top of page
Search

တစ်စုံတစ်ခုကို စိတ်စွမ်းအားသုံးပြီး လုပ်ဆောင်တာနဲ့အမျှ အဲဒီအရာတွေဟာ ပိုပြီး Powerful ဖြစ်လာ၊ တန်ခိုးကြီးလာတတ်ပါတယ်...

  • Jul 24, 2024
  • 1 min read


နိုင်ငံခြားမှာတုန်းက အိမ်ရှေ့ကစာတိုက်ပုံးလေးကို နှစ်ရက်တစ်ခါလောက် သွား သွားရှင်းနေရတာကလည်း အလုပ်တစ်ခုဖြစ်ပါတယ်။ ဒီလောက်လျှပ်စစ်စာပို့စနစ် ထွန်းကားနေတဲ့ သူတို့တိုင်းပြည်မှာ စာတိုက်လုပ်ငန်းက ကောင်းစွာလည်ပတ်နေသေးတာကိုအံ့သြနေမိလို့ပါ။


စာတိုက်ပုံးထဲမှာ ကုမ္ပဏီတွေက ကြော်ငြာစာရွက်တွေလာတယ်။ သစ်ပင်ခုတ်မလား၊ အဝတ်လျှော်စက်ပြင်မလား စသည်ဖြင့် ငွေတောင်းခံလွှာတွေ၊ ဘဏ်တွေ၊ အစိုးရအဖွဲ့အစည်းတွေဆီကစာတွေ၊ အလှူခံစာတွေအများကြီးပါပဲ။ တစ်ပတ်လောက်မရှင်းဘဲထားကြည့်လိုက်ရင် Overflowing ဖြစ်နေပြီ။ ဒါကြောင့် စာတိုက်ပုံးကို ပုံမှန်ရှင်းပေးရတတ်တယ်။ ဒီစာကတော့ လိုအပ်တယ်။ ဒါကတော့မလိုဘူး စသည်ဖြင့် ဆုံးဖြတ်ပြီး လက်ခံသင့်တာကိုလည်းလက်ခံရတယ်။ ငြင်းပယ်သင့်တာကိုငြင်းပယ်ရတယ်။ စာတိုက်ပုံးလေးရှင်းတဲ့ကိစ္စကို အကြောင်းပြုပြီး ဦးနှောက်ဟာလည်း ဒီသဘောမျိုးဆန်ဆန်ရှိနေတာကို သတိထားမိပါတယ်။

တစ်ခါတစ်လေကျတော့ ကျွန်မတို့ဟာ ကိစ္စရပ်တွေတော်တော်များများကို ပြီးအောင်လည်းမလုပ်၊ ဘယ်လိုလုပ်မယ်ဆိုတဲ့နည်းလမ်းကိုလည်းမရှာဘဲ ဘေးဖယ်ထားတာကနေ အချိန်တစ်ခုကြာလာတဲ့အခါကျတော့ အားလုံးပြည့်လျှံ Overflowing ဖြစ်လာသလိုပါပဲ။ ဘာလုပ်ရမှန်းကိုမသိဘူး။

စိတ်တွေရှုပ်ထွေးနေပြီဆိုတာ Overflowing ဖြစ်တာကနေစတာပါပဲ။


ဒီလိုမဖြစ်အောင် လုပ်ရမဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ #BeDecisive ဆုံးဖြတ်နိုင်ဖို့ပဲဖြစ်ပါတယ်။


တချို့တွေဟာ မဆုံးဖြတ်နိုင်ကြပါဘူး။ မဆုံးဖြတ်နိုင်သရွေ့ အတွေးတွေရဲ့ဆွဲခေါ်ရာကို မျောပါသွားနေတတ်ကြပါတယ်။ အထူးသဖြင့် အရေးကြီးပြီး ရှုပ်ထွေးတဲ့ ကိစ္စရပ် Important and Complex Issues တွေအတွက် ဆုံးဖြတ်ဖို့လိုအပ်တဲ့အခါ

ဘယ်အရာကို ဦးစားပေးရွေးချယ်ရမလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ ဆုံးဖြတ်နိုင်ဖို့လိုပါတယ်။


တစ်စုံတစ်ခုကို စိတ်စွမ်းအားသုံးပြီး လုပ်ဆောင်တာနဲ့အမျှ အဲဒီအရာတွေဟာ ပိုပြီး Powerful ဖြစ်လာ၊ တန်ခိုးကြီးလာတတ်ပါတယ်။


ကမ္ဘာလောကကြီးက နေ့စဉ်နဲ့အမျှ ကျွန်မတို့ကိုတောင်းခံနေတာဟာ Mental Energy လို့ခေါ်တဲ့ စိတ်စွမ်းအင်ကိုပဲဖြစ်ပါတယ်။


ဒီ Email လေးကို ဖတ်ကြည့်ပါ။

ဒီ Notification လေးကို ဖွင့်ကြည့်ပါ။

ဒီ ဓာတ်ပုံလေးကို Like လုပ်လိုက်ပါ။

ဒီ Recipe လေးကို စားကြည့်ပါ။

ဒီ Product အသစ်လေးကို သုံးကြည့်ပါ။

ဒီ သတင်းလေးကို ဖတ်ကြည့်ပါ ဆိုတာတွေဟာ ကျွန်မတို့ သတိမထားမိဘဲ နေခဲ့မိရင် အချိန်တွေကုန်၊ မျောပါသွားသလို Mind Space စိတ်ရဲ့ နေရာတွေ၊

Brain Space ဦးနှောက်ရဲ့နေရာတွေ အလဟဿ ဖြစ်သွားစေတဲ့တောင်းဆိုမှုတွေပဲ ဖြစ်ပါတယ်။


ကျွန်မတို့အာရုံထားမိတဲ့အရာတွေရဲ့ ပုံစံမျိုးတွေပဲ ကျွန်မတို့ ဖြစ်လာကြတာများပါတယ်။ ကိုယ့်ဘဝတစ်သက်တာလုံးမှာ စုပ်ယူခဲ့တဲ့၊ မျောပါခဲ့တဲ့၊ သင်ယူခဲ့တဲ့ အတွေ့အကြုံတွေကနေ ကျွန်မတို့ဟာ ကြီးပြင်းလာခဲ့ကြပါတယ်။


လူတွေသတိမထားမိတာက ကန့်သတ်မှုရှိနေတဲ့ စိတ်စွမ်းအင်တွေကိုပါပဲ။ ကျွန်မတို့သုံးနိုင်တဲ့ ပမာဏ Bandwidth ကို ကျော်သွားတဲ့အခါမှာ စိတ်တွေ၊ ဦးနှောက်တွေ ဆက်ပြီးအလုပ်မလုပ်နိုင်တော့ဘဲ ခြေကုန်လက်ပန်းကျသွားတတ်ပါတယ်။

ခေါင်းတွေကိုက်လာတယ်။ ခြေလက်မသယ်ချင်ဖြစ်လာတယ်။


တကယ်တော့ ကျွန်မတို့ရဲ့ဘဝဟာ ကိုယ်သွားစေချင်တဲ့လမ်းကြောင်းအတိုင်း သွားမနေခဲ့ဘူးဆိုရင် အဲဒါဟာ ကျွန်မတို့ရဲ့စိတ်စွမ်းအင် အရင်းအမြစ်

Energy Resources ဘယ်ကိုသွားနေသလဲဆိုတာကို ကျွန်မတို့ သတိမမူမိတဲ့အတွက်ဖြစ်ပါတယ်။


တစ်ခါတစ်လေကျတော့ ကျွန်မတို့ဟာ ခေါင်းကိုမလိုအပ်ဘဲ အရမ်းသွားသုံးနေမိတာမျိုးတွေ ရှိတတ်ပါတယ်။ တစ်နေ့တစ်နေ့ကို မိုးလင်းအိပ်ရာထကနေ အိပ်ရာဝင်သွားတဲ့အထိကို ကျွန်မတို့စဉ်းစားနေတတ်ကြပါတယ်။


နေ့တိုင်းလုပ်နေကျ အလုပ်တွေတောင်မှ ဦးနှောက်ရဲ့နေရာအတော်များများကို ယူသွားတတ်ကြပါတယ်။

Small routine tasks can occupy a lot of brain space.


မနက်ဆိုရင် မုန့်ဟင်းခါးစားမလား၊ ထမင်းကြော်လား၊ အုန်းနို့ခေါက်ဆွဲလား၊ ဘာစားမလဲဆိုတာ စဥ်းစားရပြီ။ လက်ဖက်ရည်သောက်မယ်ဆို

ချိုဆိမ့်လား၊ ပေါ့ဆိမ့်လား ကိုယ့်ကိုကိုယ် မေးရပြီ။

အလုပ်သွားရင် ဘာဝတ်ရမှာလဲ။ ဒီနေ့မိုးရွာမှာလား။

ထီးယူသွားရမှာလား။


ဒီကြားထဲ ဒီနေ့မနက် ဖြစ်နေကြတဲ့ပွဲမှာ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ။ ဘယ်သူက ဘာတွေ ဆက်တင်နေသေးလဲ စသည်ဖြင့်ပါ။


ဒါတွေဟာ တစ်နေ့တာရဲ့ အရေးကြီးတဲ့ အလုပ်ကိစ္စတွေ၊ စကားပြောဆိုမှုတွေအတွက် ဆုံးဖြတ်ရတာ မပါသေးပါဘူး။ ဒါပေမဲ့ အဲဒီအသေးအဖွဲလေးတွေနဲ့

ကိုယ့်ဘဝနဲ့ ဘယ်လိုမှသက်ဆိုင်ခြင်းမရှိတဲ့ သူများ ကိစ္စတွေ စဥ်းစားအ​ဖြေရှာ စပ်စုနေရတာနဲ့တင်

ခေါင်းတွေ အတော်ရှုပ်သွားရပါပြီ။


ဒါတွေကို စုပ်ထုတ်ပစ်လိုက်ဖို့လိုပါတယ်။ မလိုအပ်တဲ့အရာတွေ အကျိုးမရှိတဲ့အရာတွေကို Vent လုပ်လိုက်ပါ။ စိတ်ထဲမှာ လေးပင်နေတဲ့အရာတွေကို Unload လုပ်ပစ်ရပါမယ်။ ဝန်လျှော့ပေးရပါမယ်။

မိနစ်သုံးဆယ်လောက် အဲဒီအရာတွေ၊ ကိုယ့်ကို ကလိနေတဲ့အတွေးတွေ Nagging Thoughts တွေကနေ ဝေးဝေးနေပြီး ကိုယ့်ရဲ့စိတ်ကို ပြန်ပြီး Reset ချကြည့်ပါ။


သွက်လက်ချင်တယ်ဆို ပေါ့ပါးအောင် နေတတ်ဖို့လိုပါတယ်။ အရေးကြီးတာ အကျိုးရှိတာကိုပဲ တွေးမယ်လို့ ဆုံးဖြတ်ပါ။


စိတ်စွမ်းအင်ဟာ ဘယ်လောက်ထိ တန်ဖိုးရှိတယ်ဆိုတာမမေ့ပါနဲ့။ ဦးနှောက်ရဲ့ သိုလှောင်သိမ်းဆည်းနိုင်မှု နေရာအကျယ်အဝန်း Storage Space ဟာ အကန့်အသတ်ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။


 
 
 

Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.
  • Facebook
  • Youtube
bottom of page