ဘဝဆိုတာ ဇာတ်သိမ်းခန်းရှိတဲ့ ရုပ်ရှင်တစ်ကားလား?
- Jun 5
- 1 min read

ကျွန်မက ညတိုင်းရုပ်ရှင်ကြည့်ပါတယ်။ ရုပ်ရှင်ဟာကျွန်မအတွက်စိတ်ထွက်ပေါက်တစ်ခုဖြစ်ပါတယ်။ တစ်ညကတော့ ကျွန်မကြည့်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ ပြီးသွားတယ်။ကိုယ်ကြည့်နေကျ ဇာတ်လမ်းတွဲက နောက်ဆုံးဇာတ်သိမ်းပိုင်းကို ရောက်သွားတော့ ရင်ထဲမှာ ဟာတာတာနဲ့ ကျန်ရစ်ခဲ့တယ်။ ကိုယ်သဘောကျတဲ့ဇာတ်ကောင်တွေ၊ ဇာတ်ဝင်ခန်းတွေအကြောင်းပြန်ပြီးတွေးနေမိတယ်။
TV ရှေ့မှာပဲ ဆက်ထိုင်နေရင်း တစ်ခုကို စဉ်းစားမိပါတယ်။ ဘယ်လောက်ကောင်းတဲ့ရုပ်ရှင်ဖြစ်ဖြစ် နောက်ဆုံးကျတော့လည်း ဇာတ်သိမ်းသွားတာပဲ။ ကျွန်မကြည့်နေတဲ့ရုပ်ရှင်ထဲမှာဆိုရင် အင်မတန်ခမ်းနားတဲ့ ဇာတ်အိမ်ဇာတ်ကွက်တွေ ပါဝင်တယ်။ အင်မတန်မှကြီးကျယ်မြင့်မြတ်တဲ့ ဇာတ်ကောင်တွေပါဝင်တယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း The End ဆိုပြီး ပြီးသွားတာပါပဲ။
ကျွန်မတို့ရဲ့ဘဝဟာ တစ်ခါတလေ ရုပ်ရှင်ကားတစ်ကားလိုပါပဲ။ ရုပ်ရှင်ကားတစ်ကားကိုကြည့်ရသလို ကိုယ့်ရဲ့ဘဝကို ပြန်ကြည့်မိဖူးကြသလား။ တစ်ခန်းပြီးတစ်ခန်း အဖြစ်အပျက်တစ်ခုပြီးတစ်ခုပေါ့။ နောက်တစ်ပိုင်းမှာ ဘာဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှမသိဘူး။ ရယ်နေတဲ့အချိန်တွေရှိတယ်။ အဲဒီအချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး ပေါ့ပါးနေတယ်။ လှပသာယာနေတယ်။ ဆုံးရှုံးခဲ့ရတဲ့အခိုက်အတန့်တွေရှိတယ်။ အဲဒီလိုအချိန်မျိုးမှာတော့ အရာအားလုံးဟာ မှောင်မဲပြီး အေးစက်နေတယ်။
ကျွန်မတို့ဘဝတွေကို အရေးကြီးတဲ့ Main Character တွေအနေနဲ့ ဝင်လာခဲ့တဲ့သူတွေရှိတယ်။ သူတို့ကြောင့် ကိုယ့်ရဲ့ရုပ်ရှင်ကားဟာ ပုံစံတစ်မျိုးပြောင်းသွားတာရှိတယ်။ အသည်းနှလုံးတွေ ပြောင်းပြန်လန်ထွက်သွားတယ်။ တချို့ကျတော့လည်း ဘဝတွေမှာ ဖြတ်လျှောက်ရုံသက်သက်ပဲ။ သူဝင်လာတာလည်းမသိလိုက်သလို သူထွက်သွားတာလည်းမသိလိုက်ဘူး။ တကယ်တော့ ကျွန်မတို့တွေအားလုံးဟာ ဘယ်သူနဲ့မှမတူတဲ့ဇာတ်ညွှန်းတွေနဲ့တူတဲ့ဘဝတွေနဲ့ နေထိုင်နေကြတာဖြစ်ပါတယ်။
ကျွန်မတို့ကိုယ်တိုင်နေရာမျိုးစုံကနေ သရုပ်ဆောင်ခဲ့ကြတယ်။ ချစ်သူတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်၊ စိတ်ကူးယဉ်တတ်တဲ့သူတစ်ယောက်၊ ကြိုးစားတဲ့သူတစ်ယောက်၊ ဝမ်းနည်းအားငယ်တဲ့သူတစ်ယောက် ..။ပုံစံအမျိုးစုံနဲ့ပေါ့။ ပန်းနုသွေးလည်းလုပ်ခဲ့ဖူးတယ်။ဗီလိန်ခန်းကလည်းပါခဲ့ဖူးတယ်။သူများဘဝတွေထဲမှာလည်းဖြတ်လျှောက်လုပ်ခဲ့ဖူးတာပေါ့။ အခန်းတစ်ခန်းပြောင်းသွားတိုင်းမှာ ကျွန်မတို့လည်းပြောင်းလဲသွားတတ်ပါတယ်။
ကျွန်မတို့ရင့်ကျက်လာကြတယ်။ သူတို့မရှိရင်မနေနိုင်ပါဘူးလို့..ဆိုခဲ့မိတဲ့ အရာတွေကိုတောင် ကျွန်မတို့စွန့်လွှတ်နိုင်လာကြတယ်။ တစ်ခါမှမရဖူးတဲ့အားအင်မျိုးတွေ ကျွန်မတို့မှာရှိလာတတ်ကြတယ်။ တွေ့မယ်လို့မထင်ခဲ့တဲ့သူတွေနဲ့လည်း တွေ့ဆုံဖြစ်ခဲ့ကြတယ်။
ရုပ်ရှင်တစ်ခုဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ အမြဲတမ်းပြနေတယ်ဆိုတာတော့မရှိနိုင်ပါဘူး။ ဘယ်တော့မှမပြီးတဲ့ရုပ်ရှင်ဆိုတာလည်းမရှိဘူး။ ဘဝဟာလည်း ဒီလိုသဘောပါပဲနော်။ အချိန်ကောင်းလေးတွေကြုံရမယ်။ လက်ခုပ်သံတွေအများကြီးရမယ်။ အရမ်းချမ်းသာတယ်။ နာမည်ကျော်ကြားပြီး လူတကာလိုချင်တဲ့ဘဝကို ရတယ်။ ဒါပေမယ့် အဲဒီလူမှာလည်း နောက်ဆုံးအချိန်ဆိုတဲ့ Final Scene ဆိုတာရှိပါတယ်။
ဘဝရဲ့အခိုက်အတန့်တိုင်းဟာ တန်ဖိုးထားစရာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ တစ်ချိန်မှာ ပြီးသွားမယ်ဆိုတာကိုသိတဲ့အတွက် အခန်းတိုင်းကို သေသေချာချာ အသေးစိတ်လိုက်ကြည့်မိတယ်မဟုတ်လား။ အချင်းချင်းပြောဆိုခဲ့ကြတဲ့စကားတွေ၊ တူတူလျှောက်ဖူးတဲ့လမ်းတွေ၊ တူတူစားဖူးတဲ့ထမင်းစားပွဲတွေ၊ တစ်စုံတစ်ယောက်ရဲ့ရယ်သံတွေ..။ ကိုယ့်ရဲ့ရုပ်ရှင်ဟာ တချိန်မှာ ပြီးဆုံးသွားမယ်ဆိုတာကိုသိတဲ့အခါ အဲဒီလိုအရာတွေဟာ ရင်ထဲမှာ နက်နဲတွယ်တာရှိလာရပါလိမ့်မယ်။
ကျွန်မတို့ဘဝရဲ့ ကိုယ်ကိုယ်တိုင်ရိုက်ကူးပါဝင်သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲကြီးကိုကြည့်ကြည့်ပါ။ အသဲကွဲတဲ့အခန်းတွေပါတယ်။ နောင်တရတဲ့အခန်းတွေပါတယ်။ ခြေချော်ကျတဲ့အခန်းတွေပါတယ်။ ဒါပေမဲ့ ခံနိုင်ရည်ရှိစွာနဲ့ပြန်ထလာခဲ့တဲ့အချိန်တွေ၊ မမျှော်လင့်ဘဲရခဲ့တဲ့ပျော်ရွှင်မှုတွေနဲ့ တစ်ခန်းပြီးတစ်ခန်း ဖြတ်သန်းသွားတယ်။ ငိုရတာတွေရှိတယ်။ ပျော်ရတာတွေရှိတယ်။ တချို့လူတွေဟာ သူတို့ဘဝရုပ်ရှင်ဆုံးသွားတဲ့အထိ ကိုယ်နဲ့အတူတူရှိခဲ့တယ်။ တချို့ကျတော့ ခဏလေးပဲပါပြီး ထွက်ခွာသွားတယ်။ ဒါပေမဲ့ သူတို့အကုန်လုံးဟာ ကျွန်မတို့အတွက်အရေးကြီးခဲ့ပါတယ်။
ဘဝက Perfect မဖြစ်ပါဘူး။ အမှားမရှိတဲ့ဘဝဆိုတာလည်းမရှိဘူး။ ဒါပေမဲ့ ဘဝဆိုတာ တန်ဖိုးထားတတ်ရင် အပြည့်အဝ ခံစားနိုင်ပါတယ်။အရမ်းကောင်းတဲ့ရုပ်ရှင်တစ်ခုလိုပါပဲ။ Twist and Turn ဆိုတဲ့ အချိုးအကွေ့အလှည့်အပြောင်းတွေအများကြီးပါမယ်။ သည်းထိတ်ရင်ဖိုလျှို့ဝှက်ဆန်းကြယ်တွေလည်းပါမယ်။
ဒါပေမဲ့ စစ်မှန်မှုကတော့အရေးကြီးတယ်။ကျွန်မတို့ကိုယ်တိုင် ကျေနပ်စွာ ပြည့်ဝစွာ ပါဝင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ဖို့လိုတယ်။ တချို့သောအခန်းတွေ ပြီးဆုံးသွားကြတယ်။ နောက်တစ်ခန်းအတွက် ဘာတွေရှိလာဦးမလဲ။ ဘယ်သူတွေနဲ့တွေ့လာရဦးမလဲ။ ဘာတွေဖြစ်ဦးမလဲ..ဆိုတာမသိပေမယ့် ဘယ်လိုပုံစံနဲ့ ဝင်ရောက်သရုပ်ဆောင်မလဲဆိုတာကိုတော့ ရွေးချယ်လို့ရတယ်။ ဆုံးဖြတ်လို့ရတယ်။
ကျွန်မတို့ရဲ့ဘဝရုပ်ရှင်တွေဟာ ရိုးသားမှုရှိပါစေ။ ကျွန်မတို့ပါဝင်ရတဲ့အပိုင်းအစတွေဟာ အဓိပ္ပာယ်အပြည့်ရှိနေပါစေ။ Perfect ဖြစ်ဖို့မလိုဘူး။ ဒါပေမဲ့ ကိုယ်ရောက်နေတဲ့နေရာမှာ အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ဖို့ပါပဲ။ရုပ်ရှင်တွေက ပြီးဆုံးသွားပေမယ့် အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့သူတွေ၊ပရိသတ်အတွက် အကောင်းဆုံးသင်ခန်းစာပေးနိုင်ခဲ့တဲ့သူတွေဟာ လူတွေရဲ့ရင်ထဲမှာအမြဲတမ်း ထာဝရ အမှတ်ရစွာကျန်နေပါလိမ့်မယ်။
ဒီဘဝမှာလေ..
ကျွန်မတို့နေထိုင်ခဲ့တယ်။ ကျွန်မတို့ချစ်ခဲ့တယ်။ ကျွန်မတို့ရုပ်ရှင်တွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်။ ကျွန်မတို့ဇာတ်ညွှန်းတွေကို ကိုယ်တိုင်ရေးခဲ့ကြတယ်။
ဇာတ်သိမ်းပိုင်းကိုရောက်လာပြီဆိုပါစို့။ နောက်ခံတီးလုံးသံဟာ တိုးသွားမယ်။ မီးလုံးလေးတွေမှိန်ကျသွားမယ်။ စကားသံတွေတိတ်ဆိတ်သွားမယ်။ ကျွန်မတို့အကုန်လုံး ငြိမ်းချမ်းစွာ နူးညံ့စွာအနားယူကြရလိမ့်မယ်။ ဒါပေမဲ့ ဘဝရုပ်ရှင်ထဲမှာ အစစ်မှန်ဆုံး၊အရိုးသားဆုံး၊အချစ်တတ်ဆုံး နေခဲ့တဲ့သူတွေကို ကျန်ခဲ့တဲ့ပရိသတ်က အမြဲတမ်းသတိရလွမ်းဆွတ်နေပါလိမ့်မယ်။ အမြဲတမ်းအကယ်ဒမီပေးနေပါလိမ့်မယ်။
မွန်ဟော်စီ
၂၀၂၅



Comments