top of page
Search

အမှောင်ထုကြီးထဲမှာပဲ အလင်းစက်တွေ အများကြီး ရှိသေးတယ်..။

  • Mar 22, 2023
  • 1 min read

Updated: Mar 24, 2023

လူတွေက..

ကိုယ်လိုချင်တာ ရတယ်ဆိုရင် ပျော်ရွှင်တယ်.. လိုချင်တာမရဘူး .. သို့မဟုတ် ရလာတာတွေကိုမလိုချင်ဘူး.. ဆိုရင်တော့ စိတ်ဆင်းရဲ ကြတာ သဘာဝပဲဖြစ်တယ်..


ဘာပဲရလာရလာ..ရတာလေးကို ကျေနပ်မယ်လို့တွေး..ဆိုပေမဲ့

တစ်ခါတလေကျတော့..ဘဝမှာရလာတဲ့အရာတွေက ပျော်ရွှင်ပြီးလက်ခံယူဖို့တောင်ခက်ခဲရတဲ့ အခြေအနေတွေဖြစ်တယ်..


ဥပမာ လုံးဝ..ကုလို့မပျောက်တော့မဲ့ရောဂါမျိုး ဖြစ်လာတယ်ဆိုတာမျိုးပေါ့..


Living with gratitude

ကျေးဇူးတရားနဲ့အသက်ရှင်နေထိုင်မယ်..

Living with Positive thinking ကောင်းမွန်သောအတွေးတွေနဲ့ နေထိုင်မယ် ဆိုတဲ့စကားတွေက..

သေဖို့အကြောင်းပေါ်လာတဲ့အခါ.. ဘယ်လိုမှမဖြစ်နိုင်ဘူး ..လို့ ဆိုတတ်ကြတယ်..


ဒါတွေမတွေးနိုင်ဘူး.. နာနေရတာ..ခံနေရတာပဲသိတယ် ..မယုံရင် နင်တို့ငါ့နေရာမှာ..လာခံကြည့်လိုက်ကြလေဆိုတဲ့ ဒေါသပဲပေါ်လာတယ်..လို့ တစ်ယောက်ပြောတာ ကြားဖူးတယ်..


ကိုယ်ကတော့ တစ်မျိုးတွေးမိတာပဲ.. မဖြစ်ဖူးသေးလို့..မစာနာတတ်လို့တော့မဟုတ်ဘူး...ဒါပေမဲ့

တကယ်တော့ Gratitude တို့ Positive Thinking တို့ဆိုတာ ဒီလို သေကောင်ပေါင်းလဲ ဖြစ်နေတဲ့အချိန်..ဘဝရဲ့ အခက်ခဲဆုံး.. အမှောင်မိုက်ဆုံး အခြေအနေတွေမှာ နှလုံးသွင်းနိုင်မှပဲ စိတ်ရဲ့ တည်ငြိမ်အေးချမ်းမှုကိုရမှာ ဖြစ်ပါတယ်..


ကျွန်မတို့က ဝေဒနာကို Resist လုပ်တတ်ကြတယ်.. ငြင်းဆန်တတ်တယ် ..နာရတာကို ဘယ်သူမှ မကြိုက်ကြဘူး ..ကိုယ့်မှာ ဖြစ်ရင်လည်း မကြိုက်ဘူး ..ကိုယ်ချစ်တဲ့သူမှာ ဖြစ်ရင်လည်း မကြိုက်ဘူး..


မကြိုက်တာတွေကို ဒေါသနဲ့ တုံ့ပြန်တတ်ကြတာလည်း သဘာဝပဲ ဖြစ်ပါတယ်..


မသိကြတာက ဒေါသနဲ့ တုံ့ပြန်.. တင်းခံလေ ပိုပြီးနာကျင်ရလေပါပဲ..

ရုပ်မှာ နာကျင်ရတာထက် စိတ်မှာပါနာကျင်လာရတာပါ..


ဒါကြောင့် ကိုယ်ခန္ဓာသာ နာပါစေ ..စိတ်မနာပါစေနဲ့လို့လည်း ဆရာတော် ဦးဇောတိက တရားထဲမှာ နာခဲ့ရဖူးတယ်..


ဝေဒနာပေါ်လာရင်

ဘာဖြစ်လို့ ငါကျမှ ဖြစ်ရတာလဲ ဆိုတဲ့ အတ္တနဲ့ တင်းခံကြည့်..။

ငါတော့ သေပြီထင်တယ် ဆိုတဲ့ ကြောက်စိတ်နဲ့ တုံ့ပြန်..React လုပ်ကြည့်..။

ငါဒါကြီးကို မုန်းလိုက်တာ ဆိုတဲ့ ဒေါသစိတ်ဖြစ်ကြည့်..။ကိုယ်မှာ နာရုံတင်မက..စိတ်မှာပါ နာရတာမို့ မိအေးနှစ်ခါနာတာပါပဲ..


သေခါနီးအချိန်မှာ..အနားမှာ လုပ်ကိုင်ပေးတဲ့ မိသားစုတွေ

ကို ဆဲဆိုပြီး အသက်ထွက်သွားတဲ့ လူမျိုးလည်း တွေ့ဖူးတယ်..


အစ်မတစ်ယောက်ကတော့ Cancer ဖြစ်တယ်.. သူ့လောက် ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်တဲ့သူမရှိဘူး..ဒါကြီးဖြစ်လာတော့..သူကိုယ်တိုင် အံ့သြမိတယ် ..တဲ့..


ဒါပေမဲ့ သူ့အတွက်က..ဒီရောဂါဟာ မျိုးရိုးလိုက်ပြီး..Generation ကြောင့်ဖြစ်လာတာ..မိဘတွေရဲ့ စည်းစိမ် ဥစ္စာ အမွေအနှစ်တွေ..ကောင်းတဲ့အရာတွေကို ဆက်ခံရယူခဲ့ပြီး..ရောဂါကျမှ မယူချင်ဘူးဆိုလို့ ဘယ်ရမလဲ..သူလက်ခံလိုက်ပါတယ်တဲ့..


အဲဒီလို လက်ခံတော့ စိတ်လည်း အေးချမ်းသွားတယ်..အဲဒီအစ်မက Cancer ကိုလည်း တိုက်ထုတ်နိုင်ခဲ့သလို အလုပ်တွေလည်း အများကြီး လုပ်နိုင်ခဲ့တယ်..


ဒါက Living with Gratitude / Positive Living ဆိုတာကို အကောင်းဆုံး သက်သေပြချက်တွေပဲ ဖြစ်ပါတယ်..


ကျွန်မအမျိုးသားဆိုရင်လည်း လက်ခံတတ်တဲ့စိတ်နဲ့ပဲနေတယ်..သူ့လို ရှားပါးတဲ့ ရောဂါမျိုးမှာ သူ့လောက် အေးချမ်းတဲ့ လူနာမျိုး ကျွန်မ တစ်ခါမှကို မမြင်ဖူးဘူး..


သူ့ရောဂါနဲ့ ပတ်သက်တဲ့ နိုင်ငံရပ်ခြားက Group တွေ.. ကျွန်မ လိုက်ဝင်ထားတာရှိတယ်..ကျွန်တော်က ဘယ်လို ဖြစ်နေပြီ..ကျွန်မ ယောကျာ်းကတော့ ဘယ်လို.. ကျွန်မ အမေကတော့ ဘယ်လို အစရှိသဖြင့် အကြံဉာဏ်တောင်းကြ..ရင်ဖွင့်ကြ..ဆဲတဲ့သူကဆဲ..ငိုတဲ့သူကငို..ကွယ်လွန်တဲ့သူကကွယ်လွန်..အခြေအနေကောင်းတဲ့သူကလည်း ပြုံးပျော်တာပေါ့လေ..


ကျွန်မ အမျိုးသားနဲ့ ယှဥ်ကြည့်ပြီး သြော်..သူ တည်ငြိမ်လိုက်တာလို့ တွေးမိတယ်..သူ့ဘေးက

ကျွန်မလည်း တည်ငြိမ်ပါတယ်..လက်ခံထားလိုက်လို့ပါပဲ..


ဖြစ်လာတဲ့အခြေအနေတွေမှာအကောင်းဆုံးတွေကိုရသလောက်ဖန်တီးသွားမယ်.. ချုပ်ကိုင်ပြောင်းလဲလို့မရတဲ့အရာတွေအတွက်တော့စိတ်ဆင်းရဲ မနေတော့ဘူး..


ဆရာတစ်ယောက်က အမှောင်ထုကြီးထဲမှာပဲ အလင်းစက်တွေ အများကြီး ရှိသေးတယ်ဆိုလို့..အတော် စိတ်ဆင်းရဲရတဲ့ အမှောင်ဆုံး အချ်န်တွေမှာ..အလင်းစက်တွေကို လိုက်ရှာနေမိပါတယ်..ကျွန်မတွေ့ခဲ့ပါတယ်..


မိတ်ဆွေတစ်ယောက်ဆိုရင်.. တရားထိုင်မယ်ဆိုပြီး မထိုင်ဖြစ်ခဲ့ဘူး.. နောက်ဆုံး ရောဂါဖြစ်ပြီဆိုတော့ ရှိသမျှအလုပ်တွေ အကုန်ဖြတ်.. တရားထိုင်တဲ့ဆီရောက်သွားတယ်..


..မဆုံးခင် တစ်နှစ်လောက်အတွင်းမှာ တရားကို Solid ရအောင် အားထုတ်သွားနိုင်တာတွေ့ရတယ်..သူကတော့ ဒီရောဂါမျိုးဖြစ်ရတာတန်လိုက်တာတဲ့ ..

အမှောင်ထဲမှာ..အလင်းစက်တွေအများကြီး ရှာတွေ့သွားခဲ့တာပါပဲ..


ဆုပ်ကိုင်ထားသမျှ မောပန်းတယ်..

လက်ခံပြီးလွှတ်ချတတ်ရမယ်..


လိုချင်တာတွေရလာတယ်..

မလိုချင်တာတွေရလာရင်ရော..အဲဒီထဲက ဘာအကောင်းဆုံးရအောင် လုပ်နိုင်သလဲဆိုတော့ ကျွန်မတို့ရဲ့ ရွေးချယ်မှုပါပဲ..


မွန်ဟော်စီ

၂၀၂၃ March


#မနက်စာအာဟာရ


Photo

FreeStock


 
 
 

1 Comment


Unknown member
Mar 23, 2023

အမှောင်ထဲမှာ အလင်းစက်တွေအများကြီး ရှိနေ တာကို


အမှောင်ထဲကနေ အလင်း ကိုသွား ရွေးချယ်တဲ့ လူသားတယောက်ဖြစ်ဖို့


Motivational Support ရစေပါတယ် မမွန် 😍😘🥰❤️😊

Like

Follow our channels

  • Facebook
  • Youtube

Subscribe for more information!

Thanks for submitting!

bottom of page