကြပေမယ့် တကယ်တမ်း အဖေရှိတုန်းကတော့ ကျွန်မက အဖေနဲ့ အတော်ပြဿနာဖြစ်တဲ့ သားသမီးမျိုးပါပဲ။ ကျွန်မလိုချင်တဲ့အဖေပုံစံမျိုးလည်း သူက ဖြစ်မနေခဲ့ဘူး။
အဖေနဲ့ပြဿနာတွေတက်ပြီး အဖေ ဆုံးရင်တောင် ငိုချင်မှာမဟုတ်ဘူးလို့ တွေးမိခဲ့တဲ့အထိပါပဲ။ တကယ်လည်း သူဆုံးတော့ ကျွန်မ တစ်ခါပဲ မျက်ရည်ကျလိုက်မိပါတယ်။
စာတွေရေးဖြစ်လာတော့အဖေအကြောင်း ရေးဖြစ်တာတွေအများကြီးပဲ။
အဖေနဲ့အတူ ရေကူးကြတာတွေ ကြက်တွေ ဘဲတွေ မွေးကြတဲ့အကြောင်းတွေ အစုံပါပဲ။ ဘာမှမဟုတ်တဲ့အကြောင်းအရာသေးသေးလေးတွေက သတိရစရာအမှတ်ရစရာ လွမ်းစရာအကြီးကြီးတွေဖြစ်လာကြတယ်။
ကြက်သားဟင်းချက်တဲ့နေ့ဆိုရင် ကျွန်မတို့ ကြက်ခေါင်းထဲက ဦးနှောက်ကို ပုံစံမပျက် လှလှလေးထုတ်ယူနိုင်ဖို့ ယှဥ်ပြိုင်တတ်ကြတယ်။ ဟာသတွေပါပဲ။ ကြက်ခေါင်းစားတိုင်းလည်း အဖေ့ကို သတိရမိတာပဲ။ "ဖေဖေက ဒီလိုပြောတာလေ မေမေ..ဒီလိုလေး ကြက်ဦးနှောက်ကို ထုတ်ပြတာ..သူ့လက်မှာ အဆီတွေစီးကျလာရင် မွန့်မျက်နှာကို လိုက်သုတ်ဖို့ လုပ်တာ" လို့ အမေနဲ့ ပြောရင်း ရယ်ရပြန်ပါတယ်။
မိသားစုဝင်တွေထဲမှာ တစ်ယောက်ဆုံးသွားတယ်ဆိုရင် နောက်ပိုင်းမှာ သူနဲ့ပတ်သက်တဲ့အရာတွေကို တွေးမိတိုင်း ကောင်းတဲ့အကြောင်းအရာတွေ ပျော်စရာအမှတ်တရတွေကများနေတာဟာ အံ့သြစရာပဲ ဖြစ်ပါတယ်။
အဖေ့အကြောင်းတွေးတိုင်း မကြိုက်တာတွေပေါ်လာတာတောင် မုန်းတဲ့စိတ်ကတော့ပေါ်မလာတော့ပါဘူး။ စိတ်နာတာတွေလည်း မရှိတော့ဘူး။
ကိုယ်သူ့ပေါ်မှာဘယ်လောက်အထိ Attach ဖြစ်နေခဲ့သလဲ။ ကိုယ်သူ့ကိုဘယ်လောက်ချစ်သလဲဆိုတာ သူမရှိတော့မှပဲ ကိုယ့်ဘာကိုယ် ပြန်သိရတဲ့အကြောင်းတွေပါ။ မိသားစုတွေမှာ သားအမိတွေအဆင်မပြေကြဘူး။ မောင်နှမတွေ စကားမပြောကြဘူး။ ရန်ဖြစ်နေကြတယ် ဆိုပေမယ့် မပြောကောင်းမဆိုကောင်း တစ်ယောက်ကွယ်လွန်သွားတဲ့အခါ အခုလိုပဲ ကောင်းတဲ့အကြောင်းလေးတွေတွေးပြီး လွမ်းရဆွေးရ နောင်တရ ရဦးမှာပါပဲ။
မိသားစုထဲမှာ တော်ရုံတန်ရုံဆို သိပ်ခံစား ပြစ်တင်ပြောဆိုမနေတော့ဘဲ ထားတတ်လာတယ်။ တချို့ကိစ္စတွေမှာ သူကလည်း ကိုယ် ဟုတ်မနေတော့ ထပ်တူထပ်မျှတော့မဖြစ်နိုင်ဘူးလေ။ သူ့ကို ကိုယ့်စိတ်နဲ့ အံကိုက်ဖြစ်အောင်ပြောင်းလို့လည်းမရဘူး။
အဖေနဲ့ ရန်ဖြစ်ခဲ့တာတွေတွေးတော့ ငါတို့ ဒီထက်ပိုချစ်ခဲ့ရကောင်းသားလို့ တွေးမိတယ်။ ရှိတုန်း တန်ဖိုးမထားခဲ့မိတာတွေပေါ့။အခုအချိန်မှာ ရန်ဖြစ်ချင်ရင်တောင် သူ့ကို ဘယ်နေရာမှာသွားရှာပြီး ရန်ဖြစ်ရမယ်မသိတော့ဘူးလေ။
အခုတော့လည်း ဘာမှမဟုတ်တဲ့ Chewing Gum အခွံလေးကအစ မရှိတော့တဲ့သူကို သတိရစရာတွေကိုဖြစ်လို့ပါပဲ။
မွန်ဟော်စီ
၂၀၂၃



Comments