မေတ္တာနဲ့လမ်းခွဲခြင်း
- May 28
- 1 min read

တကယ်တမ်းစစ်မှန်တဲ့မေတ္တာတရားဆိုတာ တန်ဖိုးကြီးလွန်းလို့၊အဆင့်အတန်းမြင့်မားလွန်းလို့ ၊Energy အရထိပ်ဆုံးမှာရှိနေတာမို့လို့ မေတ္တာတရားအကြောင်းပြောရမယ်ဆိုရင်တောင် ကိုယ့်ပါးစပ်နဲ့မဆံ့တဲ့ စကားလုံးလို့ တစ်ခါတလေမှာ ယူဆမိတယ်။ ဒီလောက်အထိမေတ္တာတရားဆိုတဲ့အပေါ်မှာ တန်ဖိုးထားတယ်။ယုံကြည်တယ်။ မြတ်နိုးအားကိုးတယ်။ တတ်နိုင်သလောက်လည်း နေ့စဉ်ဘဝမှာမေတ္တာနဲ့နေနိုင်အောင်ကြိုးစားတယ်။ အရိယာသူတော်စင်တွေထားနိုင်တဲ့မေတ္တာလောက် စွမ်းအားကြီးတဲ့ မေတ္တာဓာတ်မျိုးမထားနိုင်ပေမယ့် သာမန်လူသားတစ်ယောက်အနေနဲ့ ထားလို့ရသလောက်တော့ မေတ္တာစိတ်ကိုထားပါတယ်။မွေးပါတယ်။
မေတ္တာတရားလို့ပြောရင် သည်းခံခြင်းတွေ၊ခွင့်လွှတ်ခြင်းတွေ ဆိုတာလည်းပါလာတတ်ကြတယ်။ ဒါတွေကအတိုင်းအတာတစ်ခုထိမှန်ကန်တယ်လို့ပြောနိုင်ပေမယ့် ဒီလောက်နဲ့
တင်မကဘဲ တစ်ဖက်လူကကိုယ့်ကို ပြောသမျှ၊နှိပ်စက်သမျှအကုန်ခံနေတာ၊ မတရားတာ၊ကူလီကူမာလုပ်တာ၊မိုက်ရိုင်းတာ၊လိမ်လည်လှည့်ဖျားတာ၊ အမျိုးစုံစိတ်ဒုက္ခပေး၊အကုသိုလ်ပေးနေတာ၊ သစ္စာဖေါက်နေတာ၊မကြိုက်မှန်းသိတာတွေကို ရည်ရွယ်ချက်ရှိစွာဆက်လုပ်ပြနေတာ၊
အဝေးကိုမထွက်,ထွက်သွားအောင်ကန်ထုတ်နေတာ..။ ဒါမျိုးတွေကိုလက်ခံထားတာ၊ခွင့်ပြုထားတာ၊ဘယ်လောက်အနိုင်ကျင့်ကျင့် ချစ်ပေးနေတာ၊အောက်ကျို့ပေးနေတာ၊ဖြည့်ဆည်းနားလည်ပေးနေတာတွေကိုလည်း မေတ္တာပါပဲလို့သတ်မှတ်နေကြတာ ရှိတယ်။ ဒါတွေကို ကိုယ်ကခံနိုင်တယ်ဆိုရင်ပဲ မေတ္တာကြီးလွန်းလို့၊ သဘောထားကြီးလွန်းလို့ ဆိုတဲ့စိတ်နဲ့ကျိတ်မှိတ်ပြီးမေတ္တာရှင်ဘွဲ့ကို ဂုဏ်ယူစွာ ယူထားတတ်ကြတယ်။
မေတ္တာထားတယ်ဆိုတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် မေတ္တာထားဖို့လည်းလိုအပ်တယ်၊ အရေးကြီးတယ်။ကိုယ့်ကိုနာကျင်စေတဲ့အပြုအမူတွေ၊ လူပုဂ္ဂိုလ်တွေ၊ အခြေအနေအဖြစ်အပျက်တွေကို ဆက်လက်လုပ်ဆောင်ခွင့်ရနေဖို့၊ဆက်လက်ဖြစ်ပေါ်စေဖို့ ခွင့်ပြုပေးထားတာ၊ လက်ခံထားတာက ကိုယ့်ကိုယ်ကိုယ် မေတ္တာထားတာမဟုတ်သလို အဲဒီလိုလုပ်နေမိတဲ့အတွက်ကြောင့် တကယ်လည်းမေတ္တာတရားနဲ့ ရှင်သန်နိုင်ခြင်းမရှိပါဘူး။ ဘဝကနေ့စဉ်အချိန်နဲ့အမျှငရဲကျနေသလို ညှိုးနွမ်းခြောက်သွေ့နေရတာပါပဲ။ ဝမ်းနည်းသိမ်ငယ်နေရတာပါ။ ကိုယ်က အရိယာသူတော်စင်မဟုတ်ဘူးလေ။ ရိုးရိုးသာမန်ပုထုဇဉ်လူသားတစ်ယောက်ဆိုတာမမေ့သင့်ဘူးမဟုတ်လား။
ကိုယ့်မေတ္တာနဲ့မထိုက်တန်တဲ့သူကို မေတ္တာတွေသွားပေးနေတာက ကိုယ့်ကိုယ်ကိုယ်မေတ္တာမထားတာနဲ့တူတူပဲ။ကိုယ့်အပေါ် တန်ဖိုးမထားတဲ့သူတွေ ကိုယ့်ကိုမလိုအပ်တဲ့လူတွေ၊ အခြေအနေတွေနဲ့ ကိုယ့်စိတ်ကို ပူလောင်ခွင့်ပေးနေတာဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ လိုနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။
ဘဝမှာ ကိုယ့်ကိုလိုအပ်တဲ့သူ၊တန်ဖိုးထားတဲ့သူတွေအတွက်ပဲ ရှင်သန်တာကောင်းတယ်။မေတ္တာထားရမယ်ဆိုလို့ ငါဟာ မေတ္တာရှင်မကြီး၊ သူဘာလုပ်လု ပ်အပြုံးမပျက်ဘဲ သည်းခံပေးရမယ်၊ ခွင့်လွှတ်ပေးရမယ်၊ သူ့ကိုပြန်လက်ခံပေးရမယ်ဆိုတဲ့စိတ်က တကယ်မေတ္တာနဲ့ သိမ်မွေ့အေးချမ်းနေတာလားလို့ ပြန်မေးကြည့်ရမယ်။
မေတ္တာဆိုတာနဲ့ပြန်ပြီးချစ်ဖို့၊ပြန်ပြီးလက်ခံဖို့ကိုသာ တွေးတတ်ကြတယ်။ တကယ်တော့မေတ္တာဆိုတာဟာ လမ်းခွဲဖို့လည်းဖြစ်တယ်။ လက်လွှတ်ဖို့လည်းဖြစ်တယ်။ မေတ္တာနဲ့လမ်းခွဲတယ်။ မေတ္တာနဲ့လက်လွှတ်တယ် ဆိုတာရှိပါတယ်။တစ်စုံတစ်ယောက်ရဲ့အပြုအမူတွေ၊အတွေးအမြင်တွေ၊ စကားလုံးတွေနဲ့ ပတ်သက်ပြီး ဘာမှစိတ်ဝင်စားမှုမရှိတော့ဘူး။သူ့အပေါ်မှာ ချစ်ခြင်း၊မုန်းခြင်းမရှိတော့ဘူး။ သူ့ရဲ့အဆင်ပြေခြင်း၊မပြေခြင်းတွေက ကိုယ်နဲ့ ဘာမှမသက်ဆိုင်တော့ဘူးဆိုတာက မေတ္တာနဲ့လမ်းခွဲတယ်၊ နှုတ်ဆက်တယ်၊ လက်လွှတ်တယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။
တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် Boundary ချလိုက်တာလည်းဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကိုယ့်ရဲ့စိတ်ထဲမှာအေးချမ်းသွားရတယ်။ သူ့အပေါ်မှာ အမုန်းမရှိ၊လက်စားချေလိုခြင်းမရှိ၊ ဒုက္ခရောက်စေလိုခြင်း၊ ပျက်စီးလိုခြင်းမရှိ၊ ရယူလိုခြင်းမရှိ၊ပေးဆပ်လိုခြင်းမရှိတော့ဘဲ အရာရာ လက်လွှတ်ပေးလိုက်တာဟာ မေတ္တာတရားပါပဲ။
ဘဝမှာမေတ္တာတရားနဲ့ စိတ်ကြည်ကြည်လင်လင်၊အေးအေးချမ်းချမ်းနေချင်တယ်ဆိုရင် Boundary ထားတတ်ရတယ်။ ကိုယ့်ရဲ့မေတ္တာစိတ်တွေ၊အကြည်ဓာတ်တွေကို ပျက်စေတဲ့လူပုဂ္ဂိုလ်တွေ၊ ရပ်ဝန်းတွေ အခြေအနေတွေကနေ ရှောင်ကြဥ်ရတယ်။ မေတ္တာမထားသင့်တဲ့သူကို မေတ္တာသွားထားနေရင် ကိုယ့်အကြည်ဓာတ်ကိုပျက်စေတယ်။ တခြားမေတ္တာထားသင့်တဲ့သူတွေအပေါ်တောင်မှ ပျက်ကွက်မှုတွေ၊ ငြူစူမိတာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် Spiritual မှာလည်း Boundary ထားရမယ်ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။
ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်ဆိုရင် လက်လွှတ်သင့်တဲ့အရာတွေလည်း လက်လွှတ်လိုက်ရတယ်။ ကိုယ်တိုင်ချည်ထားမိတဲ့ကြိုးတွေကိုဖြတ်ပစ်ခဲ့ရတယ်။ လူပုဂ္ဂိုလ်တွေလည်းဖြစ်နိုင်တယ်။နေရာတွေလည်းဖြစ်နိုင်တယ်။အခြေအနေတွေလည်းဖြစ်နိုင်တယ်။ စိတ်ခံစားမှုတွေလည်းဖြစ်နိုင်တယ်။
သစ်ပင်တစ်ပင်ပေါ်ကိုတက်ချင်ရင် သစ်ပင်အောက်မှာရှိတဲ့ ခြုံတွေ မြက်ပင်တွေကိုတော့ အရင် ရှင်းပစ်ရမှာပဲ။ ရှုပ်နေတာတွေကိုရှင်းပစ်နိုင်လေဘဝဟာအမြင့်ကိုရောက်လေပဲ။
ဒါကြောင့်မို့လို့ ကိုယ်သွားတဲ့လမ်းမှာ မေတ္တာတရားပြည့်ပြည့်ဝဝနဲ့ အေးအေးချမ်းချမ်း ကြည်ကြည်လင်လင်သွားချင်တယ်ဆိုရင် ဥပေက္ခာထားသင့်တဲ့သူတွေကို ဥပေက္ခာထားခဲ့ရမယ်။ Boundary လုပ်သင့်တဲ့သူတွေကို Boundary လုပ်ခဲ့ရမယ်။ လက်တွဲဖြုတ်သင့်တဲ့သူတွေကို လက်တွဲဖြုတ်ခဲ့ရမယ်။
မေတ္တာစိတ်နဲ့ လက်လွှတ်တယ်ပေါ့။တစ်ဘက်သား အကျိုးကို ပျက်စီးစေတဲ့စိတ်မရှိဘူး။ ထိခိုက်စေလိုတဲ့စိတ်မရှိဘူး။ နစ်နာစေလိုတဲ့စိတ်မရှိဘူး။ ဒါပေမဲ့ ရှေ့ဆက်သွားလို့လည်းမရတော့ဘူး။ ဘာမှလည်းဆက်ဖြစ်ဖို့မလိုတော့ဘူး။ ဆန္ဒလည်းမရှိတော့ဘူး။
ဒါဟာ နာကျင်မှုတွေကို နှစ်ဦးနှစ်ဖက် အဆုံးသတ်လိုက်တာပါပဲ။
မွန်ဟော်စီ
၂၀၂၅



Comments