ငယ်ဘဝက တစ်ချိန်ကလုပ်ခဲ့မိတဲ့အမှတ်တရတစ်ခု
- May 5, 2025
- 1 min read

ကျွန်မငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေမှာ အတူဆော့ရတဲ့ ဝမ်းကွဲအစ်မရှိပါတယ်။
ကျွန်မရဲ့အောက်ကမောင်လေးကို အသက်ဆယ်နှစ်လောက်မှရလာတဲ့အတွက် ကျွန်မငယ်ဘဝ အစောပိုင်းနှစ်တွေဟာ မိသားစုထဲမှာ တစ်ဦးတည်းသောသမီးဘဝနဲ့ အထီးကျန်နေခဲ့ရတာများတယ်။ ဒါကြောင့် ကိုယ်နဲ့အတူဆော့ရတဲ့အစ်မကိုလည်း တွယ်တာမှုရှိပါတယ်။ ကျွန်မထက်သုံးနှစ်ပဲကြီးသူမို့လို့ အရွယ်ကလည်း မတိမ်းမယိမ်းလေးတွေဖြစ်နေတယ်။
သူက စာအင်မတန်တော်ပါတယ်။ ယဥ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ်လေးနေတတ်ပါတယ်။ နူးညံ့တယ်၊ လိမ္မာတယ်၊ စကားနားထောင်တယ်။ လူကြီးတွေဟာ သူ့ကို အင်မတန် ချစ်ကြပါတယ်။ ကျွန်မကတော့ အားတဲ့အချိန်တိုင်း ကာတွန်းစာအုပ်တစ်အုပ်နဲ့ သစ်ပင်ပေါ် ရောက်နေတဲ့သူပါပဲ။ မဲမဲသဲသဲ ညစ်ညစ်ပတ်ပတ်ပေါ့။ မျက်နှာကလည်း စူပုပ်နေတာများပါတယ်။ အိမ်ရှိလူတွေကို ဒုက္ခပေးရာမှာကျွမ်းကျင်တယ်။ ပြဿနာရှာတတ်တယ်ပေါ့။
ကျွန်မဘိုးဘွားမိဘတွေဟာ အစ်မနဲ့တူတူနေရင် သူ့ဆီက ကောင်းမွန်တဲ့အရာတွေကို အတုယူနိုင်ဖို့ မျှော်လင့်ချက်ထားကြပုံရှိပါတယ်။ ကျွန်မအမြဲတမ်း အိမ်မှာအပြောခံရတာကတော့ မမလိုမဖြစ်ချင်ဘူးလား၊ မမကလိမ္မာတယ်၊ မမကဘုရားရှိခိုးတယ်၊ မမလိုစာတော်အောင်လုပ်ရမယ်၊ မမက အဆင့်တစ်ရတယ်ဆိုတဲ့စကားတွေပါပဲ။
ကျွန်မ အိမ်မှာတစ်ခုခုလုပ်မိ ဆိုးမိတယ်ဆိုရင် ဒီအပတ် မမကိုမလာခိုင်းဘူးနော်၊ မမလာအိပ်မှာမဟုတ်ဘူး။ မမနဲ့ တိရိစ္ဆာန်ရုံမသွားရဘူး အစရှိသဖြင့် ဒီအစ်မနဲ့ပဲ ကိုင်ပြီးခြိမ်းခြောက်ပါတယ်။ ကျွန်မက ဒီအစ်မကို အတော်ချစ်တဲ့သူဖြစ်ပါတယ်။
ကျွန်မတို့မိဘတွေအပါအဝင် ဦးလေးအဒေါ်အမျိုးတွေနဲ့အတူ ကိုးမိုင်မှာရှိတဲ့ နဂါးနီဆိုတဲ့စားသောက်ဆိုင်မှာ သွားစားသောက်တတ်ကြပါတယ်။အဲဒီဆိုင်ကို ခဏခဏသွားလေ့ရှိပါတယ်။ အဲဒီဆိုင်မှာ ရွှေငါးတွေမွေးထားတဲ့ ရေကန်ခပ်နိမ့်နိမ့်လေးရှိပါတယ်။ ကျွန်မတို့ညီအစ်မနှစ်ယောက် အဲဒီကိုရောက်ရင် အဲဒီငါး
ကန်ကိုသွားပြီး ကြည့်နေကျပါပဲ။
တစ်ခါကျတော့ ကျွန်မက ဘာစိတ်ကူးပေါက်တယ်မသိဘူး။ အဲဒီမှာရပ်ပြီး ငါးတွေကိုကြည့်နေကြရင်း အစ်မကိုရေထဲကိုတွန်းချချင်တဲ့စိတ်ပေါ်လာပါတယ်။
အဲဒီအခါမှာ ကျွန်မဘာလုပ်လိုက်တယ်လို့ထင်ပါသလဲ။ (ကျွန်မ Talk တစ်ခုမှာ ဒီအကြောင်းကိုပြောတော့ နားထောင်တဲ့သူတွေကရယ်ပြီး တွန်းချလိုက်တယ်လို့ ဖြေကြပါတယ်။ စာဖတ်တဲ့သူတွေရောဘယ်လိုတွေးကြမလဲမသိဘူး။)
အဟုတ်ပါဘဲ။ ကျွန်မ အစ်မကို ငါးကန်ထဲ တွန်းချလိုက်မိပါတယ်။ ဗွမ်းကနဲ ရေထဲကိုကျသွားပြီး သူ့တကိုယ်လုံးလည်း ရွှဲရွှဲစိုသွားတာပါပဲ။ လူကြီးတွေလည်း လန့်ဖျန့်ရောက်လာကြပြီး နည်းနည်းတော့ အလုပ်ရှုပ်သွားပါတယ်။ ရေကန်က သာမာန်အနိမ့်စား ငါးကန်ကလေးမို့လို့ တော်ပါသေးတယ်။ အင်းယားကန်လိုနေရာမျိုးဆို ဘယ်လိုများလုပ်မလဲမသိဘူးလို့ ကျွန်မ အခု စာရေးနေရင်းနဲ့တွေးမိပါတယ်။
အမေ မိဘတွေက လက်နဲ့မဆုံးမတတ်တဲ့သူတွေမို့လို့ ကျွန်မအရိုက်ခံရတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် ဦးလေးတွေအဒေါ်တွေ တခြားအမျိုးတွေအလယ်မှာ ကျွန်မလုပ်လိုက်တဲ့လုပ်ရပ်ကတော့ တော်တော်လေးမှကို အရုပ်ဆိုးအကျည်းတန်တဲ့လုပ်ရပ်ဖြစ်ခဲ့ပါတယ်။
ကျွန်မထင်တယ်။ အဲဒီအချိန်ကစပြီး ကျွန်မက ပေတလူဘွဲ့ လူဆိုးဘွဲ့ကိုရတာပါပဲ။ အမျိုးတွေထဲမှာ အဲဒီအချိန်ကစပြီး ကျွန်မဟာ ဘယ်တော့မှမကောင်းတော့ဘူး။ သိုးမည်းတို့ ဘဲရုပ်ဆိုးတို့ဆိုတာကျွန်မပါပဲ။ ကိုယ့်အရမ်းချစ်တဲ့အစ်မကို ဘာဖြစ်လို့ ရေထဲထွန်းချလိုက်မိလဲ ကျွန်မလည်း သေချာမသိဘူး။
ဖြစ်နိုင်တာကတော့ သူနဲ့ပဲယှဉ်ပြီး ဆုံးမခံနေရတဲ့အခါ စိတ်ထဲမှာ မသိစိတ် ခံရခက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကလေးဘဝကအဖြစ်အပျက်ကလေးပါပဲ။
ကလေးဘဝကအဖြစ်အပျက်တွေ စိတ်အခြေအနေတွေဟာ လူကြီးဘဝအထိလည်း အရိပ်ထိုးနေတတ်ကြပါတယ်။ ဒီနေရာမှာ ဘာကိုသဘောပေါက်မိလဲဆိုရင် လူကြီးဖြစ်လာတော့ ကျွန်မက Comparison နှိုင်းယှဉ်တယ်ဆိုတဲ့အလုပ်ကို အင်မတန်မုန်းပါတယ်။ ဒါပေမဲ့တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ် သူများနဲ့နှိုင်းယှဉ်နေတတ်တယ်။ နှိုင်းယှဉ်တယ်ဆိုတာ အပြိုင်သဘောနဲ့ ကြည့်မြင်နေတဲ့အတွက်ဖြစ်ပါတယ်။
ကိုယ့်အမုန်းဆုံးအလုပ်ကို ကိုယ့်ဘာကိုယ်ပြန်လုပ်မိနေတာပါပဲ။ အဲဒီလိုလုပ်မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး စိတ်တိုတယ်။ အားမလိုအားမရဖြစ်တယ်။မကြိုက်ဘူး။ ကိုယ့်ရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကျိတ်ပြီးမုန်းနေတယ်။ ကိုယ်နဲ့ကိုယ်နဲ့ရန်ဖြစ်နေတယ်။ ဒါမျိုးတွေမကြာခဏဖြစ်တတ်ပါတယ်။
လူတွေက ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်မသိတတ်ကြဘူး။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်သေသေချာချာသိမနေတဲ့အခါမှာ ပြင်ပက ကိုယ်နဲ့ Level တူတဲ့ လူတွေရဲ့အောင်မြင်မှုတွေ သူတို့ရတဲ့လက်ခုပ်သံတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်ကို မကောင်းတဲ့စိတ်တွေ ထွက်ပေါ်လာစေတတ်ပါတယ်။ အငုံ့စိတ်ပေါ်လာတာ မနာလိုတာ မကျေနပ်တာ အားငယ်တာ အစရှိသဖြင့် ပေါ်လာတဲ့စိတ်တွေဟာ Negative တွေပါပဲ။ တစ်ခါတစ်ရံမှာ ဒီလိုအရာတွေက သူများကို ဒုက္ခပေးတတ်တဲ့အမုန်းစိတ်တွေ ဒေါသတွေဖြစ်လာတာမျိုးရှိပါတယ်။
ကိုယ်ဘာတွေလုပ်ခဲ့ပြီးပြီလဲ ပြန်စဉ်းစားဖို့လိုပါတယ်။ Oxford ဆရာတော်ကြီးအမြဲပြောတဲ့ မုဒိတာဆိုတာပေါ့။ ကိုယ့်ကိုယ်ကိုယ် မုဒိတာထားဖို့လိုပါတယ်။ကိုယ်လုပ်ခဲ့တဲ့အရာတွေကို ဝမ်းသာဖို့လိုတယ်။ ဂုဏ်ယူဖို့လိုတယ်။ ကျေးဇူးတင်တတ်ဖို့လိုတယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့တန်ဖိုးက ပေါ်လာတာပဲဖြစ်ပါတယ်။
လူတွေမှာက ကိုယ့်ကိုယ်ကိုယ်မကုစားနိုင်သေးတဲ့အပိုင်းတွေ အများကြီးပဲ။ စိတ်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ဆင်းကြည့်ရဦးမယ့်နေရာတွေ ရှိနေတတ်ကြသေးတာ သဘာဝပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့နောက်မှာ အမြဲထိုးနေတဲ့အရိပ်မဲတွေပေါ့။ ဒီအရိပ်မဲတွေနဲ့ အလုပ်လုပ်ရတဲ့အခါ ငယ်ဘဝကိုပြန်ဖော်ရတာလည်း ရှိတာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ငယ်ဘဝကအဖြစ်အပျက်တွေဟာ မိမိကိုယ်မိမိကုစားခြင်းရဲ့လမ်းစဉ်မှာ သဲလွန်စတွေ ပေးနေတာပဲဖြစ်ပါတယ်။ အဲဒီလိုအဖြစ်အပျက်ကလေးတွေကို ပြန်ဖော်လို့ရတဲ့အခါမှာ ကျွန်မတို့ရဲ့ Healing Journey ဟာ မြန်မြန်ဆန်ဆန်လေး ခရီးရောက်လာတတ်ပါတယ်။
မွန်ဟော်စီ
၂၀၂၅



Comments