top of page
Search

ဘဝအဆုံးသတ်နဲ့ လွှတ်ချမှုရဲ့ သင်ခန်းစာ

  • Aug 26
  • 2 min read
A silhouette of a person with a backpack stands on a snowy peak under a starry sky. Text at the top reads "MON HALSEY" with Burmese script below.

မီးခိုးငွေ့တွေကို လူတိုင်း မြင်ဖူးကြပါတယ်။


ဘဝမှာ ဝမ်းနည်းစရာကောင်းတဲ့မီးခိုးငွေ့တွေကိုခဏခဏတွေ့ကြရတယ်။ ချစ်ရတဲ့တစ်စုံတစ်ယောက် ကွယ်လွန်သွားတဲ့အခါမှာ ဘယ်တော့မှမြင်ခွင့်မရှိတော့တဲ့မျက်နှာကို နောက်ဆုံးအနေနဲ့ တစိမ့်စိမ့် တဝကြီးကြည့်ရင်း ဒီရုပ်ကြီးက လောင်ကျွမ်းပြီး ထွက်လာတဲ့ မီးခိုးငွေ့ကလေးတွေကိုတောင်မှ ဘာမှမကျန်တော့တဲ့အထိ စိုက်ကြည့်နေမိခဲ့ကြတဲ့အဖြစ်တွေ ကျွန်မကိုယ်တိုင်လည်းကြုံခဲ့ဖူးပါတယ်။


ဘဝတစ်ခုရဲ့နောက်ဆုံး လူတစ်ယောက်သေသွားတဲ့အခါမှာ မီးခိုးငွေ့တွေအဖြစ်နဲ့ အဆုံးသတ်သွားတယ်။ ပြာအမှုန့်တွေပဲဖြစ်သွားတယ်။


မသိတတ်တုန်းကတော့ အဖေတို့လည်း မီးခိုးငွေ့တွေကနေ တိမ်တွေထဲပျောက်ကွယ် ကောင်းကင်အမြင့်တစ်နေရာကို ရောက်သွားတာလား တွေးကြည့်ခဲ့ဖူးတယ်။


ခုတော့ ဒီမီးခိုးငွေ့တွေ အမှုန်တွေကိုမြင်တိုင်း ဘာကိုမှ ဆုပ်ကိုင်ထားလို့မရတဲ့ သဘာဝကိုပိုပြီးသဘောပေါက်လာတယ်။


လူ့ဘဝဆိုတာကလည်း တစ်ခါတလေကျတော့ အရှုပ်တွေ လုပ်ရင်း အလုပ်တွေရှုပ်နေကြရတာပဲလို့ တွေးမိတယ်။ မသေခင်တော့လည်း နေရေးထိုင်ရေးအတွက် တလှုပ်လှုပ် လုပ်နေရတာပဲ။ ဒါပေမဲ့ တစ်ချိန်မှာ ဖမ်းဆုပ်ထားလို့မရတဲ့ မီးခိုးငွေ့တွေလို ပျောက်ကွယ်သွားရဦးမှာပါလားလို့ နားလည်ထားရင် အရှိန် နည်းနည်း လျော့သွားတာကို တွေ့ရလိမ့်မယ်။


ကျွန်မတို့က စွတ်တင်နေကြတာများတယ်။ ရှင်နေတုန်းမှာ အရမ်းစိတ်နှစ်ထားကြတယ်။ ဇောလို့ခေါ်မယ်ထင်ပါတယ်။ လောဘဇော၊ ဒေါသဇော၊ မောဟဇောတွေနဲ့ မောင်းနှင်နေတော့ သိပ်ကိုပင်ပန်းကြရတယ်။ ဖြစ်ချင်တာတွေအလွန်များကြတယ်။ ဖြစ်အောင် အရမ်းလုပ်ယူနေကြတယ်။ ဘယ်တော့မှလည်း ပြီးဆုံးသွားတယ်ဆိုတာမရှိပါဘူး။


လူတွေက တစ်ခါတလေကျတော့ တစ်စုံတစ်ခုကို မလွှတ်တမ်းကိုင်စွဲထားကြတယ်။ ဆုပ်ကိုင်ထားကြတယ်။ Grab လုပ်တယ်လို့ပြောရရင် ပိုမှန်မယ်ထင်တယ်။ လှမ်း လှမ်းဆွဲထားမိတတ်ကြတယ်။


ကိုယ့်အိုးအိမ်စည်းစိမ်တွေကို ဆုပ်ကိုင်ထားကြတယ်။ လွတ်သွားမှာကိုသိပ်စိုးတယ်။ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်အနားမှာရှိတဲ့သူတွေကို ဆုပ်ကိုင်ထားကြတယ်။ ကိုယ်ရထားတဲ့နေရာတွေကို ဒီလိုပဲ ဆုပ်ကိုင်ထားတတ်ကြတယ်။


တစ်ခါတလေ ဘယ်လိုမှ မရနိုင် မဖြစ်နိုင်တဲ့အရာတွေကိုတောင် ကြိုးစားပမ်းစား ဖမ်းယူဆုပ်ကိုင်ထားဖို့ကြိုးစားတတ်ကြတယ်။


ညီမတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူ့ဖခင် မနက်ဖြန် ဆုံးမယ်ဆို ဒီနေ့အထိ သူတို့ ဆေးရုံတွေ လိုက်ရှာနေခဲ့တုန်းပဲလို့ဆိုပါတယ်။ သေခြင်းတရားကိုတောင် ကျွန်မတို့ဟာ ဖြစ်နိုင်ရင် ဆုပ်ကိုင်ပြီး ပြောင်းပြန်လှန်ပစ်ချင်တဲ့ စိတ်ဇောအဟုန်တွေရှိကြတယ်။


မနက်ဖြန်သေမယ်ဆိုရင်တောင် ဒီနေ့အထိ အရာရာကို ဆုပ်ကိုင်ထားဆဲ ဖြစ်နေဦးမှာလား စဥ်းစားမိတယ်။ ဒီလို စဥ်းစားမိတော့ ကြောက်သွားပါတယ်။


Let go လွှတ်ချလိုက်တော့၊ ဆုပ်ကိုင်မထားပါနဲ့တော့၊ သွားပါစေတော့လို့ ကျွန်မတို့ မကြာခဏပြောတတ်ကြပေမယ့် တကယ် Let go လုပ်ရဖို့အတွက် ခက်ခဲတာကို တွေ့ရတတ်တယ်။


ကိုယ် ဘာတွေကို ဆုပ်ကိုင်ထားနေမိလဲ မေးကြည့်ရင် အများကြီးပဲ။ မနိုင်ဝန်တွေ ထမ်းထားသလို တွေ့ရလိမ့်မယ်။


ကျွန်မကိုယ်တိုင် Let go လို့ပြောတတ်ပေမယ့် တကယ်တမ်းကျတော့ကိုယ်တိုင် Let go မလုပ်နိုင်သေးတဲ့အရာတွေအများကြီးရှိသေးတယ်။ ကျွန်မလည်း တင်းတင်းဆုပ်ကိုင်ထားခဲ့မိတဲ့အရာတွေ ဘဝမှာ အများကြီးပါပဲ။


ဥပမာတစ်ခုအနေနဲ့ ယောက်ျားရဲ့ ကျန်းမာရေးနဲ့ပတ်သက်ရင် ကျွန်မက ဘာကိုမှ Let go မလုပ်ချင်တဲ့ဆန္ဒမျိုးရှိခဲ့တယ်။


အဲဒါဟာ အတော်ကြောက်ဖို့ကောင်းပါတယ်။ ကိုယ်က အကောင်းဆုံးတွေလုပ်ထားပေမယ့် ကိုယ်ဖြစ်စေချင်သလို အကောင်းဆုံးတွေ ဖြစ်မလာတတ်တာကို ရှေ့မှာ အကြိမ်ကြိမ်သင်ခန်းစာတွေရခဲ့ပြီးဖြစ်တယ်။


ဒါပေမဲ့လည်း အမှတ်မရှိစွာနဲ့ပဲ နောက်ထပ် ခြောက်လစာ တစ်နှစ်စာကို ကျွန်မစိတ်က စီစဥ် တွေးတောနေမိပြန်တယ်။ မမီတာတွေကို လှမ်းဆွဲဖို့ မမြဲတာတွေကို မြဲအောင် ဆုပ်ကိုင်ထားဖို့ ကြိုးစားနေမိတာပဲ။


အဲဒီအခါမှာ အင်မတန်မှပဲ စိတ်ပင်ပန်းခြင်းကိုခံစားရပါတယ်။ နောက်ဆုံးကျတော့ နောက်လပေါင်းများစွာ အရာရာ အစီစဉ်တကျဖြစ်ချင်တယ်ဆိုပေမဲ့ အဲဒီအချိန်မှာ ကိုယ်တောင်ရှိနေဦးမလားမပြောတတ်ဘူး။ ဘာမှမသေချာတဲ့ ကိုယ်ထိန်းချုပ်ပြုပြင်စီရင်လို့မရတဲ့အရာတွေကို လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်ဖို့ကြိုးစားတာဟာ ကိုယ့် ဒုက္ခ ကိုယ်ရှာနေသလိုဖြစ်မှန်း လက်ခံလိုက်ပါတယ်။


နှစ်လသုံးလစာလောက် အဆင်သင့်ရှိနေတာပဲတော်လှပြီ။ ဒါတောင်မှ မနက်ဖြန် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ပြောနိုင်တာလည်း မဟုတ်ဘူး။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် အခြေအနေတွေကို ဖန်တီးထားတယ်။ ဒီထက်ပိုပြီးတော့ မတွေးနိုင်တော့ဘူးဆိုပြီး စိတ်ကို လွှတ်ချ Let go လုပ်လိုက်မှ ညဘက်အိပ်ပျော်ပါတော့တယ်။


တရားထိုင်တော့ ကိုယ့်ကိုယ်ကိုယ် သေပြီဆိုတဲ့သဘောနဲ့ ထိုင်ကြည့်တယ်။ သေပြီဆိုမှတော့ ချစ်တာ မုန်းတာ ကြိုက်တာ မကြိုက်တာ ဘာမှမရှိတော့ဘူး။ ပိုင်တာ မပိုင်တာ ရတာ မရတာ ဘာမှ မသိတော့ဘူး။ စိတ်ပူတာ ပျော်ရွှင်တာ ဘာမှ မရှိ။ မည်သူ မည်ဝါ မရှိ မသိ ရုပ်ရဲ့ သဘာဝကြီး လှုပ်ရှား ဖြစ်ပျက်နေတာတွေကိုပဲ အာရုံစိုက်လိုက်မိတယ်။ အဲဒီအချိန်မှာ အေးငြိမ်းမှု တစ်ခုကို ခံစားရပါတယ်။


ကျွန်မအတွက်တော့ အဲဒီအချိန်ဟာ အရာရာ Let go လုပ်လိုက်တဲ့အချိန်ပါပဲ။ အချိန်တန်ရင် အရာအားလုံးကို ဆုပ်ကိုင်မထားဘဲ လွှတ်ချနိုင်အောင် အလေ့အကျင့် လုပ်မိပါတယ်။


ရှိသလောက်စားမယ်၊ လှူမယ်၊နေထိုင်မယ်။ တစ်နေ့တော့ မီးခိုးဖြစ်သွားရမဲ့အတူတူ သိပ်ပြီး တွယ်တာ စွဲလမ်းမှုတွေ လောဘတွေ မဖြစ်ချင်တော့ဘူး။ ဆုပ်ကိုင်မထားချင်တော့ပါဘူး။


တကယ်တော့ ဘယ်လိုပဲ ဘယ်အရာကို ဖမ်းဆုပ်ထားဖို့ကြိုးစားပေမယ့် နောက်ဆုံးကျတော့လည်း မာန်တွေ မာနတွေနဲ့ ဒီနာမ်ရုပ်ကြီးတွေဟာ ဘာကောင် ဖြစ်ခဲ့ဖြစ်ခဲ့ အငွေ့အဖြစ်နဲ့သာ အဆုံးသတ်သွားကြရတာပါပဲ။


ရှိတာတွေ မရှိတာတွေ အကုန်လုံးထားခဲ့ရတယ်။ ကိုယ်ကိုယ်တိုင်ကတော့ အငွေ့ဖြစ်သွားတယ်။ အမှုန်တွေဖြစ်သွားတယ်။ ဒါပါပဲ။


မွန်ဟော်စီ

၂၀၂၁ သြဂုတ်


 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page