top of page
Search

ရုပ်ရှင်ကြည့်တာက ပျော်ရွှင်မှုနဲ့စပ်လျဉ်းခြင်း

  • Aug 3, 2024
  • 1 min read

Updated: May 20


A cozy living room with a TV playing a space scene. Wooden shelves hold books and plants. A dark door is in the background.

ရုပ်ရှင်ကြည့်တာ ဝါသနာပါတဲ့သူတစ်ယောက်အနေနဲ့ ဘဝအဖော်မွန်ကွယ်လွန်ပြီးတဲ့အချိန်ကစပြီးတော့ TV ရှေ့မှာ ပိုပြီးအချိန်ဖြုန်းတတ်လာပါတယ်။ များသောအားဖြင့်တော့ Netflix က ရုပ်ရှင်လေးတွေ TV Series လေးတွေကြည့်တာပါပဲ။


တစ်နေ့လုံးအလုပ်တွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဆုချတဲ့အနေနဲ့ ရုပ်ရှင်ကြည့်တာရှိပါတယ်။ ဒါကြောင့် ၉နာရီလောက်ဆိုရင် TVရှေ့က Couch လေးမှာ ကျကျနနထိုင် ခေါင်းအုံးလေးတွေ၊ စောင်လေးတွေ၊ ခွေးကလေးတွေနဲ့ သေသေချာချာနေရာယူပြီး ဘာကြည့်ရင်ကောင်းမလဲလို့ရွေးတော့တာပါပဲ။


အသစ်ထွက်တဲ့ New Releases တွေက ဘာလဲ။ ဆုရထားတဲ့ကားတွေကဘာလဲ။ ကြည့်မယ်ဆိုတဲ့ My list ထဲ ပစ်ထည့်ထားတာတွေက ဘာတွေလဲ။ Continue Watching ဆက်ကြည့်ရမယ့်ကားတွေကဘာတွေလဲ။ Drama လား၊ Series လား၊ Documentary လား အစရှိသဖြင့် ရွေးရင်းရွေးရင်း အချိန်တွေကုန်သွားပါတယ်။ နောက်ဆုံး ဘာကြည့်ရမှန်းမသိတော့လောက်အောင် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲသွားတာတွေရှိသလို တစ်ခါတစ်ရံမှာတော့ တစ်ခုပြီးတစ်ခုကိုကောက်ဖွင့်ခြင်း ဘာမှလဲ မယ်မယ်ရရမကြည့်ဖြစ်ဘဲ ပြီးသွားပါတယ်။ ရွေးစရာတွေများလွန်းတော့ ဟိုဟာလေးကြိုက်သလိုလို ဒီဟာလည်းကြည့်ချင်သလိုလို၊ ဒီဟာလည်းမဟုတ်သေးဘူး၊ ဟိုဟာလည်းမဟုတ်သေးဘူး။ ဒါဆို ဘာလဲဆိုတာလဲသေသေချာချာမသိဘူးဆိုတာမျိုးတွေ ဖြစ်လာပါတယ်။


သုတေသနတစ်ခုကပြောတာလေး ဖတ်လိုက်ရပါတယ်။ စားသောက်ဆိုင်တွေမှာရှိနေတဲ့ Menu ဟာ တစ်ခါတလေမှာ လူတွေကို စိတ်ဖိစီးမှုဖြစ်စေပါတယ်တဲ့။ စားသောက်ဖွယ်စာရင်းကိုကြည့်လိုက်တဲ့အခါမှာ အကုန်လုံးစားချင်နေတယ်။ ဒါပေမဲ့ တစ်ခါစားရင်တော့ တစ်မျိုးနှစ်မျိုးလောက်ပဲစားလို့ရမှာဖြစ်တဲ့အတွက် အဲဒီအချိန်မှာ ရွေးချယ်ရတာ တော်တော်ပင်ပန်းပါတယ်။


တကယ်တော့ ကလေးလေးတွေလိုပါပဲ။ အရုပ်ကလေးတစ်ရုပ်ကိုပဲပေးတယ်ဆိုရင် ဒါကိုပဲမိမိရရ ဆုပ်ကိုင်ယူလိုက်တယ်။ သူ့ဘေးမှာ အရုပ်တွေဝိုင်းရံပြီးချလိုက်တယ်ဆိုရင်တော့ တစ်ခုခုကိုတော့ ယူလိုက်တယ်။ ဒါပေမဲ့ နောက်တစ်ခုကိုလည်း မျက်စိကကြည့်နေတယ်။ ပြီးရင် သူယူလိုက်တဲ့ဟာအပေါ်မှာ ကြိုက်သလို မကြိုက်သလိုတွေဖြစ်နေတယ်။ သူနောက်တစ်ခုကို ပြောင်းယူချင်နေတယ်။ လက်ထဲမှာရှိတဲ့ဟာကို လွှတ်ချလိုက်ပြန်တယ်။ နောက်တစ်ခုကို လက်လှမ်းတယ် ဒီလိုပုံစံမျိုးပါပဲ။


အခုခေတ်မှာက ရွေးချယ်စရာတွေ အင်မတန်များပြားတဲ့ခေတ်ဖြစ်ပါတယ်။ အင်္ကျီအဝတ်အစားတွေ၊ ဖိနပ်တွေ၊ လက်ကိုင်အိတ်တွေ၊ စားသောက်ဆိုင်တွေ ဘာပဲလိုချင်လိုချင် အများကြီးရွေးချယ်စရာရှိတဲ့ ခေတ်ပါပဲ။ ခေတ်ရဲ့တိုးတက်မှုဟာ ကြောက်စရာကောင်းလောက်အောင် လျင်မြန်လာပေမယ့် ဦးနှောက်အနေနဲ့ကတော့ ရွေးချယ်စရာတွေများလေ ဝေဝါးလာလေပါပဲ။


နှစ်ခုတည်းက တစ်ခုခုရွေးဖို့ဆိုတာ လွယ်ကူပေမယ့် အခုလေးဆယ်ထဲက တစ်ခုရွေးဆိုရင် တော်တော်စဉ်းစားလာရတော့တာပါ။ အဲဒီထဲကမှ ရွေးလိုက်တဲ့ဟာက ကိုယ်တကယ်ကြိုက်လား မကြိုက်ဘူးလားဆိုတာကိုလည်း မသေမချာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရတော့တာပါ။ ရွေးစရာ Option တွေများလေ ရွေးလိုက်တဲ့အရာပေါ်မှာ အကောင်းဆုံးဖြစ်ရဲ့လားဆိုတာ သံသယရှိနေလေပဲဖြစ်ပါတယ်။


ဒါကြောင့် Too much choices bring happiness downsides လို့ဆိုပါတယ်။ ရွေးစရာတွေအများကြီးရှိတာဟာ ပျော်စရာကောင်းပေမယ့် တကယ်ရွေးရပြီဆိုတဲ့အခါမှာ စိတ်ရှုပ်ထွေးမှုလေးတွေ အနည်းနဲ့အများ ပေါ်ပေါက်လာရတတ်ပါတယ်။


တစ်နေ့တစ်နေ့ကို ရွေးချယ်မှုတွေအများကြီးလုပ်နေမိကြပါတယ်။ မိုးလင်းတာနဲ့ ဘာစားရမလဲ။ အလုပ်သွားရင်ဘာဝတ်ရမလဲ။ ဘာကားစီးရမလဲ။ ဘာသီချင်းနားထောင်ရမလဲ။ ဘာရုပ်ရှင်ကြည့်ရမလဲ။ ဘာဝယ်ရမလဲ အစရှိသဖြင့် ရွေးချယ်ကြရပါတယ်။ နေ့စဉ် အများဆုံးရွေးချယ်နေကြတာကတော့ အစားအသောက်နဲ့အဝတ်အစားပဲ ဖြစ်ပါတယ်။


ရွေးချယ်စရာတွေ အများကြီးရှိနေတာကို မကောင်းဘူးလို့ပြောတာမဟုတ်ပဲနဲ့ ရွေးချယ်မှုတွေလုပ်ရတဲ့အခါတိုင်းမှာ Cognitive Effort လို့ခေါ်တဲ့ ဦးနှောက်ရဲ့သုံးသပ်ဆင်ခြင်နိုင်မှုစွမ်းအားတစ်ခုကို ယူသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကိုယ်နောက်ဆုံးရွေးချယ်ယူလိုက်တဲ့အရာပေါ်မှာ ယုံကြည်မှုမရှိတာဟာ ပျော်ရွှင်မှုနည်းပါးစေတဲ့အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။


ပျော်ရွှင်မှုဟာ ရိုးရှင်းမှုနဲ့ဆက်စပ်နေတယ်ဆိုတာကို ငြင်းပယ်လို့မရပါဘူး။ ဒါကြောင့် တချို့ကမ္ဘာကျော်တွေဟာ ရွေးချယ်မှုတွေအတွက် ဆုံးဖြတ်ရတဲ့ကိစ္စတွေမှာ အချိန်သိပ်မပေးဘဲ ဘဝကို အရိုးရှင်းဆုံးဖြတ်သန်းသွားကြတယ်ဆိုတာ သိကြပြီးသားဖြစ်ပါတယ်။ အဲဒီအတွက်ကို သိပ်ပြီးတော့အချိန်မပေးဘူး။ အဲဒီအတွက် Energy အကုန်မခံဘူး။ ဒါပေမဲ့ ရွေးချယ်မှုတွေအများကြီးရှိနေတဲ့အခြေအနေမှာ ဒါတွေကို ဘယ်လိုရှောင်ရှားမလဲဆိုတာက ခက်ခဲပါတယ်။ မေးစရာဖြစ်လာပါတယ်။ ဘာမှမရွေးချယ်ခင်မှာ ကိုယ်လိုချင်တဲ့အရာတစ်ခုကို သေသေချာချာစဉ်းစားထားဖို့ပဲလိုပါတယ်။


မုန့်ဟင်းခါးစားမယ်လို့ စိတ်ကဆုံးဖြတ်ထားတယ်ဆိုရင် အုန်းနို့ခေါက်ဆွဲပဲ တွေ့တွေ့ ၊ ပေါင်မုန့်ကြက်ဥကြော်ပဲတွေ့တွေ့ ၊ ရှမ်းခေါက်ဆွဲပဲတွေ့တွေ့ နောက်ဆုံးမှာ ကိုယ်စဉ်းစားထားပြီးသား မုန့်ဟင်းခါးတစ်ပွဲကိုပဲ မှာပြီး အရသာရှိစွာ သုံးဆောင်လိုက်နိုင်တာမျိုးဖြစ်ပါတယ်။ အရှေ့ပိုင်းမှာရေးခဲ့သလို Savor the good ပါပဲ။ ကိုယ်မှာတာကို ကိုယ်ကျေနပ်တယ်။ ကိုယ်ရလိုက်တာကို ကိုယ်ကျေနပ်တယ်။ အရသာခံပြီးစားသုံးနိုင်တယ်။ အဲ့တာပျော်ရွှင်မှုပဲဖြစ်ပါတယ်။


အဝတ်အစားဝယ်မယ်ဆိုရင် လိုချင်တဲ့အရောင်ကိုစဉ်းစားထားတာ၊ စျေးသွားဝယ်ရင် ဝယ်မယ်ဆိုတဲ့အရာတွေကို ဈေးစာရင်းပြုစုသွားတာ၊ ကြိုပြီးတော့စဉ်းစားသွားတာလေးတွေက အချိန်ကုန်သက်သာစေတယ်။ ဝေဝါးမှုတွေကို လျော့နည်းစေတယ်။ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တယ်။ ကိုယ့်ရဲ့တန်ဖိုးကြီးလှတဲ့ Cognitive Effort မလိုအပ်တဲ့နေရာမှာ မသုံးမိစေဖို့အရေးကြီးပါတယ်။


ပျော်ရွှင်မှုရဖို့ဆိုတာ ဒီလောက်ခက်ခဲနေတာတော့မဟုတ်ဘူး။ အဓိကကတော့ စိတ်ဖြတ်သားဖို့ပါပဲ။


 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page