top of page
Search

မင်္ဂလာပွဲတစ်ခုနဲ့ စိတ်အတွင်းခရီး

  • Jul 17
  • 2 min read

Rain falls over lush green foliage, creating a serene mood. Text in white and yellow is overlaid with "Mon Halsey" at the top.

တစ်ရက်က မင်္ဂလာ အခမ်းအနားတစ်ခုကိုသွားဖြစ်ပါတယ်။ အဲဒီကိုရောက်တော့ မိတ်ဆွေတစ်ယောက်ပြောတဲ့ အကြောင်းအရာလေးတစ်ခုကိုပြန်သတိရမိပါတယ်။


သူက မင်္ဂလာဆောင်တွေဆိုရင်မကြိုက်ဘူး။ ဖြစ်နိုင်ရင်မသွားဘူး။ မလွဲသာမှပဲ သွားတယ်။ မင်္ဂလာပွဲတွေသွားတဲ့အခါ ..ဒီအတွဲကတော့ ဘယ်တော့ကွဲမလဲမသိဘူး..။ ဒါတွေကအပေါ်ယံတွေပါ..။အချစ်စစ်မဟုတ်ဘူး.. အစရှိသဖြင့် တွေးမိတယ်လို့ပြောပါတယ်။ ပြီးတော့ သူကပဲ ရယ်ရယ်မောမောနဲ့... အခုတော့သိပြီ။ ဘာဖြစ်လို့ဒီလိုတွေးမိတာလဲဆိုရင် ကိုယ်က အဲလိုမှ မင်္ဂလာမဆောင်ခဲ့ရတာလေ..လို့ ပြောပါတယ်။ ကိုယ့်အကြောင်းကို ဒီလို ရယ်ရယ်မောမောနဲ့ ပြန်ပြောနိုင်တယ်ဆိုတာကလည်း စိတ်ထဲမှာရှိတဲ့ နှလုံးသားဒဏ်ရာ အနာကျက်သွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။


အဲဒီအကြောင်းကို ကိုယ့်အတွေ့အကြုံခံစားချက်တွေနဲ့ဆက်စပ်ပြီးတော့ စဉ်းစားကြည့်နေပါတယ်။ တက်ရောက်ရတဲ့ပွဲဟာ အင်မတန်မှကျက်သရေမင်္ဂလာနဲ့ပြည့်စုံတဲ့အခမ်းအနားလို့ပြောရမှာပါပဲ။ လူတွေကို စိတ်ဝင်စားတဲ့သူမို့လို့လားတော့မသိဘူး။ အဲဒီလိုမျိုးပွဲတွေ သွားရတဲ့အခါမှာ လိုအပ်တာထက်ပိုပြီးတော့ ဖုန်းကြည့်နေတာတို့ ဘာတို့မလုပ်ဘဲ ကိုယ်နဲ့အတူတူထိုင်နေတဲ့သူတွေ၊သီဆိုဖျော်ဖြေနေတဲ့သူတွေ၊ပွဲရှင်တွေ ၊မိသားစုတွေကို အမြဲတမ်းစိတ်ဝင်တစားနဲ့အလေးထားကြည့်မိပါတယ်။


ဒီပွဲမှာ ချစ်ခြင်းမေတ္တာတွေကိုမြင်ရတယ်။ ချစ်စရာကောင်းတာတွေကိုမြင်ရတယ်။ မျက်နှာတွေပြုံးနေတာ၊ကျေနပ်နေတာကိုကြည့်ပြီး ကိုယ့်ရဲ့မျက်နှာလည်းလိုက်ပြီးတော့ ပြုံးနေခဲ့မိတယ်။ ပြီးတော့ ဒီအခိုက်အတန့်လေးတွေဟာ ဒီမိသားစုဝင်တွေအတွက် အင်မတန်တန်ဖိုးရှိတာပဲ။ ဓာတ်ပုံကင်မရာ၊ Video ကင်မရာ တွေရှေ့မှာ လင်းလက်သွားတဲ့အပြုံးကလေးကအစ တဖျတ်ဖျတ်နဲ့ဖြစ်ပေါ် ပြီး ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားတယ်။ ဒီအခိုက်အတန့်လေးတွေ လှပလွန်းလို့ အလုအယက် မှတ်တမ်းတင်နေကြတာအဓိပ္ပါယ်ရှိတယ်။ ဒီအချိန် ..ဒီပွဲမှာ.. ဒီလိုအပြုံးလေးနှစ်နှစ်ကာကာ ပြုံးလိုက်တာက ဒီတစ်သက်မှာတစ်ခါပဲ။ နောက်အပြုံးလေးတွေရှိလာနိုင်သေးပေမယ့် ဒီနေ့ ဒီအချိန်မှာ ပြုံးခဲ့တဲ့ အပြုံးလေးကတော့ ဘယ်တော့မှပြန်ရတော့မှာမဟုတ်ဘူး။ ဒီလိုအခိုက်အတန့်လေးတွေဟာ နစ်ဝင်ပျော်ရွှင်နေခိုက်မှာ တကယ်ကို ဘဝရဲ့တစ်သက်တာအမှတ်တရတွေဖြစ်သွားကြတယ်..ဆိုတဲ့သဘောလေးကိုတွေ့မိတယ်။ အဖြစ်အပျက်သဘောတွေလည်း ဆင်ခြင်လိုက်မိပါတယ်။


ကိုယ့်ရဲ့စိတ်ကိုဆန်းစစ်မိတဲ့အခါ အများကြီးပြောင်းလဲလာတာကိုတွေ့ရတယ်။ အရင်တုန်းက ဒီလိုပွဲတွေသွားရင် လူတကာကိုကြည့်ပြီး ဝေဖန်နေတာများတယ်။ ဧည့်သည်တွေအနေနဲ့ ဒီလိုတွေမလုပ်သင့်ဘူး။ ဖိတ်စာက ဒီလိုမရိုက်သင့်ဘူး။ ပွဲရှင်တွေက ဒီလိုမပြောသင့်ဘူး။ ကလေးတွေကဆူညံတယ်။ ခေါ်မလာသင့်ဘူး။ ဒီသီချင်းမဆိုသင့်ဘူး။ ဒီလိုမဝတ်သင့်ဘူး။ အစရှိသဖြင့် လိုက်ကြည့်ပြီး မြင်သမျှက မျက်စိထဲမှာ မတည့်တာတွေဖြစ်နေတယ်။ Negative တွေများနေတယ်။ အဲဒီလိုအတွေးတွေနဲ့ စာတွေလည်းအများကြီးရေးခဲ့ဖူးပါတယ်။ အများကြီးလည်း အဆဲခံခဲ့ရဖူးပါတယ်။မှန်တယ်ထင်လို့ပြောတာ..၊ပြင်စေချင်လို့ရေးတာ ဆိုတဲ့ မာန်တင်းထားခဲ့ပေမဲ့ အတွင်းထဲက စိတ်အခံက မပြည့်တာ၊ မကြည်တာကို ခုမှပဲခံစားတတ်ခဲ့ပါတော့တယ်။


အဲဒီလိုပြောလိုက်ရတဲ့အခါ၊ရေးလိုက်ရတဲ့အခါမှာ စိတ်ကကျေနပ်တယ်။ ငါပြောတာကတော့ ထိသွားပြီဆိုတာမျိုးဖြစ်တယ်။ အခု ဒါကိုပြန်တွေးမိတော့ အဲဒီအချိန်တုန်းက ငါဟာ သူများတွေပျော်နေတယ်၊ လှနေတယ်၊ ချစ်နေတယ်ဆိုတာကို ဘာဖြစ်လို့ ဝမ်းသာမပေးနိုင်ခဲ့တာလဲ။ သူတို့လိုဘာလို့မပျော်နိုင်ခဲ့တာလဲလို့ ပြန်မေး

မိတယ်။ ကိုယ့်ကိုယ်ကိုယ် မြင်လာတာတွေရှိပါတယ်။ ကိုယ်ဖန်တီးပြောဆိုလိုက်တဲ့ စကားလုံးတွေထဲမှာပဲ လုံးထွေးရစ်ပတ်ပြီး နေ့တိုင်းအချိန်တိုင်းမှာ အရှုံးကြီးရှုံးနေခဲ့တဲ့သူ ဆိုတာ ကိုယ့်ဘာကိုယ်ပြန်ပြီးမြင်ယောင်လာတယ်။


ဒီလိုမျိုးတွေးခဲ့မိတယ်ဆိုတာတွေက Just Thoughts ဆိုတဲ့အတွေးတွေမျှသာလို့ ပြောလို့မရပါဘူး။ ဒီလိုအတွေးတွေ၊ ခံစားမှုတွေဟာ အနာမကျက်သေးတဲ့နှလုံးသားက တီးတိုးပြောဆိုနေတဲ့ စကားသံတွေဖြစ်ပါတယ်။ ပုံစံတစ်မျိုးနဲ့ ကန်ထွက်လာတဲ့စိတ်အတွင်းက နာကျင်မူတွေဖြစ်တတ်ပါတယ်။နှလုံးသားကမကျေနပ်မှုတွေ ၊အဆင်မပြေမှုတွေနဲ့ လေးလံနေတဲ့အခါမှာ တခြားသူတွေရဲ့ပျော်ရွှင်မှုကို အလွယ်တကူပဲ ဝေဖန်တတ်လာပါတယ်။ ဒါပေမဲ့ အဲလိုလုပ်လိုက်ခြင်းဟာ အပြောခံရတဲ့သူတွေအနေနဲ့ ဘာမှမဟုတ်ပေမယ့် ပြောလိုက်တဲ့သူအနေနဲ့က အရှုံးကြီးရှုံးသွားတာပါပဲ။ ဘယ်သူမှမမြင်ဘူးဆိုတာမှန်ပေမဲ့ တိတ်ဆိတ်စွာ ရင်ထဲမှာ ရှုံးသွားတယ်။ စာမေးပွဲကျသွားတယ်။


ဥပမာ မင်္ဂလာအခမ်းအနားတစ်ခုမှာ မင်္ဂလာမောင်နှံကိုကြည့်ပြီး သူတို့တွေ ကံကောင်းလိုက်တာ၊ ချစ်တတ်လိုက်တာ၊ ပျော်ရွှင်နိုင်ကြပါစေ..အဲဒီလို မုဒိတာပွားပေးနိုင်တယ်ဆိုရင် ဒါဟာ ကုသိုလ်စိတ်ဖြစ်တာပါပဲ။ အဲဒီလိုစိတ်ထားနိုင်တဲ့အချိန်ဟာ ကိုယ့်အတွက် Win ဖြစ်သွားတဲ့အချိန်လို့ ပြောရမှာဖြစ်ပါတယ်။


Win ဆိုတာကို အခုတော့ စာမေးပွဲတွေစစ်တဲ့အခါမှာ အောင်တယ်လို့ပြောကြတာဖြစ်တယ်။ ဒါပေမဲ့ ဒီလိုအောင်နိုင်မှုဟာ သူများတွေအပေါ် အောင်နိုင်လိုက်တာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်စိတ်ထဲမှာ တိုက်ခတ်နေတဲ့ စိတ်မုန်တိုင်း၊စိတ်လေရိုင်းကို အောင်မြင်လိုက်တာဖြစ်ပါတယ်။


စဉ်းစားကြည့်ကြမယ် ဘဝဆိုတာ ဘာမှကြိုတင်ခန့်မှန်းလို့မရဘူး။ ပျော်စရာနဲ့ဝမ်းနည်းစရာ၊ အချစ်နဲ့အမုန်း၊ ရရှိခြင်းနဲ့ဆုံးရှုံးခြင်း ဒီအရာတွေအကုန်လုံးဟာအမြဲတမ်း တည်မြဲနေတဲ့အရာမဟုတ်ဘူး။ လူတွေလည်း ဒီသဘောအတိုင်းပါပဲ။ ပေါ်လာတယ်၊ ပျောက်သွားတယ်။ တစ်သက်လုံးထိပ်ဆုံးရောက်နေတဲ့သူဆိုတာလည်းမရှိဘူး။ အောက်ကနေ ဘယ်တော့မှပြန်မတက်နိုင်တဲ့လူဆိုတာလည်းမရှိဘူး။ အနတ္တဆိုတာအမှန်တရားပါပဲ။ ငါဆိုတဲ့အရာကို အတည်ယူထားလို့မရဘူး။ ဘယ်ခံစားချက်ကိုမှ ဆုပ်ကိုင်ထားလို့မရဘူး။ အရာအားလုံးဟာ ပြောင်းလဲနေတယ်။ ပြောင်းလဲသွားတယ်။ Everything changes and passes.


ဘဝဆိုတာစာမေးပွဲတစ်ခုလို့ဆိုရင် ကိုယ့်ရဲ့အတွင်းစိတ်ဟာ ပျော်ရွှင်မှုတွေ၊ဝမ်းနည်းမှုတွေ ၊နာကျင်မှုတွေ၊ အားကျမှုတွေ၊ စိုးထိတ်မှုတွေ၊ကြောက်ရွံ့မှုတွေ၊သိမ်ငယ်မှုတွေကို ဘယ်လိုပုံစံနဲ့ တုံ့ပြန်ဖြေရှင်းနေသလဲဆိုတာကို စစ်ဆေးနေတဲ့ စာမေးပွဲဖြစ်ပါတယ်။တစ်ယောက်ယောက်က ပျော်ရွှင်နေတယ်ဆိုတာကိုကြည့်ပြီး ငြိမ်းချမ်းမှုကိုခံစားရတယ်ဆိုရင် အဲဒါစာမေးပွဲအောင်တာပဲလေ။ တစ်စုံတစ်ယောက်ကိုကြည့်ပြီး မဝေဖန်ခင်မှာ ကရုဏာစိတ်နဲ့နားလည်တတ်ဖို့ အချိန်လေးပေးနိုင်မယ်ဆိုရင် ကိုယ်ဟာစာမေးပွဲအောင်တဲ့သူပါပဲ။


တစ်ယောက်နဲ့တစ်ယောက်သွားနေတဲ့ Timeline တွေကမတူကြဘူး။ ဥပမာ ကိုယ်ကမွေးလာတဲ့နေ့ကစပြီး ကိုယ်ပိုင်ကားစီးခွင့်ရခဲ့ပေမယ့် တစ်ယောက်ကတော့ အခုအရွယ်ကျမှ စျေးပေါပေါကားကလေးကို ဝယ်စီးနိုင်တယ်ဆိုတာမျိုးက ကိုယ့်အတွက် ဘာမှမဟုတ်ပေမယ့် သူ့အတွက်ကတော့ နတ်ပြည်အထိရောက်သွားတဲ့ပျော်ရွှင်မှုမျိုးဖြစ်နိုင်ပါတယ်။ ဒါက မနာလိုဖြစ်ရမယ့်အရာမဟုတ်ဘဲ ပျော်ရွှင်ပေးရမယ့်အရာဖြစ်ပါတယ်။ မုဒိတာပွားပေးရမယ့်အရာမျိုး ဖြစ်ပါတယ်။ မတူညီတဲ့ Timeline တွေကို ဘာဖြစ်လို့လိုက်ညှိချင်ရတာလဲ။


ကိုယ့်ရဲ့နှလုံးသားဟာ ဘယ်လိုမှ မပျော့ပြောင်းနိုင်ဘဲ တင်းမာနေတယ်ဆိုရင် အရှုံးကြီးရှုံးပါတယ်။ နူးညံ့ပျော့ပျောင်းတဲ့စိတ်နဲ့ အရာရာကို လက်လွှတ်နိုင်တယ်၊ ကြည်နူးပေးနိုင်တယ်ဆိုရင် စာမေးပွဲအောင်ပါတယ်။ ဒါကြောင့် ဘယ်နေရာပဲရောက်ရောက်၊ဘယ်ပွဲပဲသွားသွား၊ဘယ်သူနဲ့ပဲတွေ့တွေ့ ကိုယ့်ရဲ့ဘေးနားမှာရှိတဲ့အရာသေးသေးလေးတွေကအစ သတိထားပြီးကြည့်,ကြည့်ပါ။ အဖြစ်အပျက်တွေ၊အသံတွေ၊အရုပ်တွေနဲ့ ထိတွေ့တိုင်းမှာ ကိုယ့်ရဲ့နှလုံးသားဟာ ဘယ်လိုပုံစံပြောင်းလဲသွားသလဲ။ နူးညံ့သိမ်မွေ့စွာ တုံ့ပြန်လှုပ်ရှားနေတာလား။ မနာလိုမှု၊ဝန်တိုမှု၊မကျေနပ်မှုတွေနဲ့ ကြမ်းတမ်းရိုင်းစိုင်းစွာ တုံ့ပြန်လှုပ်ရှားနေတာလား။ စိတ်ဟာနေ့စဉ်နဲ့အမျှ၊ အချိန်နဲ့အမျှ စာမေးပွဲတွေစ-စ်ခံနေရတာဖြစ်ပါတယ်။


စိတ်ရဲ့လွတ်မြောက်မှုကိုရဖို့အတွက် ခြေလှမ်းသေးသေးလေးတွေနဲ့ပဲ စတင်လိုက်ပါ။ အနတ္တရဲ့သဘောကိုသိတဲ့သူမှန်သမျှဟာ အရာအားလုံးရဲ့မတည်မြဲမှုကိုလည်း လက်ခံသိရှိနေပါတယ်။ ဒါက ဘယ်တော့မှ လဲဖြိုလို့မရနိုင်တဲ့ စိတ်ရဲ့ အောင်နိုင်ခြင်းတစ်ခုလည်းဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၅

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page