top of page
Search

တစ်ခါဘုရားသွားတော့ အမျိုးသမီးတစ်ယောက်က ဘေးမှာဘယ်သူမှရှိမနေတဲ့အတိုင်းပဲ အကျယ်ကြီးဘုရားစာတွေရွတ်နေတာပါ..

  • Jan 4
  • 1 min read

ree

ရွတ်နေရင်း အိပ်ချင်တော့ ဝါးကနဲသန်းလိုက်သေးတယ်။ ဒါကိုလည်း အနောက်ကထိုင်နေတဲ့ကျွန်မက ကိုယ်ရွတ်စရာရှိတာကိုမရွတ်ဘဲ သူ့ဆီမှာစိတ်ရောက်ပြီး အကုန်လိုက်သိနေသေးတယ်။ နည်းနည်းတိုးပြီးရွတ်ပေးပါလားလို့ သွားပြောချင်တဲ့စိတ်တောင်ပေါ်ပါတယ်။


ဘုရားက တိတ်ဆိတ်ငြိမ်သက်မှုကိုလိုလားတယ်လေ။ ဘုရားရှေ့ရောက်နေပြီးတောင် မသိဘူးလားလို့ စိတ်ထဲကလည်းအပြစ်တင်နေမိသေးတာပါ။ ဘုရားရှိခိုးနေတဲ့တောက်လျှောက် စိတ်ဖိစီးမှုတွေဖြစ်နေပါတယ်။ တခြားသူတွေတော့ ဘယ်လိုလဲမသိဘူး။ ကျွန်မကတော့ ငုတ်တုတ်ထိုင်ပြီး ပါးစပ်ကပွစိပွစိသာလုပ်နေခဲ့တာ၊ ကုသိုလ်မရခဲ့ဘူး။ ရွတ်တဲ့သူက ကုသိုလ်ရမရမသေချာပေမယ့် သေချာတာကတော့ ကျွန်မသည် အကုသိုလ်ရပြီးပြန်လာခဲ့တာပါပဲ။


ပြီးတော့မှ ဘုရားမှာကုန်ခဲ့ရတဲ့အချိန်အတွက် နှမြောမိပါတယ်။ တခြား တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ သွားထိုင်လိုက်ပြီး ဘုရားရှိခိုး၊ ဝတ်ပြု၊ တရားထိုင်ရင်လည်း ရရဲ့သားနဲ့ ဘာဖြစ်လို့ဒီတန်ဆောင်းမှဒီတန်ဆောင်းသွားထိုင်ချင်နေရတာလဲ။ အဓိဌာန်တွေအောင်လို့လား။ ပွဲတွေပေးကြလို့လား။ ဆုတောင်းပြည့်ချင်လို့လားလို့ ကျွန်မကိုကျွန်မပြန်ပြီးမေးကြည့်ပါတယ်။ များသောအားဖြင့် လူတွေက ဘုရားနဲ့နီးချင်ကြတယ်။ ဘုရားအလုပ်၊ တရားအလုပ် လုပ်ကြတယ်ဆိုပေမယ့် တကယ်တမ်း ဘုရားစကားကျတော့ နားမထောင်တတ်ကြပါဘူး။


တစ်ဘဝလုံး ဘုရားစာတွေရွတ်၊ ပုတီးတွေစိတ်၊ အဓိဌာန်ဝင် ဒါမျိုးတွေမလုပ်ဘဲ ဘယ်သူ့ကိုမှဒုက္ခမပေး၊ အနှောင့်အယှက်မပေး၊ မနာကျင်စေဘဲ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နေသွားတဲ့ လူမျိုးတွေရှိပါတယ်။ မေတ္တာသုတ်တွေ အကြိမ်ပေါင်းများစွာ ရွတ်နေတာတော့မဟုတ်ဘူး။ ဒါပေမယ့် တကယ်ကို မေတ္တာတရားနဲ့ငြိမ်းချမ်းနေတဲ့သူတွေ တွေ့ဖူးပါတယ်။ ဒီလိုလူတွေကိုတွေ့ရတဲ့အခါမှာ ဘုရားစကားကိုနားထောင်တဲ့သူတွေ ဘုရားနဲ့အနေနီးသူတွေလို့ မြင်မိပါတယ်။


ဘုရားစာတွေချည်း စွတ်ရွတ်နေတာကဘုရားစကားနားထောင်တာမဟုတ်ပါဘူး။ ဘဝက အခက်အခဲတွေနဲ့ တစ်ခါတစ်လေ စမ်းသပ်တတ်တယ်။ တစ်ခါတစ်ရံ ဘေးဒုက္ခတွေ၊ မရေရာမှုတွေကြားမှာ ကိုယ့်ရဲ့စိတ်ကို ဘယ်လိုထားရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ရတတ်တယ်။ ဒီလိုအချိန်တွေမှာ ဘုရားကိုသတိရလာတတ်ကြတယ်။ ကုသိုလ်တွေလုပ်ရမယ်။ ယတြာတွေချေရမယ်။ ပွဲတွေထိုးရမယ်အစရှိသဖြင့် လုပ်တတ်ကြပါတယ်။


တကယ်တော့ ဘဝမှာ အခက်အခဲတွေ အဆင်ပြေဖို့ ဘုရားစာရွတ်ရုံနဲ့ ဒုက္ခတွေက အဆုံးသတ်သွားတာမဟုတ်ဘူးပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ ဘုရားရှိနေတဲ့အခါ ဒုက္ခကြားထဲမှာပဲ စိတ်အေးချမ်းမှုတစ်ခုရတယ်ဆိုတာကို သိရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဘုရားအလုပ် တရားအလုပ်လုပ်တယ်ဆိုရင် စိတ်အေးချမ်းမှုရှိနေဖို့ အရေးကြီးပါတယ်။ ဘုရားရှေ့သွားထိုင်နေပြီး စိတ်က ပူလောင်နေတယ်ဆိုရင်အလကားပါပဲ။


ယခုနှစ်ပိုင်းတွေအတွင်းမှာ ဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေဟာ ဘုရားနဲ့ အနေနီးဖို့၊ ကိုယ့်ဘဝကို ပြန်လည်ဖန်တီးဖို့ အခြေခံပန်းတိုင်ဖြစ်ခဲ့တယ်။ ကျေးဇူးတင်တဲ့စိတ်နဲ့ စိတ်ထဲမှာဖြစ်လာတဲ့ငြိမ်းချမ်းမှုဟာ ဘုရား ရင်ထဲမှာရှိနေတဲ့အခါဖြစ်ပေါ်လာတယ်ဆိုတာကို သိခဲ့ရပါတယ်။


Peace is not the absence of turmoil but the presence of God. အင်္ဂလိပ်ဆိုရိုး စကားလေးတစ်ခုရှိပါတယ်။


ဒီစကားက ငြိမ်းချမ်းမှုဆိုတာ ဒုက္ခတွေမရှိတာမဟုတ်ဘဲ ရင်ထဲမှာ ဘုရားရှိနေတဲ့အတွက် စိတ်အေးချမ်းမှုရတယ် ဆိုတာကို ပြောပြနေတာပါ။ ရင်ထဲမှာဘုရားရှိနေတယ်..ဘုရားစကားကိုနားထောင်နေတယ်ဆိုရင် စိတ်အေးချမ်းမှုရနေတာပါပဲ။ ဘုရားနဲ့လည်း တကယ်နီးနိုင်ပါစေ။ ဘုရားစကားကိုလည်းနားထောင်တတ်ပါစေ။


မွန်ဟော်စီ

၂၀၂၅

 
 
 

Comments


Follow our channels

  • Facebook
  • Youtube

Subscribe for more information!

Thanks for submitting!

bottom of page