top of page
Search

သိစိတ်နဲ့ မသိစိတ်: ကိုယ့်စိတ်ကိုနားလည်ခြင်း

  • May 28
  • 2 min read

Iceberg against a blue sky, with text overlay in Burmese and English: "Reinstall, Refresh, Reprogram." Name at bottom: Mon Halsey.

ကျွန်မက စိတ်တွေအလုပ်လုပ်ပုံ သိစိတ် မသိစိတ်တွေရဲ့ ဆက်သွယ်ပုံတွေကို Observe လုပ်ရတာ လေ့လာရတာ၊ စိတ်အကြောင်းတွေ ဖတ်ရတာ စိတ်ကိုအလေ့အကျင့်လုပ်ရတာမျိုးတွေ သိပ်ကြိုက်ပါတယ်။

လူတစ်ယောက်ရဲ့ အပြုအမူတွေ သဘောထားတွေကို သိလိုက်ရတဲ့အခါ ကြုံလိုက်တဲ့အခါ အရင်တုန်းကတော့ ကိုယ့်စိတ်နဲ့ တိုက်ဆိုင်ရင်တိုက်ဆိုင်သလို မတိုက်ဆိုင်ရင်လည်း မတိုက်ဆိုင်သလို ကြိုက်တယ် မကြိုက်ဘူး လွယ်လွယ်ကူကူ မှတ်ချက်ပေးလိုက်တာပါပဲ။

အခုနောက်ပိုင်းတော့ သူဘာလို့ ဒီလိုတွေးရတာလဲ။ ဘာလို့ ဒီလို ခံစားရတာလဲ။ ဘာလို့ ဒီလိုပြောရတာလဲ၊ လုပ်ရတာလဲ ဆိုတာကို လိုက်တွေးရင်း အဖြေရှာကြည့်မိတယ်။

ကိုယ်ကိုယ်တိုင်လည်း ဒီလို Self Questioning လုပ်ပြီး မေးခွန်းတွေ မေးတတ်လာပါတယ်။ အဖြေတွေ့သွားတဲ့အခါ ရင်ထဲရှင်းပြီး ပျက်နေတဲ့ ပစ္စည်းတစ်ခုကိုပြင်လိုက်ရသလို နေလို့ကောင်းသွားတယ်။

လူတွေမှာ မသိစိတ်က Subconscious Mind က 95% အလုပ်လုပ်နေတယ်။ သိစိတ် Conscious Mind ကတော့ 5%ပဲရှိတယ်။ (တချို့ကလည်း 90%-10% လို့ပြောကြတယ် ဘယ်လိုပဲဖြစ်ဖြစ် မသိစိတ်ရဲ့အလုပ်လုပ်နေပုံက ပိုပြီး ရာခိုင်နှုန်းများတယ်ဆိုတာကိုနားလည်ရပါမယ်)

ပင်လယ်ထဲမှာမျောနေတဲ့ ရေခဲတုံးကြီးတစ်တုံး Ice Berg ကြီးကိုကြည့်ရင် ထိပ်ပိုင်းတွေကိုပဲ ကျွန်မတို့မြင်ရတတ်တယ်။ ကိုယ်က ထိပ်ပိုင်းလေးပဲတွေ့ရပေမဲ့ ရေခဲတုံးကြီးရဲ့ ရေထဲမြုပ်နေတဲ့ မမြင်ရတဲ့ အောက်ခြေမှာဘယ်လောက်တောင်မှ ထုထည်ကြီးမားတဲ့ အစိုင်အခဲကြီး ရှိနေတယ်ဆိုတာကို ဘယ်သူမှမသိရဘူး။ မမြင်ကြရဘူး။

ကျွန်မတို့ရဲ့သိစိတ်ဆိုတာက ရေပေါ်မှာတွေ့ရတဲ့ ရေခဲတုံးထိပ်ဖျားကလေးပဲ။ မသိစိတ်ကတော့ ဟိုးအောက်ခြေထိ ထုထည်ကြီးမားစွာ ရှိနေတတ်ကြတယ်။

ဒါကိုကျွန်မတို့ဟာ Iceberg Behaviour Theory လို့ခေါ်ပါတယ်။

လူတစ်ယောက်ရဲ့ဘဝမှာ သူ့ရဲ့အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်တွေ၊ ပြုမူပြောဆိုပုံတွေ၊ ရွေးချယ်မှုတွေဟာ ငယ်ငယ်ကတည်းက မိဘတွေဆီက သူငယ်ချင်းတွေဆီက ဘေးပတ်ဝန်းကျင်ဆီက သိလာခဲ့ရတဲ့ သင်ယူလာခဲ့ရတဲ့ တွေ့မြင်လာခဲ့ရတဲ့ ကြားလာခဲ့ရတဲ့ သတင်းအချက်အလက် အတွေ့အကြုံတွေတွေပေါ်မှာ မူတည်ပါတယ်။

မသိစိတ်ရဲ့သဘာဝက သူ့ကို များများပြောလေ ထပ်ခါထပ်ခါပြောလေ ပြလေ ယုံလာလေပဲ။ ကောင်းတာတွေ များများအမိန့်ပေးနေရင် ကောင်းတဲ့ဘက်ကိုပါလာတယ်။ မကောင်းတာတွေများများပြောရင် မကောင်းတဲ့ဘက်ကို လိုက်သွားတတ်တယ်။

အဲဒီအရာတွေက ရင်ထဲမှာ စိမ့်ဝင်စွဲမြဲပြီး Belief ယုံကြည်မှုတွေဖြစ်လာကြတယ်။

အဲဒီယုံကြည်မှုတွေကြောင့် တန်ဖိုးထားမှုတွေ စံနှုန်းတွေ ကွဲပြားသွားကြတယ်။ Value လို့ခေါ်ပါတယ်။

Value တွေ တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ ငွေကို တန်ဖိုးထားတဲ့သူရှိတယ်။ ခင်မင်မှုကို တန်ဖိုးထားတဲ့သူရှိတယ်။

တချို့ကပညာကို တန်ဖိုးထားတယ်။ အချိန်၊ စိတ်အေးချမ်းမှု၊ အသိအမှတ်ပြုမှု စသည်ဖြင့် တန်ဖိုးထားမှုတွေ ကွဲပြားကြတယ်။

ဒီ Value တွေကြောင့် အတွေး Thoughts တွေ ဖြစ်လာတယ်။ အတွေးတွေကနေ စိတ်ခံစားမှု Emotions တွေ ဖြစ်လာတယ်။

အဲဒီ Emotions တွေကနေ စရိုက်လက်ခဏာ ပြုမူပြောဆိုပုံတွေ Behaviour တွေလည်း ပြောင်းလဲသွားကြတယ်။

Belief

Value

Thoughts

Emotions

ဆိုတာတွေဟာ ဘယ်သူမှ မမြင်ရဘူး။ ရေခဲတုံးအောက်က အရာတွေပါပဲ။

တစ်ခါတလေ ကိုယ်ကိုယ်တိုက်တောင်မှ သေချာမသိ သတိမထားမိဘဲ မသိစိတ်ထဲမှာ စူးနစ်ဝင်နေကြတာမျိုးရှိတတ်တယ်။ ဘယ်လောက်ကြီးကျယ်နေမှန်း မပြောနိုင်ကြဘူး။

ကျွန်မတို့က လူတစ်ယောက်ကိုတွေ့တယ်ဆိုရင် သူ့ရဲ့အပြင်ပန်းက ပြောဆိုပြုမူတဲ့စရိုက်လက္ခဏာ Behaviour တွေကိုပဲတွေ့ကြရတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် လူတစ်ယောက်က ချမ်းသာပါလျက်နဲ့ စေးနည်းတယ်ဆိုရင် ဘာဖြစ်လို့ဒီလိုဖြစ်ရသလဲဆိုတဲ့အကြောင်းက သူ့မသိစိတ်ထဲမှာရှိနေပါတယ်။ ရေခဲတုံးရဲ့ အောက်ခြေမှာရှိနေပါတယ်။

ငယ်တုန်းက အဖွားကပြောတယ်။ ပိုက်ဆံတွေသိပ်မသုံးနဲ့ ဆင်းရဲလိမ့်မယ်။ မိဘတွေဘယ်လောက်ပင်ပန်းတကြီးရှာဖွေရတယ်။ တွေ့တယ်မလား ပိုက်ဆံဆိုတာ အလကားရတာမဟုတ်ဘူး စသည်ဖြင့် တွေ့မြင်ခဲ့ရတယ်။ ကြားနာခဲ့ရတယ်။ ဆုံးမသွန်သင်ခံ ပြောဆိုခံခဲ့ရတယ်။

ဒါကြောင့် သူ့မှာဘယ်လောက်ကြီးပဲချမ်းသာကြွယ်ဝနေပါစေ ပိုက်ဆံကို မသုံးရဲ၊ မသုံးရက်ဘူး၊ မသုံးချင်ဘူး။

သူ့ရဲ့တန်ဖိုးထားမှု Value ကလည်းငွေကြေးဖြစ်လာတယ်။ ပိုက်ဆံသုံးလိုက်ရပြီဆို မပျော်ဘူး။

ဒါကြောင့်ပိုက်ဆံပေးလိုက် သုံးရမယ်ဆိုရင် နှမြောတတ်တဲ့သူဖြစ်လာတယ်။

တစ်ဖက်မှာကျတော့ ပိုက်ဆံလည်းရှာနိုင်တယ်။ ပိုက်ဆံလည်းရှိတယ်။ ဒါပေမယ့် မသုံးရက် မစွဲရက်ဖြစ်နေတာကို ကိုယ့်ကိုယ်ကိုယ်လည်းမကျေနပ်ဘူးဖြစ်နေတယ်။

ဒါမျိုး စိတ်ပိုင်းဆိုင်ရာပြသနာတွေဟာ လူတိုင်းမှာ အနည်းနဲ့အများရှိနေတတ်ကြတယ်။ (ကျွန်မမှာ အဲဒါမျိုး Issue ရှိခဲ့ဖူးပါတယ်။ Lack Mentality ပေါ့။)

ဒီလို Issues တွေအတွက်က ဟိုအောက်ခြေထိဆင်းကြည့်လိုက်တဲ့အခါ Process လုပ်ကြည့်လိုက်တဲ့အခါ အကြောင်းအရင်းအမြစ်ကို တွေ့ရမှာဖြစ်ပါတယ်။

တချို့ အမျိုးသားတွေ မိန်းမကိုရိုက်တတ်တယ်။ တချို့ အရိုက်ခံနေရတဲ့ အမျိုးသမီးတွေ ဒီလိုပဲ ကျိတ်ခံနေတတ်ကြတယ်။ တချို့ ဘယ်သူနဲ့မှ Relationship လုပ်လို့မရဘူး။ တချို့ဘယ်သူနဲ့မှ မိတ်ဆွေ အပေါင်းအသင်းလုပ်လို့မရဘူး။ တချို့ အလုပ်တစ်နေရာတည်းမှာ ခပ်ကြာကြာနေလို့မရဘူး။ တချို့က ကိုယ့်ထက် အသက်အများကြီးကြီးတဲ့လူတွေကို သဘောကျတယ်။ တချို့လူတွေက သိပ်ပျော်တတ်ကြတယ်။ တချို့လူတွေ အမြဲ အလိုမကျ ညည်းညူနေတတ်ကြတယ်။

စသည်ဖြင့် မတူကွဲပြားတဲ့ အမူအကျင့်တွေ စရိုက်လက္ခဏာတွေဟာ အတိတ်က ပုံသွင်း Program လုပ်ထားခံခဲ့ရတဲ့ မသိစိတ်နဲ့ အများကြီး သက်ဆိုင်ပါတယ်။ Subconcious Programming ကို နားလည်ဖို့လိုပါတယ်။

သိစိတ်နဲ့မသိစိတ်ကို ဆက်စပ်ပြီးအလုပ်လုပ်တတ်ဖို့ အလုပ်လုပ်ခိုင်းဖို့လိုပါတယ်။

ဒီလို Process လုပ်ဖို့ ကုစားနိုင်ဖို့က နံပါတ်တစ် Mindful ဖြစ်နေဖို့ သတိရှိနေဖို့ လိုအပ်ပါတယ်။ သတိရှိနေတဲ့အခါ မသိစိတ်ရဲ့ တွေးတောပုံတွေ ခံယူပုံ (Perception)တွေကို သိလာတယ်။

ဒါတွေကို Recognition အသိအမှတ်ပြုရမယ်။ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ် မေးခွန်းတွေမေးရမယ်။

အသစ်ပြောင်းချင်တယ်ဆိုရင် မလိုအပ်တာတွေကို စွန့်ပစ်နိုင်ရမယ်။ စွန့်ပစ်ရဲရပါမယ်။

အဲတော့မှ Reinstall, Refresh, Reprogram ပြန်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

မသိစိတ်ထဲက မလိုချင် မလိုအပ်တော့တဲ့ အတွေးအခေါ်အဟောင်းတွေကို Delete လုပ်၊ ဖယ်ထုတ်ပစ်လိုက်ပြီး စိတ်ကို အတွေးအမြင်အသစ်တွေနဲ့ ပြောင်းလဲ Reprogram ပြန်လုပ် ပြန်တည်ဆောက်

တဲ့သဘောပါပဲ။

ရေခဲတုံးအောက်ခြေမှာ ရှိတဲ့ အရာမှန်သမျှဟာ Negative မကောင်းတာတွေချည်းပဲလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ တချို့ ဘဝမှာ အောင်မြင်ပျော်ရွှင်နေတဲ့ လူကြီးတွေ ကလေးတွေရဲ့ စိတ်ကိုလည်း ဒီလို Iceberg Theory နဲ့ ချိန်ထိုးကြည့်နိုင်တာပါပဲ။

ဒီစာစုမှာတော့ Trauma စိတ်ဒဏ်ရာတွေနဲ့ပတ်သက်တဲ့အပိုင်းကို ဦးစားပေး ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။သေးတဲ့ ဒဏ်ရာလေးတွေဆို ကိုယ့်ဘာသာကုပါ။ အောက်ခြေအထိဆင်းကြည့်ပါ။

ကြီးတဲ့ဒဏ်ရာတွေအတွက်ကတော့ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အဖြေရှာနေရတုန်းပါပဲ။

မွန်ဟော်စီ

၂၀၂၁

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page