top of page
Search

လူတိုင်းဟာ အမြဲတမ်း ကံကောင်းနေတာတော့မဟုတ်ကြဘူး။ကုသိုလ်ကံ ညံ့တဲ့အချိန်တွေ ကံဇာတာနိမ့်တဲ့အချိန်တွေလည်း ဘ၀မှာ ကြုံတတ်ကြတာပဲ။

  • Jan 10
  • 2 min read

ree

ကျွန်မဘ၀မှာ ကုသိုလ်ကံအညံ့ဆုံးအချိန်ဟာ အဖေဆုံးတဲ့အချိန်ပဲ။ အဲဒီနှစ်မှာ ကျွန်မကျန်းမာရေးလည်း သိပ်မကောင်းဘူး။ အဖေ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့အချိန်မှာ ကျွန်မကအိမ်မှာ မီးညှောင့်ရိုး အတက်ထွက်သလိုဖြစ်ပြီး ထိုင်တောင်မထိုင်နိုင်ဘူး။ နာလွန်းလို့ အိပ်ရာထဲမှာ ဆေးသောက်ပြီးလှဲနေရတယ်။

သိပ်မကြာပါဘူး။


အဖေလည်းဆုံးသွားတယ်။

အဲဒီတုန်းက ကျွန်မအဖိုးက ကျွန်မကို သတိပေးတယ်။

သွားတာ လာတာတွေ ဘာတွေသတိထားတဲ့။ သမီးတို့ အိမ်မှာ အခု အဆင်မပြေမှုတွေချည်းဖြစ်နေတယ်။မိသားစုကံအရမ်းညံ့နေတယ်။ မတော်တဆမှုတွေ ဘာတွေဖြစ်နိုင်တယ်တဲ့။ ကုသိုလ်ကိုဖိလုပ်နော်။ လုပ်တော့နော်လို့ ပြောခဲ့တာကို နားထဲစွဲနေပါတယ်။


အဟုတ်ပါပဲ။ ကံဇာတာညံ့နေတယ်ဆိုတာ တကယ်တော့ ဗေဒင်မမေးဘဲနဲ့တောင် သိနိုင်ပါတယ်။

ကံညံ့နေပြီဆိုရင် ဘာလုပ်လုပ်အဆင်မပြေဖြစ်နေတတ်တယ်။


အသေးအဖွဲလေးတွေကစလို့ ကြီးမားတဲ့ကိစ္စတွေအထိ ဘာမှအလုပ်မဖြစ်ဘူး။ ဥပမာ စကားပြောအဆင်မပြေဘူး။ အလုပ်ကိစ္စ တေ့လွဲတွေလွဲနေတတ်တယ်။ ပြိုင်ဆိုင်မှုမှန်သမျှ ရှူံးနိမ့်နေရတတ်တယ်။ စိတ်ညစ်စရာတွေချည်းဖြစ်နေတယ်။


စီးပွားရေးဆုံးရှူံးတာ၊ ရှိသမျှထုတ်ရောင်းရတာ၊ အကြွေးတွေတင်တာ၊ အမှုအခင်းတွေဖြစ်တာ၊ကျန်းမာရေးတွေ ညံ့လာတာ၊ အရာအားလုံးဟာ အတွဲလိုက်ကြီး ရောက်လာတတ်ကြပါတယ်။

Trouble comes double ပေါ့လေ။


ဒုက္ခဆိုတာ အဖေါ်အပေါင်းနဲ့ ပျော်ပျော်ကြီးလာတာပေါ့။

မတော်တဆမှုတွေဖြစ်တယ်။ လက်မှာဓါးရှတာ၊ အဆူးစူးတာ၊ ချော်လဲတာ၊ အရိုးနင်တာကစလို့ ခွေးကိုက်ခံရတာ ကားတိုက်ခံရတာမျိုးတွေအထိဖြစ်တတ်ပါတယ်။


ပြီးတော့ ကြီးမားတဲ့ဘဝအပြောင်းအလဲ Major life changes တွေ ကြုံဆုံလာတတ်တယ်။

မိဘကွယ်လွန်တာ၊ အိမ်ထောင်ကွဲတာ၊ အိမ်ထောင်ဖက်သေဆုံးတာ မျိုးတွေပေါ့။

စိတ်ပိုင်းဆိုင်ရာအရကြည့်ရင် ဒေါသတွေ ပိုထွက်လာတယ်။ ဘယ်သူက ဘာပဲပြောပြော ဒေါသနဲ့ပဲပတ်ရမ်းနေမိတယ်။


ကျေးဇူးရှိတဲ့သူတွေ ကိုယ့်အပေါ် မေတ္တာတရားကြီးမားတဲ့သူတွေကိုလည်း ဒေါသနဲ့ပဲတုံ့ပြန်မိလာတယ်။ ဆဲဆိုမိတယ်။ မိုက်ရိုင်းလာတယ်။ ဆုံးမတာတွေ ဘာတွေကို မခံယူတတ်တော့ဘူး။


မကောင်းတဲ့စိတ်တွေကြီးစိုးလာတတ်တယ်။ သူများကို မနာလို အကြီးအကျယ်ဖြစ်တာ၊ သူများအဆင်ပြေ ပျော်ရွှင်နေရင် ဝမ်းမသာနိုင်တာ၊ ကိုယ်ကိုယ်တိုင် စိတ်ဓာတ်ကျ လမ်းပျောက်ပြီး အသက်မရှင်ချင်လောက်အောင် ဖြစ်နေတာ ဒါတွေအားလုံးဟာ Dark Force Energy အကုသိုလ်စိတ်တွေပါပဲ။


အကုသိုလ်အမှောင်ဖုံးနေတဲ့အခါ ကောင်းဖို့အတွက်ကို ပြုပြင်ချင်တဲ့စိတ်မရှိတော့ဘူး။ စိတ်မရှည်တော့ဘူး။

မကောင်းတာလုပ်ရတာကို ကြိုက်လာတယ်။ မကောင်းတာကို ကောင်းတာလို့ထင်လာတယ်။ မကောင်းမှန်းသိပေမဲ့ ငါလုပ်တာကတော့ အာပတ်လွတ်ပါတယ်ဆိုတာမျိုး မိုးကြိုးကို ထန်းလက်နဲ့ကာတာမျိုးတွေ တွေးတတ်လာတယ်။ ပြင်ကို မပြင်နိုင်တော့ဘူး။ ဆက်လုပ်နေမိတတ်တယ်။ မကောင်းတဲ့အလုပ်မှာပဲ ပျော်မွေ့တတ်လာပါတယ်။သီလပျက်လာတယ်ပြောရမှာပါပဲ။


ကံနိမ့်တယ်၊ ကံညံ့တယ်ဆိုတာ ခဏတစ်ဖြုတ်ဖြစ်နိုင်သလို နှစ်နဲ့ချီပြီးအကြာကြီးလည်း ဖြစ်နေတတ်ပါတယ်။ Fix မလုပ်ဘူးဆိုရင် တစ်ဘဝလုံးလည်း ဖြစ်သွားနိုင်တယ်ပေါ့။


ယခုဘ၀မှာလုပ်ခဲ့တဲ့အကုသိုလ်ကံကြောင့် ညံ့တာဖြစ်နိုင်သလို အရင်ကလုပ်ခဲ့တဲ့ ကံအဟောင်းက ပျော်ပျော်ကြီး နှိပ်စက်ကလူပြုနေလို့ ညံ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။


တချို့ကျတော့လည်း ကုသိုလ်တွေလုပ်နေတာပဲ။ ဒါပေမဲ့ ဘာမှလည်းထူးမလာဘူး။ ပိုတောင်ဆိုးလာသေးတယ်ဆိုပြီး ကောင်းတာလုပ်တဲ့နေရာမှာ သဒ္ဓါတရားကိုလုံးဝလျှော့ချရပ်ပစ်လိုက်တာတွေရှိတယ်။ သဒ္ဓါတရားဆိုတာယုံ ကြည်မှုပါပဲ။


ကျွန်မကတော့ အဖေဆုံးတဲ့ ၁၉၉၉ ကစလို့ ကံညံ့လိုက်တာ ၂၀၀၉ အထိ ၁၀နှစ်ကြာခဲ့ပါတယ်။

အတိတ်ကံကြွေးပြန်ပေးဆပ်ရတဲ့အချိန်တွေလည်းဖြစ်ခဲ့တယ်။ ရှေ့မှာရေးခဲ့တဲ့ ကံညံ့မှုမျိုးစုံထဲက အချက်တွေအတော်များများနဲ့ ငြိခဲ့ဖူးတယ်၊ ဖြစ်ဖူးတယ်။


ကိုယ့်ကိုယ်ကိုလည်း အရမ်းကိုညံ့နေပြီဆိုတာကိုသိနေခဲ့တယ်။ ဒါကြောင့် တစ်ခုခုတော့ လုပ်ရတော့မယ်လို့သိတယ်။ ကံအညံ့တွေကိုပြင်ရတော့မယ်လို့ သဘောပေါက်လာတယ်။ ဖန်ခွက်တစ်ခွက်ထဲမှာ ရေညစ်ပတ်တွေနဲ့ပြည့်နေတယ်ဆိုရင် ရေသန့်တွေ ခပ်ထည့်လိုက်တိုင်း ရေညစ်တွေ လျှံထွက်ကျသွားရင်း နောက်ဆုံးမှာ သန့်သွားတဲ့ ရေပါတဲ့ဖန်ခွက်လေးရလာတဲ့သဘောပါပဲ။ ကျွန်မ ရေသန့်တွေကို ခပ်ထည့်ရတော့တယ်။ ကျွန်မ အကုသိုလ်တွေဖြစ်နေတဲ့ကြားထဲကပဲ ကုသိုလ်ကို လုပ်ခဲ့တယ်။


လုပ်လုပ်ချင်းမှာ မသိသာပါဘူး။ ကျွန်မကုသိုလ်တွေဟာ အကုသိုလ်ကို ကျော်လွန်ပြီး အကျိုးမပေးခဲ့ဘူး။

အဲဒီနှစ်အပိုင်းအခြားတွေမှာ ပညာရေးနဲ့ပတ်သက်ပြီး အောင်မြင်မှုရတာတွေ၊ မိသားစုကိစ္စကို အကြီးအမှူးအနေနဲ့ ဆောင်ရွက်ပေးခဲ့ပြီး အောင်မြင်ခဲ့ရတာတွေရှိခဲ့တယ်။


ဒါပေမဲ့ အဆင်ပြေတာလေးတွေ ပျော်ရတာလေးတွေဟာ ခဏပဲ။ တောက်လျှောက်က ကျွန်မ အင်မတန်မှ ကိုယ်ရော စိတ်ရော ပင်ပန်းဆင်းရဲတွေဖြစ်ပြီး ရှင်သန်ခဲ့ရတယ်။


ဒါနဲ့ အညံ့တွေပြီးသွားမဲ့နေ့ကိုပဲ ကုသိုလ်လုပ်ပြီး စောင့်နေခဲ့တယ်။ ကျွန်မ ရေခပ်ထည့်နေတယ်ပေါ့။ ဖြစ်နေတာအားလုံးသည် မမြဲဘူးလို့တွေးတယ်။ အားလုံး ပြီးသွားမဲ့အချိန်ကို စောင့်နေခဲ့တယ်။


အခြေအနေတွေ ကျပ်တည်းနေလွန်းလို့ ဗိုလ်တစ်ထောင်ကမ်းနားမှာ လတိုင်းကဏန်းတွေကို ကြိုးတွေဖြည်ပြီး လွှတ်ခဲ့တာ၊ သုံးနှစ်တိတိမပျက်ခဲ့ဘူး။ ကဏန်းလွှတ်တိုင်းလည်း ကျပ်တည်းမှု၊ ကြိုးကိုင်ခံရမှု၊ လွှမ်းမိုးမှု၊ ပိတ်ဆီးမှုတွေကနေ လွန်မြောက်ရပါစေလို့ အမြဲဆုတောင်းမိတယ်။


ကျွန်မအနေနဲ့ကတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်မို့လို့ပဌာန်းအမြဲရွတ်တယ်။ ပဌာန်းဆက်ရှိတဲ့ လူတွေနဲ့ပဲတွေ့ရပါစေလို့အမြဲဆုတောင်းတယ်။


မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်တွေကို အမြဲမေတ္တာပို့ပေးတယ်။ အမျှဝေပေးတယ်။ သူတို့နဲ့ မိတ်ဆွေဖြစ်အောင်နေခဲ့တယ်။ ကျေးဇူးတရားနဲ့နေတယ်။

ပြီးတော့ ကျွန်မအမြဲလည်း သစ္စာဆိုတယ်။


ကုသိုလ်တွေအကျိုးပေးချိန်မှာ သိသာတယ်။ ၂၀၁၀ ခုနှစ်ကစပြီး​ ကုသိုလ်ကံအကျိုးပေးချိန်ကျတော့ နှောင်တည်းခံထားရတဲ့ ကြိုးတွေ တစ်ပတ်ပြီး တစ်ပတ် ပြေလျော့သွားသလို။ ကျွန်မဘ၀မှာ ကြီးမားတဲ့ ကောင်းသောအပြောင်းအလဲတွေဟာ မျက်လှည့်ပြလိုက်သလိုကို ဆက်တိုက်ကြီး ဖြစ်လာတယ်။


မကောင်းတဲ့သူတွေ အဝေးကို လွင့်စင်သွားတယ်။ ပဌာန်းဆက်ရှိတဲ့ ပုဂ္ဂိုလ်တွေ အနားကိုရောက်လာကြတယ်။ ကျွန်မကိုယ်ကျွန်မတောင်မယုံနိုင်ဘူး။ ဘယ်တော့မှ မနိုင်ဘူးလို့ ထင်တဲ့လူတွေနဲ့ ပြောဆိုတဲ့နေရာမှာ လွယ်လွယ်ကူကူပဲ အောင်မြင်သွားတယ်။


ကံညံ့နေပြီလို့ သတိထားမိပြီဆိုရင် စိတ်ကိုပဲအရင်ပြောင်းပါ။ အတွေးတွေကို အရင်ပြောင်းပါ။ ညံ့နေတယ်။ အဆင်မပြေဘူး။ စိတ်ညစ်တယ်ဆိုပြီး ဇွတ်တိုးလုပ်သမျှ ပိုဆိုးဖို့ပဲရှိတယ်။


မိမိကိုးကွယ်ရာ ဘာသာတရားကို အာရုံပြုပြီး ကုသိုလ်စိတ်ဖြစ်အောင် နေကြည့်ပါ။ ယုံကြည်မှုသဒ္ဓါတရားထားပါ။ လုပ်နေမိတဲ့ မကောင်းတဲ့အလုပ်တွေကို ရပ်ပစ်နိုင်အောင်ကြိုးစားပါ။


ကုသိုလ်ဆိုတာကတော့ စုဗူးနဲ့တူတယ်။ စုထားတော့မှပဲ လိုတဲ့အချိန် ထုတ်သုံးလို့ရမယ်။ တစ်ခုခုအကျပ်အတည်းဖြစ်တော့မှ ကုသိုလ်တွေထလုပ်တော့ ပိုက်ဆံတစ်ပြားမှမရှိတဲ့ စုဗူးကြီးပိုက်ထားရသလိုဖြစ်မှာပဲ။


ကုသိုလ်ဆိုတာ သံကြိုးကွင်းဆက်နဲ့လည်းတူတယ်။

အတိတ်ကကုသိုလ် လက်ရှိပစ္စုပန်ကုသိုလ်တွေတစ်ခုနဲ့တစ်ခု ချိတ်ဆက်မိနေဖို့လည်းလိုတယ်။ ကောင်းတာလုပ်ဖို့ကို ဘယ်တော့မှ အားမလျှော့လိုက်ပါနဲ့။


မွန်ဟော်စီ

၂၀၁၉

#မနက်စာအာဟာရ

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page